မိုးရာသီ ခရီးသွားခြင်း၏ အားသာချက်များ

မိုးရာသီ ဖြစ်ပေမဲ့လည်း ပုဂံဒေသသို့ ခရီးသွားလာနိုင်။ ဓာတ်ပုံ - အီးပီအေမိုးရာသီ ဖြစ်ပေမဲ့လည်း ပုဂံဒေသသို့ ခရီးသွားလာနိုင်။ ဓာတ်ပုံ - အီးပီအေ

ဘယ်သူက စတင်လိုက်မှန်း မသိတဲ့ မိုးရာသီကို ခရီးအသွားနည်းတဲ့ရာသီ (Low Season) လို့
ခေါ်ဝေါ်သတ်မှတ်နေခြင်းကြောင့် အားလုံးက နေပူဖုန်ထူတဲ့ နွေနဲ့ ဆောင်းရာသီအတွင်းသာ
ခရီးအသွားများကြလို့ ခရီးသွားရာသီလို့တောင် ဆိုကြပါတယ်။

အားလုံးသိထားတဲ့အတိုင်း အောက်တိုဘာ ၁ ရက်ကနေ မတ်လကုန်အထိသာ ကမ္ဘာလှည့်ခရီးသွား
ဧည့်သည်တွေ တဖွဲဖွဲ ၀င်ရောက်တဲ့ မြန်မာနိုင်ငံရဲ့ခရီးသွားချိန်ဖြစ်ပြီး ကျန်တဲ့ ဧပြီ ၁ ရက်ကနေ
စက်တင်ဘာလကုန်အထိ ခြောက်လကတော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေ ရုန်းကန်ရတဲ့
ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေပဲ ဖြစ်ပါတယ်။

"နှစ်ပေါင်းများစွာကတည်းက စွဲလာတဲ့ စိတ်ကြောင့် မိုးရာသီဆိုရင် ခရီးသွားလုပ်ငန်းအတွက် စိန်ခေါ်မှု
တစ်ရပ်လိုဖြစ်နေပြီ။ တကယ်က မိုးရာသီက ခရီးအရမ်းသွားလို့ ကောင်းတဲ့ရာသီပါ။ နေရာတိုင်းက
အရမ်းလှတယ်။ သစ်ပင်တွေ အကုန်လုံးက စိမ်းပြီး တိမ်တွေဆိုလည်း အရမ်းလှတယ်" လို့
မကြာသေးခင်က ငပလီကမ်းခြေက ပြန်လာတဲ့ မြန်မာနိုင်ငံခရီးသွားဈေးကွက် အရောင်းမြှင့်တင်ရေး
ကော်မတီဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းက ပြောပါတယ်။

တစ်ချိန်တည်းမှာ အားလုံးစုပြုံခရီးသွားခြင်းရဲ့ အကျိုးရလဒ်အနေနဲ့ နေရာတစ်ခုတည်းမှာ
လူစည်ကားခြင်းကြောင့် ဟိုတယ်၊ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေး စတဲ့အရာတွေကို
သာမန်ထက် ဈေးပိုပေးရခြင်း၊ အေးဆေးစွာ အနားယူနိုင်မှုမရှိခြင်း၊ လူများတဲ့အတွက် စည်းကမ်းမဲ့
အမှိုက်ပစ်မှုများကြောင့် ပတ်ဝန်းကျင် ထိခိုက်ရခြင်း စတဲ့ ဆိုးကျိုးများ အများဆုံးဖြစ်ပေါ်စေပါတယ်။

မိုးရာသီမှာ ခရီးသွားမယ်ဆိုရင် ဒီလိုအရာတွေကို ရှောင်ရှားနိုင်သလို အမှန်တကယ် အနားယူ
အပန်းဖြေလိုတဲ့ ခရီးသွားဧည့်သည်တွေအတွက် တဖွဲဖွဲကျနေတဲ မိုးစက်လေးတွေ၊ ကြည့်လိုက်တိုင်း
စိမ်းစိုနေတဲ့ သစ်ပင်တွေက ခရီးသွားခြင်းရဲ့ အနှစ်သာရဖြစ်တဲ့ စိတ်ချမ်းမြေ့မှုကို ပေးစွမ်းနိုင်ပါတယ်။

"မိုးရာသီဆိုရင် ငပလီမှာ မိုးကတစိမ့်စိမ့် လေးရွာ၊ လှိုင်းက သာမန်အချိန်ထက်ကြီးတယ်ဆိုပေမဲ့
ဟိုတယ်မှာ အပန်းဖြေမယ်ဆိုရင် တကယ့်ကိုအေးအေးချမ်းချမ်းနဲ့ နေလို့ ကောင်းတယ်။ အခုဆိုရင်
ရန်ကုန် - ငပလီ ကားလမ်းကလည်း ကောင်းနေပြီဆိုတော့ အားလပ်ရက်၊ ရုံးပိတ်ရက်တွေမှာ
ရန်ကုန်မှာ မနေချင်တဲ့သူတွေအတွက် ခရီးသွားလို့ အဆင်ပြေတယ်" လို့ ဒေါ်မေမြတ်မွန်ဝင်းက
ပြောပါတယ်။

ဒီနှစ်မှာတော့ မြန်မာနိုင်ငံခရီးသွား ဈေးကွက်အရောင်းမြှင့်တင်ရေးကော်မတီရဲ့ ပထမဆုံး မိုးရာသီ
ခရီးသွား လှုပ်ရှားမှုအစီအစဉ်အဖြစ် မြန်မာနိုင်ငံရဲ့ မြို့ကြီးလေးမြို့ ဖြစ်တဲ့ ပုဂံ၊ မန္တလေး၊ ရန်ကုန်နဲ့
အင်းလေး တို့အပြင် ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေ ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

"ပုဂံလိုနေရာမျိုးက မိုးများတဲ့ဒေသမဟုတ်သလို မိုးရွာရင်လည်း ခဏပဲရွာတာဆိုတော့ ခရီးသွားလို့
အဆင်ပြေတယ်။ ဘားအံ၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်စတဲ့ နေရာတွေလည်း မိုးတွင်းမှာ
သွားလည်လို့ ကောင်းတယ်။ ဈေးက အားလုံးချထားပေးတယ်။ မိုးရာသီက ပွင့်လင်းရာသီထက်
အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက် သက်သာတယ်" လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ်အတွင်းရှိ ငပလီကမ်းခြေကို ယခုလဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Suppliedရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ်အတွင်းရှိ ငပလီကမ်းခြေကို ယခုလဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Supplied

အဓိကရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ တစ်နှစ်ပတ်လုံးခရီးသွားလို့အဆင်ပြေတဲ့ နိုင်ငံဖြစ်ကြောင်း
ဒီလှုပ်ရှားမှုကတစ်ဆင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်မှာဖြစ်ပြီး အားလုံးယုံမှား
ဖြစ်နေတဲ့ မိုးရာသီမှာ ခရီးသွားဦးရေတိုးတက်လာအောင် လှုံ့ဆော်ပေးမယ့် အစီစဉ်တစ်ခု ဖြစ်ပါတယ်။

တကယ်တော့ မိုးရာသီက သဘာဝကိုကြည့်ရှုခံစားဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

စိတ်ကူးယဉ်ကြည်နူးဖွယ်ကောင်း ပြီး လူတွေတိုးကြိတ်မနေတာက သူ့ရဲ့အားသာချက်တစ်ခုပါ။

ဒါ့ပြင် ခရီးသွားအလာနည်းတဲ့ အချိန်ဖြစ်တဲ့အလျောက် ဟိုတယ်၊ လေကြောင်းလိုင်းနဲ့
စားသောက်ဆိုင်တွေကလည်း အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးပါတယ်။

နေရာတိုင်းမှာ သီးသန့်ဝန်ဆောင်မှုနဲ့ အထူးဧည့်သည်လိုမျိုး ၀န်ဆောင်မှုမျိုးနဲ့ ရရှိခံစားရမှာ ဖြစ်ပါတယ်။

