ဦးတေဇနှင့်အဖွဲ့ ဧ၀ရက်တောင်ဒေသ ခရီးသွားလုပ်ငန်းများကို လေ့လာ

မြန်မာနိုင်ငံမြောက်ပိုင်း ပူတာအိုဒေသရှိ နှင်းများဖုံးလွှမ်းနေသော တောင်တန်းများကို ခရီးသွားများ
အား ရဟတ်ယာဉ်ဖြင့် လိုက်လံပြသနိုင်ရန် လေ့လာသည့်အနေဖြင့် ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ
ဦးတေဇနှင့် အဖွဲ့ဝင် ၂၀ ဦးသည် မေလ ၂၈ ရက်နေ့က နီပေါနိုင်ငံ ခတ္တမန္ဒူမြို့သို့ စင်းလုံးငှား
လေယာဉ်ဖြင့် ရောက်ရှိလာကြသည်။

အဆိုပါအဖွဲ့တွင် ပူတာအိုဒေသ နှင်းတောင်များပေါ်၌ ရဟတ်ယာဉ်ပျက်ကျရာတွင် ပါဝင်ခဲ့သည့်
အဖွဲ့မှလေးဦးပြန်လည်လိုက်ပါလာသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ဆီးနှင်းများ ဖုံးအုပ်နေသည့် တောင်တန်းများကို ခရီးသွားများအား
ရဟတ်ယာဉ်ဖြင့် ပြသနိုင်ရန် လာရောက်လေ့လာခြင်း ဖြစ်ကြောင်း ဦးတေဇက ခတ္တမန္ဒူမြို့ တွင်
ပြောသည်။

မေလ ၂၉ ရက်နေ့တွင် ဧ၀ရက်တောင်၏ ကြားစခန်းသို့ သွားရောက်မည် ဖြစ်ကြောင်း၊ အမြင့်ပေ
၂၁၀၀၀ မှနေ၍ မိမိနှင့်လေယာဉ်မှူးကြီး ဦးမောင်မောင်သန်းတို့ လေထီး အလွတ်ခုန်(ဖရီးဖော)
ပြုလုပ်ရန်စီစဉ်ထားကြောင်း၊ မိမိ မခုန်ဖြစ်လျှင်ပင် မိမိအဖွဲ့မှ နှစ်ဦးခုန်ချရန် စီစဉ်ထားကြောင်း
၎င်းက ပြောသည်။

လေယာဉ်မှူးကြီး ဦးမောင်မောင်သန်း သည် ပူတာအိုဒေသတွင် ရဟတ်ယာဉ်ပျက်ကျစဉ်က
နှင်းကိုက်ခံသဖြင့် ခြေထောက် ဖြတ်ထားရသူလည်းဖြစ်သည်။

ဦးတေဇက မေလ ၂၉ ရက်မနက်စောစောတွင် ဧ၀ရက်တောင်ကို လေယာဉ်ဖြင့် တစ်ပတ်ကြည့်ရှု
ရန်စီစဉ်ထားကြောင်း၊ မိမိတို့ရည်ရွယ်ချက်မှာ အရှေ့တောင်အာရှတွင် အမြင့်ဆုံး အဖြစ်အသစ်
ရှာဖွေတွေ့ရှိထားသည့် ဂမ်လမ်ရာဇီတောင်ကို ဩဂုတ်လတွင်တက် ရောက်ရန်ဖြစ်ကြောင်း၊
အများသိထားသည်မှာ မြန်မာနိုင်ငံရှိ ခါကာဘိုရာဇီတောင်သည် အရှေ့တောင်အာရှတွင် အမြင့်ဆုံး
ဖြစ်ကြောင်း၊ ယခုတက်မည့် ဂမ်လမ်ရာဇီတောင်သည် ခါကာဘိုရာဇီထက် မီတာ ၃၀ ပိုမြင့်ကြောင်း
ပြောသည်။

ဦးတေဇနှင့်အတူ လိုက်ပါလာသော ရန်ကုန် အဲပို့ဂရု(ပ်)ကုမ္ပဏီလီမီတက်မှ လေယာဉ်မှူးကြီး
ဦးရဲမြင့် နှင့် ဦးမြတ်ထွန်းလွင်တို့က မိမိတို့ ကုမ္ပဏီတွင် ယူရိုကော်ပတာ ရဟတ်ယာဉ် နှစ်စီးရှိ
ကြောင်း၊ အမြင့်ပေ ၂၃၀၀၀ အထိတက်နိုင်သဖြင့်ခရီးသွားများကိုလိုက်လံပြသရန်အသင့်တော်ဆုံး
ဖြစ်ကြောင်း၊ ယခုခရီးစဉ်မှာ မိမိတို့ အနေဖြင့် မြင့်မားသောအမြင့်တွင် ရဟတ်ယာဉ်ပျံသန်းသည့်
အတွေ့အကြုံကို လာယူခြင်းဖြစ်ကြောင်း၊ ဝေးလံခေါင်ဖျားဒေသများတွင် ရဟတ်ယာဉ်ဆင်းကွင်း
များ ဖောက်လုပ်ပြီး ရေရှည်တွင် အရေးပေါ်လူနာများ သယ်ထုတ်နိုင်ရေးပါ စီစဉ်ထားကြောင်း
ပြောကြားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။