ရန်ကုန်မြစ်တွင်း ၀န်ဆောင်မှု ပေးနေသည့် အပျော်စီးသင်္ဘောများ ဆိုက်ကပ်ရန် ဆိပ်ကမ်း အခက်အခဲကြုံတွေ့နေရ

ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောများ ခရီးသည် အတင်အချပြုလုပ်ရာ ဆိပ်ကမ်းနေရာ
အခက်အခဲကြုံတွေ့နေရကြောင်း Royal Green River Cruise၊ operation manager
ဒေါ်သီတာထွန်းက မြန်မာတိုင်း(မ်) ကို ပြောသည်။

အပျော်စီးသင်္ဘောများ ဆိုက်ကပ်ရန် သီးသန့် ဆိပ်ကမ်းသတ်မှတ်ထားပေးခြင်း မရှိသဖြင့် ယခုကဲ့သို့
အခက်အခဲကြုံတွေ့နေရ ခြင်းဖြစ်ကြောင်း အပျော်စီးသင်္ဘောများအတွက် သီးခြားဆိပ်ကမ်း
စီစဉ်ပေးနိုင်မည်ဆိုလျှင် ခရီးသွားဧည့်သည်များအတွက် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။

"ဆိပ်ကမ်းနဲ့ ကပ်လျက်မရဘဲ ကြားထဲမှာ ကုန်တင်သင်္ဘောတစ်စီးခံနေတာမျိုး မကြာခဏ
ကြုံရတက်တယ်။ အဲဒါတွေက ခရီးသည်တွေကို မတော်တဆ ထိခိုက်မိတာမျိုး ဖြစ်နိုင်တယ်" ဟု
ဒေါ်သီတာထွန်းကပြောသည်။

ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းသည် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍
ပြည်ပခရီးသွား ဧည့်သည်များနှင့် ရန်ကုန်မြို့နေ ပြည်သူများအကြား တဖြည်းဖြည်း
တွင်ကျယ်လာပြီး လက်ရှိအချိန်တွင် အပျော်စီးသင်္ဘော ခြောက်စီးခန့်ဖြင့် ခရီးသွားရာသီအတွင်း
ဗိုလ်တထောင်ဆိပ်ကမ်းမှ ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ညနေဆည်းဆာကြည့် ခရီးစဉ်များ
နေ့စဉ်ပြေးဆွဲလျက်ရှိခြင်း ဖြစ်သည်။

"ဆိပ်ကမ်းအာဏာပိုင်က ပေးတဲ့ ဆိပ်ကမ်းတွေက စုတ်ပြတ်နေတာပဲ။ အဲဒါကို ဆန်သင်္ဘောတွေနဲ့
တွဲပြီး ပေးခဲ့တယ်။ အစိုးရကသာ နည်းနည်းလေးပဲ ဆိပ်ကမ်းကို ကောင်းကောင်းလေး
ပေးလိုက်မယ်ဆိုရင် မြစ်တွင်း အပျော်စီးခရီးသွားလုပ်ငန်းတွေ အဆင်ပြေပြီး ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုး တိုးတက်လာမယ်" ဟု RV King Whale အပျော်စီးသင်္ဘော အုပ်ချုပ်မှုဒါရိုက်တာ
ဦးထွန်းဇော်ဝင်းက မြန်မာတိုင်း(မ်) ကိုပြောသည်။

မြစ်တွင်းအပျော်စီးသင်္ဘောများကို ဇွန်လလယ်မှ ဩဂုတ်လကုန်အထိ ရပ်နားထားလေ့ရှိပြီး
ဧည့်သည်အ၀င်အများဆုံးကာလမှာ အောက်တိုဘာမှ ဧပြီလကုန်အထိဖြစ်သည်။

"ကျွန်မတို့ အပျော်စီးသင်္ဘောသွားစီးခဲ့တုန်းက တခြားသင်္ဘော သုံးစီးလောက်ဖြတ်ပြီးမှ
အပျော်စီးသင်္ဘောပေါ် ရောက်တယ်။ လူငယ်တွေဆိုတော့ သင်္ဘောတစ်စီးနဲ့ တစ်စီး ဖြတ်ရတဲ့အခါ
ဘာမှမဖြစ်ပေမဲ့ အသက်ကြီးတဲ့ သူတွေဆိုရင် သတိထားရမယ်။ အပျော်စီးသင်္ဘောတွေအတွက်
ဆိပ်ကမ်းသီးသန့် စီစဉ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့" ဟု ရန်ကုန်နေပြည်သူတစ်ဦးဖြစ်သည့်
မဖြိုးအိက မြန်မာတိုင်း(မ်)ကို ပြောသည်။

နေ၀င်ဆည်းဆာ အဓိကပြသည့် အပျော်စီး သင်္ဘော ခရီးသွားလုပ်ငန်းဖြစ်ခြင်းကြောင့်
ရန်ကုန်မြစ်အတွင်း ပြစရာ ဖန်တီးပေးမည်၊ အပျော်စီးသင်္ဘောများအတွက် သီးသန့် ဆိပ်ကမ်း
သတ်မှတ်ပေးမည်ဆိုလျှင် မြစ်တွင်း ခရီးသွားလုပ်ငန်းသည် ယခုထက် ပိုမိုဖွံ့ဖြိုး တိုးတက်
လာနိုင်ကြောင်း ဒေါ်သီတာထွန်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြစ်အတွင်း၌ ပြေးဆွဲ လျက်ရှိသည့် မြစ်တွင်းအပျော်စီးသင်္ဘောများမှာ
Royal Green River Cruise? Yangon Rhythm၊ Royal Irrawaddy နှင့် Dora တို့ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား