Wednesday, 23 April 2014

၂၀၁၂ ခုနှစ်ရဲ့ မြန်မာ့ခရီးသွားလုပ်ငန်း မြင်ကွင်း

မြန်မာ့ခရီးသွားလုပ်ငန်းဟာ ၂၀၁၂ ခုနှစ်မှာပဲ လေဆိပ်နဲ့ နယ်စပ်ကတစ်ဆင့် ခရီးသည်ဝင်
ရောက်မှုနှုန်းက တစ်သန်းနီးပါး ၀င်ရောက်ခဲ့ပါပြီ။

၂၀၁၂ ခုနှစ် မြန်မာ့ခရီးသွား လုပ်ငန်းကတော့ အရင်နှစ်တွေနဲ့ ယှဉ်ရင် အပြောင်းအလဲတွေ၊
တိုးတက်မှုတွေ အများကြီးကြုံခဲ့ရတဲ့နှစ် တစ်နှစ်လို့ ပြောရင်မမှားပါဘူး။ ဟိုတယ်၊ တည်းခိုခန်း
က စလို့ လေကြောင်းလိုင်းနဲ့ ကုန်းပိုင်း ပို့ဆောင်ရေးတွေမှာလည်း သိသိသာသာ အဆင့်မြင့်
လာတာကို တွေ့မြင်ကြမှာပါ။

ဟိုတယ်ခရီးဝန်ကြီးဌာနကလည်း ၂၀၁၂ ခုနှစ်မှာ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့နဲ့
CLMV Tourism Coo-peration လက်မှတ်ရေးထိုးခဲ့ကြပါ တယ်။ ၀န်ကြီးဌာနနဲ့ ခရီးသွား
ဆက်စပ် လုပ်ငန်းတွေကလည်း ဒီလုပ်ငန်းမှာရင် ဆိုင်နေရတဲ့ အခက်အခဲတွေကို နည်းမှန်
လမ်းမှန်နဲ့ ဖြေရှင်းနိုင်အောင် ကြိုးစား နေကြပါတယ်။

ယခင်နှစ်အတွင်းမှာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းက စိန်ခေါ်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်
နေခဲ့ပါတယ်။အမေရိကန်သမ္မတအိုဘားမားလာရောက်လည်ပတ်မှုဟာ မြန်မာနိုင်ငံ အပေါ်
အမြင်စောင်းနေတဲ့ နိုင်ငံတွေကို   သက်သေပြလိုက်သလို ခရီးသွားလုပ်ငန်းပိုမို ကောင်းမွန်
လာစေဖို့အတွက် အားတစ်ခု ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေက အစပြုလို့ မြန်မာကိုနိုင်ငံတကာက ယခင်ကထက် ပိုမို
စိတ်ဝင်စားလာခဲ့ကြပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ကြောင့်ထိုင်း၊ စင်ကာပူ၊
မလေးရှား၊ ဗီယက်နမ်၊ ကိုရီးယားစတဲ့ နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာ့
ဟိုတယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့၊ ပူးပေါင်းဆောင်ရွက်
ဖို့ လာရောက် ကမ်းလှမ်းချက်တွေ အဆက်မပြတ် လက်ခံရရှိခဲ့ပါတယ်။

ဒါပေမယ့် ခရီးသွားလုပ်ငန်းကတော့ အခုအချိန်အထိ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတုန်းပါပဲ။
အရင်နှစ်ကို ပြန်သုံးသပ် ကြည့်ရင် ခရီးသည်ဝင်ရောက်မှုတမု ဟုတ်ချင်း တိုးတက်လာတာနဲ့
အပြိုင် ဟိုတယ်အခန်းဈေးနှုန်း၊ လေယာဉ် ဈေးနှုန်းတွေ မထိန်းနိုင်ဘဲ မြင့်တက်လာခဲ့တာက
ခရီးသွားလုပ်ငန်းတွေကို ဂယက်ရိုက်စေခဲ့တယ်။ တစ်ဖက်ကပြန် ကြည့်မယ်ဆိုရင် စီးပွားရေး
အရ ၀ယ်လို အားက ရောင်းလိုအားထက်များနေရင် ဈေးကြီးပေးကြရမှာပါပဲ။

ဟိုတယ်ခရီးဝန်ကြီးကအခုအချိန်မှာ လိုအပ်နေတဲ့ ဟိုတယ်အခန်းတွေကို ပြည့်မီနိုင်အောင်
ဟိုတယ်၊ တည်းခိုခန်း အဆင့်မြှင့်တင်မှုတွေ၊ ဟိုတယ်တည် ဆောက်မှုတွေ၊ ဟိုတယ်ဇုန်သစ်
တွေဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။

ဟိုတယ်ဇုန်တွေ ဖော်ဆောင်တဲ့နေရာမှာ မြေယာပြဿနာတွေကို ထည့်တွက်ဖို့လိုပါမယ်။
လျာထားတဲ့ ဟိုတယ်ဇုန်တွေကို အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေပါသေးတယ်။
ဒါပေမယ့် အခုဆို မန္တလေးတံတားဦးဟိုတယ်ဇုန်စီမံကိန်း စတင် အကောင်အထည်ဖော်နေပြီ
ဖြစ်လို့ ခရီးသွားလုပ်ငန်းအတွက် အားတစ်ရပ် ဖြစ်စေမှာပါ။

ဟိုတယ်လုပ်ငန်းမှာ အခုဆိုနိုင်ငံတကာက စိတ်ဝင်တစားနဲ့ လာရောက်ရင်းနှီးမြှုပ်နှံနေကြပါ
တယ်။ အဲဒီလို နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေနဲ့ အမျိုးသားပိုင် ရင်းနှီးမြှုပ်နှံသူတွေအတွက်
မျှတတဲ့ ယှဉ်ပြိုင်မှုတစ်ခုကိုလည်း ဖန်တီးပေးနိုင်ရပါဦးမယ်။ ဒါကတော့ ဥပဒေရေးဆွဲသူတွေ
အပေါ်မှာ မူတည်နေပါတယ်။  

ဒီနှစ်အတွင်းမှာပဲ တာဝန်သိခရီးသွား လုပ်ငန်းပေါ်လစီချမှတ်နိုင်ခဲ့ပြီး နိုင်ငံအဆင့်ခရီးသွား
လုပ်ငန်း ပင်မစီမံကိန်းကို  နော်ဝေနိုင်ငံနဲ့ အေဒီဘီရဲ့ အကူအညီနဲ့   ရေးဆွဲခဲ့ကြတယ်။ အဲဒီ
စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် Budget နဲ့ time line တွေ လိုအပ်ဦးမယ်လို
ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါ တယ်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းက တစ်မုဟုတ်ချင်း ဦးမော့
လာနိုင်ခဲ့ပေမယ့် တိုးတက်လာတဲ့ ခရီးသွားလုပ်ငန်းကို ၀န်ဆောင်မှုကောင်းကောင်းနဲ့
ရေရှည် ထိန်းသိမ်းဖို့ လိုအပ်ပါဦးမယ်။

ယခင်နှစ်အတွင်းမှာပဲ နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းတွေနဲ့ ပြည်တွင်းလေကြောင်း
လိုင်း ၂၀ နီးပါး ပျံသန်းပြေးဆွဲလာနိုင်ပြီး ပြည်တွင်း လေကြောင်းလိုင်းတွေမှာလည်း ခရီးစဉ်
တိုးချဲ့ပျံသန်းလာခဲ့ပါတယ်။ လေကြောင်းလိုင်းတိုးချဲ့လာခဲ့ပေမယ့် အများအားဖြင့် ပြည်တွင်း
လေကြောင်းလိုင်းလေယာဉ်ဈေးနှုန်းတွေက သိသိသာသာတက်နေတုန်းပါပဲ။

 အခုအချိန်မှာ အဓိက ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ကဏ္ဍတစ်ခုက ခရီးသည် တွေရဲ့ ကျန်းမာရေး
စောင့်ရှောက်မှုပါပဲ။  ပြည်တွင်းပြည်ပခရီးသည်တွေအတွက် နေရာဒေသမရွေး အရေးပေါ်
ကျန်းမာရေး စောင့်ရှောက်မှုမှာ အားနည်းနေပါသေးတယ်။ တိုးတက်လာတဲ့ ခရီးသွား လုပ်ငန်း
အတွက် ဈေးကွက်သုတေသန ပြုစုမှုကလည်း မရှိမဖြစ်လိုအပ်နေပါပြီ။ 

ဈေးကွက်ရဲ့ ဘယ်လောက်ရာခိုင်နှုန်း က တိုင်းရင်းသားပိုင်၊ နိုင်ငံခြားသားပိုင်ဆိုတဲ့ နှုန်းတွေသိရှိ
ထားရင် စီးပွားရေး အတက်အကျမှာ ဘယ်သူတွေက အထိပိုနာမလဲ၊ ဘယ်လုပ်ငန်းတွေက
ပိုထိခိုက်နိုင်မလဲ စတဲ့ကြိုတင်သုံးသပ်ချက်တွေရှိထားဖို့ လိုအပ်ပါမယ်။

တစ်ဖက်က တိုးတက်လာတဲ့ ခရီးသည်ဝင်ရောက်မှုကြောင့် ဒီနိုင်ငံအတွင်းမှာလည်း ခရီးသည်
တွေရဲ့ လုံခြုံရေးကို ဦးစားပေးစဉ်းစားသင့်တဲ့ အချက်ပါပဲ။

"ပုဂံမှာဆိုရင် ခရီးသည်လုံခြုံရေး အတွက် tourist police တွေထားဖို့နဲ့ ထိထိရောက်ရောက်
လုံခြုံမှုပေးနိုင်ဖို့လိုအပ်တယ်"လို့ မြန်မာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ဦးခင်မောင်ရင်က
ပြောခဲ့ပါတယ်။

ဆိုက်ရောက်ဗီဇာကို ဇွန်လကနေစပြီး နိုင်ငံ ၂၇ နိုင်ငံပေးခဲ့ပြီး ဒီဇင်ဘာလလယ် အထိ ဆိုက်
ရောက်ဗီဇာနဲ့ လာတဲ့သူ အရေအတွက်က တစ်သောင်းကျော် လာရောက်ခဲ့ပြီး နောက်ထပ်
၂၂ ဦးကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားဖို့ ဆောင်ရွက်နေပါပြီ။ အဲဒီအရေအတွက် ကိုကြည့်
မယ်ဆိုရင် ဆိုက်ရောက်ဗီဇာ သုံးသူနည်းနေတယ်လို့ ပြောနိုင်ပါတယ်။

ကမ်းခြေခရီးသွားလုပ်ငန်းကလည်း ယခင်နှစ်က ၂၀ ရာခိုင်နှုန်းတိုးတက်လာ ခဲ့ပြီး ငွေဆောင်
ကမ်းခြေမှာလည်း၂၀၁၃ ခုနှစ် ဆီးဂိမ်းအတွက် ဟိုတယ်အခန်း တွေလောက်ငနိုင်စေဖို့ ၂၀၀၆
ခုနှစ်တွင် ယာယီပိတ်ထားတဲ့ ဟိုတယ်ငါးလုံးပြန်လည်ဖွင့်လှစ်သွားမှာပါ။

"၂၀၀၆ ခုနှစ် နောက်ပိုင်းမှာ ရာသီ ဥတုအခြေအနေကြောင့် ပျက်စီးသွားတဲ့ ဟိုတယ်တွေ၊
မဖွင့်ဖြစ်တဲ့ဟိုတယ်တွေ ကို ပြန်ဖွင့်ဖို့ရှိတယ်။ အဲဒီဟိုတယ်တွေအပြင် လက်ရှိဖွင့်နေတဲ့
ဟိုတယ်အချို့က လည်း အခန်းတွေထပ်ချဲ့ပြီး အဆင့်မြင့် ပြန်ပြုပြင်ဖို့တွေ လုပ်နေတယ်"
လို့ ဧရာဝတီတိုင်း ဟိုတယ်ခရီးသွားလုပ်ငန်း တာဝန်ခံဦးလှမိုးက ပြောပါတယ်။

၂၀၁၁-၁၂ ခုနှစ် ပွင့်လင်းရာသီမှာ ငွေဆောင်ကမ်းခြေကို  ပြည်တွင်းပြည်ပ ခရီးသည်
စုစုပေါင်း ၃၇,၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး ချောင်းသာနဲ့ ငပလီကမ်းခြေတွေမှာလည်း
၂၀၁၂ ခုနှစ်မှာ ခရီးသည်တိုးတက်လာတာကို တွေ့ရ ပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးကလည်း ခရီးသွားလုပ်ငန်းကနေ အင်းလေးဒေသ ကြီးမထိခိုက်
စေဖို့၊ ရေရှည်ကာကွယ် ထိန်းသိမ်းနိုင်ဖို့ အလေးပေးပြောကြား ခဲ့ပါသေးတယ်။ ခရီးသွား
များလာလေ ဒေသတွင်း ယဉ်ကျေးမှုသဘာဝပတ် ၀န်းကျင်မပျက်စီးနိုင်စေအောင် ဂရုစိုက်
ဖို့လည်းလိုအပ်ပါတယ်။

ပထမဆုံးအကြိမ် အမျိုးသားစီမံခန့်ခွဲ မှုပညာကောလိပ်မှာ ဖွင့်မယ့် ခရီးသွား လုပ်ငန်းဆိုင်ရာ
ဘွဲ့မှာ ၂၁၆ ဦးစတင်တက်ရောက်မယ်လို့ သိရပါတယ်။ ဒါက လာမယ့်မျိုးဆက်သစ်တွေကို
ကျွမ်းကျင်အဖြစ်မွေးထုတ်ပေးနိုင်မယ့် အကောင်းဆုံးခြေလှမ်းတစ်ခုပါ။ ကြားဖြတ်မွမ်းမံ
သင်တန်းတွေကို ၀န်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးနပေမယ့် ကျွမ်းကျင်သူ များအဆင့်
ဝန်ထမ်းအရေအတွက်များလာနိုင်အောင် အချိန်မီမွေးထုတ်ပေးနိုင်ဖို့ ကြိုးစားသွားရဦးမှာ
ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား