Wednesday, 01 October 2014

ခေတ်သစ်ချိုတကူးနဲ့ ဂုဏ်ရည်မတူ

ရိပ်သာ နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ ဘိုးဘွား နှစ်ဦး၏ ဓာတ်ပုံ။ ကျော်ဆုမွန်/ မြန်မာတိုင်း(မ်)ရိပ်သာ နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ ဘိုးဘွား နှစ်ဦး၏ ဓာတ်ပုံ။ ကျော်ဆုမွန်/ မြန်မာတိုင်း(မ်)

အဆောက်အအုံ ပုပုလေးတွေက နှင်းတောထဲမှာ အစီအရီ၊ တစ်ထပ် အဆောက်အအုံလေး
တွေက မြင်ရတာနဲ့ကို ချစ်စရာ၊ အဆောက်အအုံအတွင်း အခန်းတွေထဲကို မ၀င်ခင်လေးမှာ
ကြည်လင်လှတဲ့ မှန်ပြတင်းတွေကနေ တစ်ဆင့်မြင်လိုက်ရတာက သပ်ရပ်လှတဲ့ စားပွဲတွေ
ထိုင်ခုံတွေနဲ့ တိတ်ဆိတ်စွာ ထိုင်နေကြတဲ့ သက်ကြီးရွယ်အိုဘိုးဘွားတွေ၊ အခန်းထဲ မရောက်
သေးခင်မှာပဲ တော်တော် စိတ်ဝင်စားစရာကောင်းနေပါပြီ။

အဆောက်အအုံထဲကို ၀င်လိုက်ချင်းမှာပဲ ဘယ်ဘက်ခြမ်းမှာရှိတဲ့  စားသောက်ခန်းမှာ ထိုင်ပြီး
စားသောက်နေသူ တချို့၊ သက်သောင့်သက်သာ လဲလျောင်းနေသူတချို့၊ ပါးပြင်ပေါ်က
အရေးအကြောင်းတွေ၊ ဖွေးဖွေးဆွတ်နေတဲ့ ငွေရောင်ဆံပင်တွေ၊ လှုပ်ရှားမှုအားနည်းသွားတဲ့
အတွက်ကြောင့် ထိုင်ခုံမှာ မလှုပ်မယှက် ထိုင်နေသူတွေ ဟိုတစ်ချို့၊ ဒီတစ်ချို့တွေ့လိုက်ရ
ပါတယ်။

ဒီမြင်ကွင်းကတော့ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ကနေ ကီလိုမီတာ ၈၀ ကျော်ဝေးတဲ့ 
Odsherred လို့ ခေါ်တဲ့ နယ်မြို့လေးမှာရှိတဲ့ အစိုးရဘိုးဘွား ရိပ်သာလေးထဲမှာပဲ ဖြစ်ပါတယ်။
သပ်ရပ်သန့်ရှင်းပြီး ဆိတ်ငြိမ်လှတဲ့ ဒီရိပ်သာလေးမှာ နေ့၊ ည အချိန်ခွဲပြီး လာရောက်နေထိုင်တဲ့
အသက် ၆၀ ကနေ ၉၇ နှစ်အရွယ်ရှိ ဘိုးဘွားဦးရေ ၆၀ ကျော် နေထိုင်ပါတယ်။

ဒီရိပ်သာလေးကို Odsherred ဒေသခံစည်ပင်သာယာရေးကော်မတီကနေ တာဝန်ယူဖွင့်လှစ်
ထားတာဖြစ်ပြီး လာရောက်နေထိုင်တဲ့ ဘိုးဘွားတွေကို စားသောက်နေထိုင်မှုအတွက်
ထောက်ပံ့မှုတွေ ပေးထားသလို၊ သားသမီးတွေက ထောက်ပံ့ပေးထားတဲ့ ဘိုးဘွားတွေလည်း
နေထိုင်ပါတယ်။

ဒိန်းမတ်အစိုးရကို လစာငွေရဲ့ ၅၁ ရာခိုင်နှုန်းကို စိတ်ကျေနပ်စွာ အခွန်ဆောင်ခဲ့ရတာတွေဟာ
အသက်ကြီးလာတဲ့အခါ အစိုးရက ပြန်လည်ထောက်ပံ့ပေးတဲ့ ပင်စင်နဲ့ သူတို့တွေ မပူပင်ပဲ
နေထိုင်နိုင် ပါတယ်။ ဒါကြောင့် ဒိန်းမတ်နိုင်ငံသူ နိုင်ငံသားတွေဟာ ဆောင်ရတဲ့ အခွန်ပမာဏ
များပြားပေမယ့်လည်း သူတို့ အစိုးရကို ငြိုငြင်ခြင်းမရှိကြဘူးလို့ဆိုကြပါတယ်။

ဒါကြောင့် အခွန်ပမာဏများပေမယ့် လည်း ပျော်ပျော်ကြီး အခွန်ဆောင်ကြတာဖြစ်တယ်လို့
အဲဒီဘိုးဘွားရိပ်သာ တာဝန်ခံက ဆိုပါတယ်။ သူတို့ဘ၀နေ၀င်ချိန်အတွက် အစိုးရက တစ်နည်း
အားဖြင့် အာမခံချက်ကောင်းကောင်းပေးထားတာလည်း ဖြစ်ပါတယ်။ အလွန်ကောင်းတဲ့ စနစ်
လို့ သုံးသပ်လို့ရပါတယ်။

ဒီမှာ နေထိုင်တဲ့ဘိုးဘွားတွေဟာ သူတို့ ပင်စင်နဲ့သူတို့ ကောင်းမွန်စွာနေထိုင်နိုင်ပြီး များသော
အားဖြင့် သားသမီးမြေးမြစ်တွေ ရှိပေမယ့်လည်း ဒီအသိုင်းအ၀ိုင်းတွေကနေ ဥပေက္ခာပြုခံထား
ရတဲ့သူတွေ အများဆုံးလာရောက်နေထိုင်ကြတာလည်း ဖြစ်ပါတယ်။ တီဗီချန်နယ်တစ်ခု
ဖွင့်ထားတဲ့ ဧည့်ခန်းကျယ်ကြီးထဲမှာ ဘီးတပ်လှည်းကိုယ်စီနဲ့ ဘွားဘွား တချို့ထိုင်နေကြ
သလို၊ တချို့ကလည်း ဆိုဖာရှည်ပေါ်မှာ ခြေပစ်လက်ပစ်နဲ့ ထိုင်နေကြပါတယ်။ အဘိုး
တစ်ယောက်ကတော့ ထမင်းစား စားပွဲရှည်ကြီးတစ်ခုပေါ်မှာ လွတ်နေတဲ့ ပန်းကန်ပြားတစ်ခုကို
မျက်တောင် မခတ်ပဲ စေ့စေ့ကြည့်နေပြီး သူ့ဘေးမှာ လူတွေ ရှိနေတယ်ဆိုတာကို သတိပြုမိ
ပုံမပေါ်ပါဘူး။ ဒီမြင်ကွင်းကတော့ တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ လေ့လာနေရတဲ့သူတွေအတွက်
အဆန်းပါပဲ။

ဒီကို လာနေကြတဲ့သူတွေထဲမှာ အသက်အရွယ်ကြီးရင့်လွန်းသူတွေ၊ အရက်ကြောင့် စိတ်
ကယောင်ချောက်ချားဖြစ်နေသူတွေ၊ အသက်အရွယ်ကြောင့်လည်း စိတ်ပုံမှန်အနေအထား
မရှိတော့တဲ့သူတွေ၊ မှီခိုအားထားရာမဲ့နေတဲ့သူတွေ အစုံပါဝင်ပါတယ်။ ခုနက တီဗီကြည့်နေ
ကြတဲ့ ဧည့်ခန်းထဲမှာတော့ သွက်သွက်လက်လက်ရှိပုံရတဲ့ အဘွားနှစ်ယောက်က
လာလေ့လာတဲ့ မြန်မာသတင်းသမားတွေကို ကြည့်ပြီးတော့ စပ်စုကြပါတယ်။ ၀ှီးချဲပေါ်မှာ
ထိုင်နေပေမယ့် ငယ်စဉ်က တော်တော် သွက်သွက်လက်လက် လှုပ်ရှားသွားလာခဲ့ကြမယ့်
သူတွေလို့ ယူဆရပါတယ်။

အံပုံကြီးတစ်ခုလုံး လှုပ်ရှားအောင် ရီပြုံးပြီး ဒိန်းမတ်စကားတွေ တစ်လှုပ်လှုပ် ပြောနေတဲ့
သူ့ပါးစပ်က လာလေ့လာတဲ့ သူတွေကို အခုလို သူတို့ကို လာကြည့်တဲ့အတွက် ကျေးဇူး
တင်ကြောင်း၊ သူ့လက်ကလေးကိုကိုင်ပြီး ကြင်ကြင်နာနာမေးတဲ့ သတင်းထောက်မလေး
ကိုကြည့်ပြီး ၀မ်းသာဝမ်းနည်းဖြစ်နေပါတယ်။

သူတို့ကို အခုလို မိသားစုတွေက ကြင်နာပေးခဲ့ပုံ မရရှာပါဘူး။ မျက်မှန်ကိုင်း အနက်ကလေး
တပ်ထားတဲ့ အဘွား ဆိုရင်လည်း မျက်နှာက ကြည်လင်နေပြီး သဘောကောင်းဖော်ရွေမယ့်
ပုံနဲ့ ဘယ်ကလာကြသလဲ၊ ဘာလူမျိုးတွေလဲစသဖြင့် စုံနေအောင် မေးပါတယ်။ဧည့်မျှော်နေ
ကြပုံရတဲ့ အဘိုးအဘွားတွေဟာ လေ့လာသူတွေဘေးမှာ ၀ှီးချဲကိုယ်စီနဲ့ လာကြည့်နေကြ
ပါတယ်။ အကုန်လုံးက ပြုံးပြုံး ပြုံးပြုံးနဲ့ပါ။

ဒီကိုလာရောက်နေထိုင်တဲ့ ဘိုးဘွားတွေမှာ နေ့ခင်းပိုင်းသာ လာရောက် နေထိုင်သူတွေရှိသလို
နေ့ရောညပါ နေထိုင်တဲ့ သူတွေလည်း ပါဝင်ပါတယ်။ ဒီလိုနေ့ညနေထိုင်တဲ့ ဘိုးဘွားတွေ
အတွက် အိမ်လို့ခေါ်ဆိုနိုင်တဲ့ တစ်ယောက်နေတဲ့ အခန်းလေးတွေ စီစဉ်ပေးထားပါတယ်။


ဒီအခန်းလေးတွေဟာ အနည်းဆုံး ပေ ၂၀ ပတ်လည်တော့ ကျယ်ဝန်းပါတယ်။ တစ်ယောက်
အိပ်နိုင်တဲ့ ခုတင်ကို အလယ်က ကန့်လန့်ကာနဲ့ ကာထားပေးပြီး ဧည့်ခန်းအဖြစ် ရှေ့ခန်းကို
သုံးနိုင်ပါတယ်။ ကိုယ်ပိုင် ရေချိုးခန်းကျယ်၊ အိမ်သာ ပါဝင်ပြီး သက်ကြီးရွယ်အိုတွေနေတာ
ဖြစ်တဲ့အတွက် ရေချိုးဖို့အတွက်လည်း ခုံသီးသန့်၊ အိမ်သာကိုလည်း အထူးပြုလုပ်ထားတဲ့
ရွေ့လျားခုံကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဧည့်ခန်းထဲမှာလည်း တီဗီ၊ ဒီဗီဒီအစရှိတဲ့ ဖျော်ဖြေရေးသုံးပစ္စည်းတွေလည်း ထည့်သွင်း ပေး
ထားပါသေးတယ်။ အခန်းတိုင်းမှာ မှန်ပြတင်းကျယ်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကိုလည်း
လင်းလင်း ကျင်းကျင်း မြင်ရပါတယ်။ အခန်းတိုင်းက သပ်ရပ်သန့်ရှင်းနေပြီး သက်ကြီးရွယ်အို
တွေနေတယ်လို့ မထင်ရလောက်အောင် တောက်ပြောင် သန့်ရှင်းနေတာပါ။

အဲဒီအခန်းလေးတွေထဲက တစ်ခုထဲကို ခြေလှမ်းချမိသွားတဲ့အခါမှာတော့ သစ်သားစင်လေး
တစ်ခုပေါ်မှာ ဗိုက်ထဲက ကလေးငယ်ပုံကို ဖိုးဒီအာထရာ ဆောင်းရိုက်ထားတဲ့ ပုံလေးတစ်ခု၊
မွေးကင်းစကလေးလေးကို ချီထားတဲ့ မကြာခင်က တွေ့လိုက်ရတဲ့ မျက်မှန်နက်ကလေးနဲ့
အဘွား၊ နောက်ထပ်စင် ရှည်ရှည်လေးတစ်ခုပေါ်မှာ သမီးနဲ့ သမက်၊ သားနဲ့ချွေးမလို့ယူဆရတဲ့
ပုံလေးနှစ်ခု၊ သပ်သပ်ရပ်ရပ်နဲ့ တင်ထားတာ တွေ့ရပါတယ်။ သေချာတာကတော့ ဒီအခန်းက
ခုနက မျက်မှန်နက်ဘွားဘွားရဲ့ အခန်းပါပဲ။

သူ့မိသားစု၊ သူငယ်စဉ်ကလို့ထင်ရတဲ့ ပုံကလေးကိုလည်း ကပ်ထားသေးတာတွေ့ရပါတယ်။
မမွေးခင်ကတည်းက ဗိုက်ထဲက မြေးကလေးပုံကို သေချာ ဘောင်လေးသွင်းပြီး တင်ထားတဲ့
ဘွားအေတစ်ယောက်ရဲ့ မေတ္တာကိုလည်း ပုံဖော်တွေးလိုက်မိပါသေးရဲ့။သူတို့စိတ်ထဲမှာ ဘဝ
နေ၀င်ချိန်တွေကို ကိုယ်က ပေါက်ဖွားဖြစ်တည်လာတဲ့ မိသားစုတွေနဲ့ နေချင်ကြမှာပဲလို့လည်း
တဒင်္ဂ တွေးလိုက်မိပါတယ်။

သူတို့ရဲ့ ဘ၀နေ၀င်ချိန်မှာ ရုပ်ပိုင်း ဆိုင်ရာ ပံ့ပိုးမှုတွေရှိနေပေမယ့် စိတ်ပိုင်း ဆိုင်ရာ ချို့တဲ့
အားငယ်စရာတွေ အများကြီးရှိနေတာကို လက်တွေ့မြင်ခဲ့ရတဲ့ အခါမှာတော့ ကျွန်မလည်း
ဘ၀ရဲ့နေ၀င်ချိန်ကို ကိုယ့်တိုင်းပြည်မှာကော ဘယ်လိုတွေ ဖြတ်သန်းနေကြပါလိမ့်လို့ စဉ်းစား
မိလိုက်ပါတယ်။

ကိုယ့်တိုင်းပြည်က ပစ်စင်စားအဘိုး အဘွားအရွယ်တွေ၊ မိမိတို့ ပင်စင်လစာ ကလေးတွေကို
ဘဏ်တွေမှာများ သွားတန်းစီ နေမလား၊ မိသားစုကိုယ်စီ အလုပ်သွားကြတဲ့အခါ အိမ်မှာ
တစ်ယောက်တည်း ကျန်နေခဲ့ရင်း ဘာတွေများ လုပ်ဆောင်နေကြမလဲ။

ဆင်းရဲလှတဲ့  မိသားစုပတ်ဝန်းကျင်မှာ ရပ်တည်နေရတယ်ဆိုရင်ကော၊ မိမိတို့ လှူချင်တန်းချင်
တာလေးတွေ ရှိရက်နဲ့ မျိုသိပ် နေထိုင်နေကြရမလား။ ကိုယ်တိုင်သာ ဘ၀ရဲ့ နေ၀င်ချိန်တွေ
ရောက်လာတဲ့အခါ ဒီပုံစံအတိုင်းသာ အာမခံချက်မဲ့မဲ့နဲ့ ဖြတ်သန်းသွားရ မယ်ဆိုရင်ဖြင့်ဆိုတဲ့
အတွေးဝင်သွားတဲ့အခါမှာတော့ ခုနက မြင်ခဲ့ရတဲ့ ဒန်းနစ်ရှ် လူမျိုးဘိုးဘွားတွေ နေရာကနေ
ငယ်ငယ် ကဖတ်ခဲ့ဖူးတဲ့ ချိုတကူးနဲ့ ဂုဏ်ရည်မတူဆိုတဲ့ ၀တ္ထုကိုသာ သွားမြင်မိပြီး ကိုယ့်ဒုက္ခ
ကို ကိုယ်မမြင် ရုပ်ရှင်ထဲက ဇာတ်ကောင်ကိုပဲ သနားနေတဲ့ ချိုတကူးဆိုတဲ့ ဇာတ်လိုက်နေရာ
မှာကိုယ်တိုင် ချိုတကူး ဖြစ်သွားပါတော့တယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား