ကော့သောင်းလေဆိပ် အဆင့်မြှင့်တင်မည်

မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ
လေကြောင်းလိုင်းများ ကော့သောင်းလေဆိပ်သို့ တိုက်ရိုက်ပျံသန်း ဆင်းသက်နိုင်ရေးအတွက်
လိုအပ်သည့် အထောက်အပံ့များ အဆင့်မြှင့်တင်နိုင်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြထားသည်ဟု
တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးကြည်လှိုင်က
ယခုလ ၂၆ ရက်တွင် ပြောသည်။

"ကော့သောင်းလေဆိပ် အဆင့်မြှင်တင်ဖို့ ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်လိုတယ်။ လေဆိပ်ကို
အစိုးရရန်ပုံငွေနဲ့ အလုံးစုံပြင်မလား၊ ဒါမှမဟုတ် ပြည်သူတွေနဲ့ ပူးပေါင်းပြီး လုပ်မလားဆိုတာ
ပြည်ထောင်စုအစိုးရ ခွင့်ပြုပေးတဲ့အပေါ် မူတည်တယ်" ဟု ၎င်းက ပြောသည်။

ယခုနှစ်အစောပိုင်းတွင် ဖွဲ့စည်းခဲ့သည့် FMI ဥက္ကဋ္ဌ ဦးသိမ်းဝေ ဦးဆောင်သော
တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် မြိတ်ကျွန်းစု
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မစီမံချက်ရေးဆွဲခြင်းနှင့် အခြေခံ အဆောက်အအုံ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) နှင့်
ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

"နိုင်ငံတကာအဖွဲ့အစည်းတွေက ပူးပေါင်းမှုတွေရရှိဖို့ ကျွန်တော်တို့ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်း
ကော်မတီက ကြိုးစား ဆောင်ရွက်နေပါတယ်။ IFC နဲ့လည်း မကြာ ခဏတွေ့ဆုံပြောဆိုနေပါတယ်။
လေဆိပ်လို နေရာမျိုး ဖွံ့ဖြိုးဖို့ဆိုတဲ့အရာမှာ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတွေ ပါဝင်မှဖြစ်မယ်။
တကယ်တမ်းကျတော့ လေဆိပ်က အကျိုးအမြတ်ရတာ မဟုတ်ပေမဲ့ နိုင်ငံရဲ့ ၀င်ငွေတိုးတက်အောင်
အနောက်ကနေပံ့ပိုးပေးတယ်" ဟု မြိတ်ကျွန်းစုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းထင် က ပြောသည်။

"ကျွန်းစုတွေအများကြီးရှိတဲ့ မြိတ်ကျွန်းစု က အရမ်းကိုလှတယ်။ အပန်းဖြေခရီးသွား ဧည့်သည်တွေ
အနေနဲ့ ရေကူးတာ၊ ရေငုပ်တာ၊ snorkeling လုပ်တာ စတဲ့အရာတွေ လုပ်လို့ရတယ်။ ကျွန်းအားလုံးက
သဘာဝအတိုင်းရှိသေးတော့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ပိုမိုဆွဲဆောင်နိုင်မှာဖြစ်တယ်" ဟု
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဦးအုန်းမောင်က ယခုနှစ်ဇန်န၀ါရီလအတွင်း
စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ်တွင် ပြောသည်။

လက်ရှိအချိန်ထိ မြိတ်ကျွန်းစုတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုချက်ဖြင့် ကျွန်း ၁၂ ကျွန်းကို
ခရီးသွား လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုထားပြီးဖြစ်ပြီး တည်းခိုနိုင်သော အခန်းအရေအတွက်မှာ
၁,၄၅၁ ခန်းရှိသည်။

"နိုင်ငံနဲ့ ဒေသအတွက်ရော၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာရော ဆောင်ရွက်မှာဖြစ်တဲ့အတွက်
IFC လို အဖွဲ့အစည်းမျိုး ဒါမှမဟုတ် သူနဲ့အလားတူတဲ့ အဖွဲ့အစည်းတွေ ပါဝင်လာမယ်လို့
ယုံကြည်ပါတယ်။ အဲဒီ လို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ နောက်ထပ်
သုံးနှစ်လောက် အချိန်ယူရမယ်" ဟု ဦးကျော်မင်းထင်က ပြောသည်။

မြိတ်ကျွန်းစုသို့ ဥရောပနိုင်ငံသား ခရီးသွားများထက် နေ့ချင်းပြန်ခရီးစဉ်များအဖြစ် ထိုင်းနိုင်ငံသား
ခရီးသွားများက အများဆုံး လာရောက်လည်ပတ်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၆ တွင် နိုင်ငံခြားသား
ခရီးသွား ၃၆၀,၀၀၀ ကျော် ၀င်ရောက်ခဲ့ကာ ယခုနှစ် ဧပြီလကုန်အထိ ခရီးသွား ၁၄၀,၀၀၀ ကျော်
လည်ပတ်ခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး ၀န်ကြီးဌာနထံမှ သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား