ပြည်တွင်း ခရီးသွားဦးရေ ခုနစ်သန်းကျော်ရှိ

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းက ကောက်ယူထားသည့် စာရင်းများအရ
ပြီးခဲ့သည့် ခရီးသွားရာသီ ကိုးလအတွင်း မြန်မာပြည်တွင်း ခရီးသွားဦးရေ ၇ ဒသမ ၁ သန်းခန့်
ရှိခဲ့ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးကြီးက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောသည်။

ပြည်တွင်းခရီးသွားများ အသွားများဆုံး ကာလဖြစ်သည့် နှစ်တစ်နှစ်၏ ရှစ်လပိုင်းမှစ၍ နောက်နှစ်
လေးလပိုင်းအထိ ပြည်တွင်းခရီးသွားရာသီအဖြစ် သတ်မှတ်ထားပြီး ၂၀၁၁ မှစပြီး ပြည်တွင်းခရီးသည်
သုံးသန်းကျော် ရှိခဲ့ရာမှ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ခရီးသွားဦးရေ ၇ ဒသမ ၁ သန်းအထိ
တိုးမြင့်ခဲ့သည်။

"ဒီနှစ်သင်္ကြန်ဆိုရင် တနင်္သာရီတိုင်းဒေသကြီးကို ဘုရားဖူးထွက်လာတဲ့ ဘုရားဖူးခရီးသွား
ကားအစီးရေ တစ်ထောင်ကျော်ရှိတယ်။ လူတွေရဲ့ပြောင်းလဲလာတဲ့ စိတ်ကြောင့် ဘုန်းကြီးကျောင်း၊
တည်းခိုခန်းတည်းပြီး ခရီးသွားရာကနေ အခုဆိုရင် ဟိုတယ်မှာတည်းတဲ့ ပြည်တွင်းခရီးသွားတွေ
အများကြီးတွေ့လာရတယ်" ဟု ဦးမျိုးကြီးက ပြောသည်။

လက်ရှိ ပြည်တွင်းခရီးသွားအရေအတွက်မှာ ခရီးသွားလုပ်ငန်း ပင်မစီမံချက်အရ ၂၀၂၀ ပြည့်နှစ်တွင်
ဝင်ရောက်ရန် ၀န်ကြီးဌာနက မျှော်မှန်းထားသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၇ ဒသမ
၅ သန်းနီးပါးအထိဖြစ်သည်။

လက်ရှိတွင် ကမ္ဘာလှည့် ခရီးသည်အရေအတွက်မှာ ၂ ဒသမ ၉ သန်းကျော်သာ ရှိသေးသည်။

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖြစ်သည့် ပြည်တွင်းခရီးသွားလုပ်ငန်းသည် ၀င်ငွေရ
လွယ်သော လုပ်ငန်းဖြစ်သည့်အလျောက် ယခုနောက်ပိုင်းတွင် စိတ်ဝင်စားသူများပြားလာပြီး
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြည်တွင်းခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ၆၅၀ ခန့်ရှိပြီး
ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းတွင် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းဝင်
၃၁၅ ဦးရှိပြီး အသင်းဝင်မထားသည့် လုပ်ငန်းရှင် ၃၀၀ ခန့်ရှိသည်ဟု ဦးမျိုးကြီးက ပြောသည်။

"ပြည်တွင်းခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ပိုများလာပေမဲ့ ဘုရားဖူးကားနဲ့ သွားနေတဲ့သူကလည်း
ရာခိုင်နှုန်း မကျပါဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားတဲ့ သူတွေလည်း တိုးလာတယ်။
ဒါပေမဲ့ ဒေသတစ်ခုကို သေသေချာချာ နှံ့နှံ့စပ်စပ် ရောက်ချင်တဲ့သူတွေကျတော့ ဘုရားဖူးကားတွေနဲ့
သွားကျတယ်" ဟု ၎င်းက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်တွင်းခရီးသွားနှင့် ပတ်သက်ပြီး အတိအကျ
စစ်တမ်း ကောက်ယူထားခြင်း မရှိသေးသော်လည်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု
အသင်းက ပြည်တွင်း ခရီးသွား အများဆုံးသွားလေ့ရှိသည့် နေရာများမှ စစ်ဆေးရေးဂိတ်များ၊
ဘုရားဖူးခရီးသွား ကားဂိတ်ကြီးများမှ ကောက်ယူထားသည့် အချက်အလက်များအရ
နှစ်စဉ်ပြည်တွင်းခရီးသွားဦးရေ ခန့်မှန်းတွက်ချက်နိုင်ခြင်းဖြစ်သည်။

"ကားကြီး၊ ကားသေး၊ ခရီးသွား၊ ဘုရားဖူး ခေါင်းစဉ်အလိုက် လူဦးရေ အတိအကျ ကောက်တဲ့
စစ်ဆေးရေးဂိတ်တွေ၊ ကျိုက်ထီးရိုး ဆိုရင်လည်း တောင်တက်ကားအသင်း၊ နောက်တစ်ခု
ဂိတ်ကြီးတွေကထွက်တဲ့ ကားအရေအတွက်ကို ကောက်တယ်။ အဲဒီလိုမျိုးနဲ့ အချက်အလက်
စုဆောင်းတယ်။ ကျွန်တော်တို့ ကောက်တာ မှားမယ်ဆိုရင်လည်း ၂၀ ရာခိုင်နှုန်းလောက်ပဲ" ဟု
ဦးမျိုးကြီးက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။