"ပုံမှန်ဈေးထက် ၅၀ ရာခိုင်နှုန်းလျှော့ပေးတယ်။ တစ်ခါတလေဆိုရင် ၅၀ ရာခိုင်နှုန်းထက်ပိုတာမျိုးတောင်
ရှိတယ်။ အဓိကတော့ နိုင်ငံခြားသားခရီးသွားတွေနဲ့ ပြည်တွင်းခရီး သွားတွေ ဈေးသက်သက်သာသာနဲ့
သွားနိုင်အောင် မတ်လကုန်ကတည်းက ဈေးလျှော့ပေးနေပြီ" လို့ အဲကမ္ဘောဇ (Air KBZ) နဲ့
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ပြင်ပဆက်ဆံရေး အထွေထွေမန်နေဂျာ
ဒေါ်အေးမရသာက ပြောပါတယ်။

ပုဂံ၊ မန္တလေး၊ ရန်ကုန်နဲ့ အင်းလေးမှာရှိတဲ့ စားသောက်ဆိုင်တွေဆိုရင် အနည်းဆုံး ၁၀ ရာခိုင်နှုန်းနဲ့
ဟိုတယ်တွေဆိုရင် ၃၀ နဲ့ ၅၀ ရာခိုင်နှုန်းကြား ဈေးချပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း
အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောပါတယ်။

ခရီးသွားအလာနည်းတဲ့ အချိန်မို့ နေရာတိုင်းက ရွေးချယ်စရာတွေများတဲ့အတွက် ကိုယ်တည်းချင်တဲ့
ဟိုတယ်၊ အခန်း အမျိုးအစားစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

အဲဒါတွေအပြင် ခရီးသွားကုမ္ပဏီကရောင်းတဲ့ ခရီးစဉ်ဝယ်ပြီးလာတဲ့ ခရီးသည်တွေအတွက်
သာမန်ချိန်ထက် အနည်းဆုံး ၂၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ သက်သာမှာဖြစ်တယ်လို့ Exo
ခရီးသွားကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စုစုတင်က ပြောပါတယ်။

"ဓာတ်ပုံရိုက်ဖို့အတွက် လာတဲ့သူတွေကို သီးသန့်စီစဉ်ပေးရတဲ့ Photographer Tours
ခရီးစဉ်တွေဆိုရင် မိုးရာသီကို ရွေးပြီးလာကြတယ်။ ဘာလို့ဆို မြန်မာနိုင်ငံအထက်ပိုင်းမှာဆိုရင်
သစ်ပင်တွေက စိမ်းစိုနေပြီး ဈေးနှုန်းကလည်း တစ်ဝက်လောက်နည်းတယ်" လို့ သူက ပြောပါတယ်။

မိုးရာသီခရီးသွားရင် အဓိကအားသာချက်ဖြစ်တဲ့ ဈေးနှုန်းသက်သက်သာသာ၊ အနှောင့်အယှက်
ကင်းကင်းနဲ့ စိတ်တိုင်းကျ လည်ပတ်နိုင်ပြီး စားသောက်ဆိုင်တွေဆိုရင်လည်း မိုးတွင်းမှာသာရရှိနိုင်တဲ့
ဟင်းလျာအသစ် တွေကိုမြည်းစမ်းနိုင်ပါတယ်။

မြစ်ချောင်းတွေက အမြဲရေပြည့်နေပြီး ခြောက်သွေ့တဲ့ ရာသီဥတုရှိတဲ့ မြန်မာပြည်
အလယ်ပိုင်းဒေသမှာတောင် သစ်ပင်တွေက စိမ်းစိမ်းစိုစိုနဲ့ ဖုန်မထူပါဘူး။

"တကယ်တော့ မိုးရာသီက မြန်မာနိုင်ငံ ရဲ့ 'တိမ်မြုပ်နေတဲ့ ရတနာ' လို့တောင် ပြောလို့ရတယ်" လို့
ဒေါ်စုစုတင်က မိုးရာသီရဲ့ အလှတရားကို တင်စားပြောဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား