Wednesday, 30 July 2014

ကိုယ်ပိုင်ကား ၂၃ စီးဖြင့် ထိုင်းနယ်စပ်မှ မြန်မာနိုင်ငံသို့ နိုင်ငံစုံမှ ခရီးသည် ၅၆ ဦး ၀င်ရောက် လည်ပတ်မည်

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဖြစ်သည့် မြ၀တီမြို့မှတစ်ဆင့် ကိုယ်ပိုင် မော်တော်ယာဉ် ၂၃ စီးဖြင့်
ASEAN Friendship Caravan Tour 2013 ခရီးစဉ်အဖြစ် မြန်မာနိုင်ငံအတွင်းသို့ ဖေဖော်ဝါရီလ
၁၈ ရက်နေ့တွင် လာ ရောက်လည်ပတ်မည် ဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ထိုင်းနိုင်ငံ Tourism Authorities of Thailand အဖွဲ့အစည်းမှ တာဝန်ရှိသူများ
နှင့် အတူ ထိုင်းနိုင်ငံမှ ခရီးသည်များအပြင် နော်ဝေ၊ မလေးရှားနှင့် စင်ကာပူနိုင်ငံမှ ခရီးသည်
စုစုပေါင်း ၅၆ ဦး လိုက်ပါလည်ပတ်ကြမည် ဖြစ်သည်။

"ခရီးစဉ်က တာဝန်အရမ်းကြီးတယ်။ ဒါက ပထမဆုံးကား ၂၃ စီးဝင်တဲ့ နယ်စပ် ကခရီးစဉ်ပါ။
နယ်စပ်မှာလည်ပြီး ထွက်သွားမှာမဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိတဲ့ ခရီးသွားဒေသတွေအကုန်သွားပြီး
ကိုယ်ပိုင်ကားနဲ့ လည်ကြမှာပါ" ဟု အဆိုပါခရီးစဉ်ကို စီစဉ်ဆောင်ရွက်နေသည့် Royal Colourful
Land ခရီးသွား လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါ်ညွန့်ညွန့်သန်းက မြန်မာတိုင်း(မ်)ကို ပြောကြား
သည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၇ ရက် နေ့အတွင်း ဘန်ကောက်-မဲဆောက်- မြ၀တီ-ကျိုက်ထို-ပဲခူး-
နေပြည်တော်-အင်းလေး-မိတ္ထီလာ-စစ်ကိုင်း-မုံရွာ-ပခုက္ကူ-ပုဂံ-ပြည်-ရန်ကုန်-မော်လမြိုင် အစရှိသည့်
ခရီးစဉ်အတိုင်း မြို့များသို့ လည်ပတ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံဟိုတယ်ခရီးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ခရီးသွားလုပ်ငန်းမှ စီစဉ်ဆောင်ရွက်သူ
တို့ ၎င်းခရီးစဉ်တွင် အတူလိုက်ပါကြမည်ဖြစ်ပြီး သက်ဆိုင်ရာ ဒေသအသီးသီးမှ ရဲတပ်ဖွဲ့၊ ယာဉ်
ထိန်းရဲ စသည့် အဖွဲ့အစည်းများကလည်း ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

"ဒီလို နယ်စပ်က၀င်ရောက်လည်ပတ်ဖို့ ၂၀၁၂ ခုနှစ် ဩဂုတ်လကတည်းက ကြိုးပမ်းခဲ့တယ်။ ထိုင်း
နိုင်ငံဘက်က တာဝန်ရှိသူတွေနဲ့ ဒီဘက်ကသူတွေ အပြင် ဟိုတယ်ခရီးဝန်ကြီးဌာနနဲ့ဆွေးနွေးပြီး
ဒီခရီးသွားစီမံချက်ကို တင်ပြခဲ့တယ်။ ခရီးသွားမယ့်လမ်းတစ်လျှောက်ကို နှစ်ဖက်စလုံးက လေ့လာ
ပြီး အောက်တိုဘာမှာ လုပ်ငန်းစီမံချက်အသေးစိတ်ကို တင်ပြခဲ့တယ်။ ဒါပေမဲ့ အဲဒီတုန်းက နယ်စပ်
ကနေ ၀င်တဲ့ခရီးစဉ်ကို ခွင့်မပြုသေးဘူး" ဟု ဒေါ်ညွန့်ညွန့်သန်းက ပြောကြားသည်။

ခရီးစဉ်တွင် ဖြတ်သန်းမည့် တိုင်းဒေသကြီးအသီးသီးမှ တာဝန်ရှိသူများ၊ ဟိုတယ် နှင့် ခရီးသွားလာ
ရေးဝန်ကြီးဌာနနှင့် ခရီးစဉ်ကို ဆောင်ရွက်သည့် ခရီးသွားလုပ်ငန်း အသီးသီးတို့မှ ဇန်န၀ါရီလ ၂၉
ရက်နေ့က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

"အဲဒီလိုဆွေးနွေးမှုမျိုးအကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်။ တိုင်းဒေသကြီးတွေက တာဝန်ရှိသူတွေကလည်း
ဒီခရီးစဉ် အဆင်ပြေချောမွေ့အောင် ကူညီကြတယ်။ ခရီးသည်တွေရဲ့ လုံခြုံရေးကို တာဝန်ယူပြီး
စောင့်ကြည့်ပေးသွားကြမယ်။ အဲဒီအပြင် ခရီးသည်တွေဘက်ကလည်း ကိုယ်ပိုင်ကားမောင်းပြီးခရီး
သွားမှာဆိုတော့ ကားလမ်းတစ်လျှောက်က ဒေသခံတွေ ထိခိုက်မှုမရှိစေဖို့ သူတစ်ပါးထိခိုက်မှု
အာမခံကို လုပ်ရပါတယ်" ဟု ဒေါ်ညွန့်ညွန့်သန်းက ပြောကြားသည်။

အာဆီယံနိုင်ငံများအတွင်း ယာဉ်တန်းရှည်ခရီးသွားမှုကို မြှင့်တင်ရန်နှင့် ရေရှည်တွင် တရုတ်နှင့်
အိန္ဒိယနိုင်ငံများအကြား ကားလမ်းခရီးဖြင့် သွားရောက်လည်ပတ်သည့် ခရီးသွားလုပ်ငန်း ပိုမိုအခွင့်
အလမ်း ပွင့်လာစေရန်တို့အပြင် မြန်မာနိုင်ငံတွင်း လုံခြုံစိတ်ချစွာ ကားလမ်းခရီးဖြင့် လည်ပတ်နိုင်
ကြောင်းသိရှိစေရန် ကား ဖြင့်ခရီးသွားခြင်းခရီးစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်သည်ဟု
ဒေါ်ညွန့်ညွန့်သန်းက ဆိုသည်။

"ရေရှည်မှာ တရုတ်နဲ့ အိန္ဒိယနိုင်ငံ နယ်စပ်တွေကနေ ခရီးစဉ်တွေဝင်လာဖို့ ကြိုးစားသွားဦးမယ်" ဟု
၎င်းက ပြောသည်။

ယခင်နှစ်ကုန်ပိုင်းမှစ၍ မြ၀တီနယ်စပ် မှ ၀င်ရောက်သည့် စက်ဘီးခရီးစဉ်များကို စတင်ခွင့်ပြုခဲ့ပြီး
ကိုယ်ပိုင်ယာဉ်ကိုးစီးဖြင့် လာရောက်သည့် ခရီးစဉ်တစ်ခုကိုလည်း ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ဟိုတယ်နှင့် ခရီးသွား