ပဲခူးရိုးမက စိတ်ဝင်စားဖွယ် တောတွင်းစခန်း

ပေါက်ခေါင်းမြို့နယ်အတွင်း ဖြိုးစည်သူ ပုဂ္ဂလိက ကျွန်းစိုက်ခင်းအတွင်း ဖွင့်လှစ်ထားသည့် ဂေဟအခြေခံ အပန်းဖြေစခန်းရှိ တည်းခိုဆောင်၊ ဧည့်ခံဆောင်နှင့် အ၀င်ဆိုင်းဘုတ်ကို တွေ့မြင်ရစဉ်။ အိအိသူ/မြန်မာတိုင်း(မ်)ပေါက်ခေါင်းမြို့နယ်အတွင်း ဖြိုးစည်သူ ပုဂ္ဂလိက ကျွန်းစိုက်ခင်းအတွင်း ဖွင့်လှစ်ထားသည့် ဂေဟအခြေခံ အပန်းဖြေစခန်းရှိ တည်းခိုဆောင်၊ ဧည့်ခံဆောင်နှင့် အ၀င်ဆိုင်းဘုတ်ကို တွေ့မြင်ရစဉ်။ အိအိသူ/မြန်မာတိုင်း(မ်)

မြန်မာ့အဖိုးတန် သယံဇာတဖြစ်တဲ့ ကျွန်းပင်ပျိုတွေအကြား သဘာဝရဲ့ တိတ်ဆိတ် အေးချမ်းမှုနဲ့အတူ
ကျေးငှက်သာရကာတွေရဲ့ တွန်ကျူးသံကိုခံစားချင်တယ်၊ စိတ်ရှုပ်စရာ လူမှုအဖွဲ့အစည်းကနေ
ခဏတစ်ဖြုတ်ဖြစ်ဖြစ် ထွက်ပြေးချင်တယ်ဆိုရင် ပဲခူးရိုးမသစ်တောကြီးက ကြိုဆိုလျက်ရှိပါတယ်။

ပဲခူးရိုးမလို့ဆိုလိုက်တာနဲ့ ကြောက်လန့်စရာ တောကောင်တွေနဲ့ ညို့မှိုင်းတဲ့ တောအုပ်တွေရှိတဲ့
မဲဇာတောင်ခြေရယ်လို့ ပြေးမမြင်လိုက်ပါနဲ့။ တစ်ချိန်တုန်းက အဲဒီလိုအခြေအနေမျိုး ရှိကောင်းရှိနိုင်ပေမဲ့
အခုချိန်မှာတော့ ပုဂ္ဂလိက ကျွန်းစိုက်ခင်းတွေ၊ အစိုးရကျွန်းစိုက်ခင်းတွေနဲ့ မြန်မာ့ကျွန်းသစ်အကြောင်း
လေ့လာနိုင်တဲ့ တကယ့်ကို သာယာလှပတဲ့ နေရာတစ်ခုဖြစ်နေပါပြီ။

ဂေဟစနစ်ကို အခြေခံပြီးဆောက်လုပ်ထားတဲ့ ဂေဟအခြေခံ အပန်းဖြေဟိုတယ်တစ်ခုကို
မကြာသေးခင်က ပဲခူးရိုးမ သစ်တောအတွင်းမှာရှိတဲ့ ဖြိုးစည်သူပုဂ္ဂလိက ကျွန်းစိုက်ခင်းအတွင်း
ဖွင့်လှစ်ခဲ့ပါတယ်။ ဖြိုးစည်သူ ကျွန်းစိုက်ခင်းကို ၂၀၀၇ ကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင်
ကျွန်းစိုက်ခင်း ဧက ၂,၅၂၀ နဲ့ အပင်ပေါင်း ၁ ဒသမ ၄ သန်းကျော် ရှိပါတယ်။ ပဲခူးရိုးမအနောက်ခြမ်း
ပေါက်ခေါင်းမြို့နယ်အတွင်းက တောင်န၀င်း သစ်တောကြိုးဝိုင်း အကွက်အမှတ် ၄၉ ထဲမှာ ရှိပါတယ်။

"ဒီစိုက်ခင်းထဲကို ရောက်လာပြီးရင် သစ်ပင်စိုက်ချင်တဲ့စိတ်၊ သစ်တောကိုချစ်ခင်တဲ့စိတ်
ဖြစ်ပေါ်လာစေရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးကို အသိပညာပေးတဲ့အနေနဲ့
ဂေဟအခြေခံ အပန်းဖြေစခန်းကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီဒေသက မြန်မာ့အကောင်းဆုံး
ကျွန်းသစ်မျိုးရင်းဒေသ (Home of Teak) လို့တောင် မြန်မာ့သစ်တောဦးစီးဌာနက
သတ်မှတ်ထားတယ်" လို့ ပဲခူးရိုးမ ဂေဟအခြေခံ အပန်းဖြေစခန်း တည်ထောင်သူ ဦးရန်နိုင်လွင်က
ပြောပြပါတယ်။

အဲဒီနေရာက ရန်ကုန်ကနေ သိပ်မဝေးလှတာမို့ အဝေးပြေးကားနဲ့ သွားမယ်ဆိုရင် ပေါက်ခေါင်းထိ
တိုက်ရိုက်ရောက်နိုင်ပြီး ပေါက်ခေါင်းကတစ်ဆင့် နောက်ထပ်တစ်နာရီခန့် အချိန်ထပ်ပေးရပါတယ်။
လမ်းတစ်လျှောက်လုံး ဘေးတစ်ဖက်တစ်ချက်မှာ အရွက်ဖားဖား ကျွန်းပင်ကြီးတွေနဲ့ ကာရံထားတာမို့
ကြည့်ရတာနဲ့တင် စိတ်ကြည်နူးရပါတယ်။

ဂေဟအခြေခံ အပန်းဖြေစခန်းရှိ ဧည့်ခံဆောင်ကို တွေ့မြင်ရစဉ်။ အိအိသူ/မြန်မာတိုင်း(မ်)ဂေဟအခြေခံ အပန်းဖြေစခန်းရှိ ဧည့်ခံဆောင်ကို တွေ့မြင်ရစဉ်။ အိအိသူ/မြန်မာတိုင်း(မ်)

ဂေဟအခြေခံ အပန်းဖြေစခန်းရှိ အ၀င်ဆိုင်းဘုတ်ကို တွေ့မြင်ရစဉ်။ အိအိသူ/မြန်မာတိုင်း(မ်)ဂေဟအခြေခံ အပန်းဖြေစခန်းရှိ အ၀င်ဆိုင်းဘုတ်ကို တွေ့မြင်ရစဉ်။ အိအိသူ/မြန်မာတိုင်း(မ်)

မိုးရာသီဖြစ်တာကြောင့် ပဲခူးရိုးမဂေဟအခြေခံ အပန်းဖြေစခန်း သွားရာလမ်းတစ်လျှောက် မြင်မြင်သမျှ
အရာတိုင်းက အစိမ်းရောင် လွှမ်းခြုံထားပါတယ်။ ရိုးမပေါ် ဖြတ်ဖောက်ထားတဲ့ ကားလမ်းဖြစ်တဲ့
အတွက် အကွေ့အကောက် တောင်တက် တောင်ဆင်းလမ်းတွေ ဖြတ်ကျော်ရတိုင်း
စိတ်လှုပ်ရှားရပါတယ်။

တောတွင်းအပန်းဖြေစခန်းရောက်ပြီဆိုရင် သက်တမ်းရင့်ကျွန်းသစ်လုံးကြီးတွေကို ထွင်းပြီး အလယ်မှာ
ပဲခူးရိုးမ ဂေဟအခြေခံအပန်းဖြေ စခန်းဆိုတဲ့ ဆိုင်းဘုတ်ကိုမြင်ရပါတယ်။ အထဲဝင်သွားလိုက်တာနဲ့
ကျွန်းသစ်ရောင် တဖိတ်ဖိတ်တောက်နေတဲ့ ခေတ်မီဗိသုကာလက်ရာနဲ့ ဆောက်လုပ်ထားတဲ့
အသစ်စက်စက် ဧည့်ကြိုကောင်တာကို အရင်ဆုံး မြင်ရပါတယ်။

သူနဲ့ မျက်နှာချင်းဆိုင်မှာတော့ သီးခြားဆောက်လုပ်ထားတဲ့ ထမင်းစားခန်းရှိပါတယ်။ ထမင်းစားခန်းမှာ
ဆိုရင်လည်း စားပွဲထိုင်ခုံတွေကအစ ကိုယ်ပိုင်ဒီဇိုင်းနဲ့ဆောက်လုပ်ထားပြီး စ၀င်လိုက်တာနဲ့
ကျွန်းနံ့သင်းသင်းလေးနဲ့ ကြိုဆိုနေသလား ထင်မှတ်ရပါတယ်။

"စိုက်ခင်း သဘာဝအရ အရွယ်ရောက်စဖြစ်တဲ့ သစ်ပင်တွေကြီးထွားဖွံ့ဖြိုးလာဖို့ ကြားထဲက
အပင်ညပ်တဲ့ ကျွန်းပင်ကျပ်တွေကို ခုတ်ယူရတယ်။ အဲဒီပင်ကျပ်တွေနဲ့ အများဆုံး အခြေခံပြီး
အိပ်ခန်းငယ်လေးတွေကို ဆောက်လုပ်ထားခြင်းဖြစ်တယ်" လို့ ဦးရန်နိုင်လွင်က ရှင်းပြပါတယ်။

ပဲခူးရိုးမ ဂေဟအခြေခံအပန်းဖြေစခန်းမှာ အခန်းပေါင်း ၃၁ ခန်းရှိပါတယ်။ ဂေဟအခြေခံ
အပန်းဖြေစခန်းလို့ဆိုတဲ့အတိုင်း အခန်းတိုင်းက သစ်သားတွေနဲ့အလှဆင်ထားတာကို မြင်တွေ့ရမှာပါ။
ဒီနေရာလေးက အမြဲလို အလုပ်များ မွမ်းကျပ်နေကြသူ မြို့ပြနေထိုင်သူတွေအတွက် အကောင်းဆုံး
အနားယူနိုင်မယ့် နေရာပါပဲ။

အပန်းဖြေစခန်းရှိ ညအိပ်တည်းခိုဆောင်အတွင်းကို တွေ့မြင်ရစဉ်။ အိအိသူ/မြန်မာတိုင်း(မ်)အပန်းဖြေစခန်းရှိ ညအိပ်တည်းခိုဆောင်အတွင်းကို တွေ့မြင်ရစဉ်။ အိအိသူ/မြန်မာတိုင်း(မ်)

သစ်တောကြိုးဝိုင်းအတွင်း လမ်းလျှောက်ခရီးဖြင့် သဘာဝအလှအပများကို လေ့လာနိုင်သည်။ အိအိသူ/မြန်မာတိုင်း(မ်)သစ်တောကြိုးဝိုင်းအတွင်း လမ်းလျှောက်ခရီးဖြင့် သဘာဝအလှအပများကို လေ့လာနိုင်သည်။ အိအိသူ/မြန်မာတိုင်း(မ်)

အပန်းဖြေစခန်းနဲ့ အနီးဆုံးမှာ ပေါ်လံကြီး ဆင်စခန်းရှိတာမို့ တောတွင်းဆင်းစီးနိုင်ပေမဲ့ မိုးရာသီဆိုရင်
ဆင်တွေကို တောထဲ အနားပေးထားချိန်ဖြစ်လို့ ဆင်စီးဖို့တော့ အခုရာသီမှာ မလွယ်ကူပါဘူး။ ဒါပေမဲ့
ကရင်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ ရွှေတောင်ငွေတောင်ရွာကို သွားလည်မယ်ဆိုရင်
ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာနိုင်ပြီး ဒေသထွက် ကရင်ရိုးရာ
ဂျက်ခုတ် ချည်ထည်စစ်စစ်တွေကို အမှတ်တရ ၀ယ်ယူနိုင်ပါတယ်။

စွန့်စားခရီးသွားရတာကိုမှ ကြိုက်တယ်ဆိုရင် ပဲခူးရိုးမအတွင်း တောတွင်းခြေလျင်
တောင်တက်ခရီးသွားတာ၊ စက်ဘီးစီးတာတွေ ပြုလုပ်နိုင်ပြီး ငှက်ကြည့်ဝါသနာပါတယ်ဆိုရင်တော့
ဖြိုးစည်သူ ကျွန်းစိုက်ခင်းအတွင်းမှာ မြန်မာ့ငှက်မျိုးစိတ်ပေါင်း ၁၀၀ ကျော်ခန့်
လေ့လာကြည့်ရှုနိုင်ပါတယ်။

"အပန်းဖြေစခန်းဖွင့်ရတဲ့ ရည်ရွယ်ချက်ထဲမှာ လာတည်းတဲ့ဧည့်သည်တွေကို
မြန်မာ့ကျွန်းသစ်အကြောင်း ထဲထဲဝင်ဝင်သိစေချင်တာလည်း ပါတယ်။ ဒီနားမှာရှိနေတဲ့
ကရင်တိုင်းရင်းသားရွာတွေကို လည်ပတ်ခြင်းအားဖြင့် သူတို့ ယဉ်ကျေးမှုဓလေ့ကို သိရှိနိုင်ပါတယ်။
မြန်မာ့ငှက်ကြည့်အသင်းက လေ့လာထား ချက်များအရ ဒီနားမှာ မြန်မာ့ငှက်မျိုးစိတ် ၁၀၀ ကျော်နဲ့
ဒေါင်းစိမ်းတွေကိုလည်း စိုက်ခင်းနေရာ အနှံ့အပြားမှာ တွေ့ရှိနိုင်မှာဖြစ်ပါတယ်" လို့ ဦးရန်နိုင်လွင်က
ပြောပြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား