မလေးရှား ကမ်းလွန်ပင်လယ်ပြင်တွင် စင်ကာပူပိုင် ရေနံတင်သင်္ဘောကို ပင်လယ်ဓားပြများ တိုက်ခိုက်

ကွာလာလမ်ပူ - မလက္ကာ ရေလက်ကြားတွင် စင်ကာပူနိုင်ငံပိုင် ရေနံတင်သင်္ဘောတစ်စင်းကို
လက်နက်ကိုင် ပင်လယ်ဓားပြများ ၀င်ရောက်စီးနင်းပြီး အင်ဒိုနီးရှား သင်္ဘောသားသုံးဦးကို ပြန်ပေး
ဆွဲကာ ကုန်တင်သင်္ဘောများပေါ်မှ ဒီဇယ်ဆီများကိုလည်း ထုတ်ယူသွားကြောင်း နိုင်ငံတကာ
ရေကြောင်းသွားလာရေးဗျူရိုက ဧပြီ ၂၃ ရက်နေ့က ကြေညာသည်။

ဧပြီ ၂၂ ရက်နေ့ အစောပိုင်းက မလေးရှား အနောက်ဘက်ကမ်းခြေအလွန်တွင် ယင်းသို့
တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံတကာ ရေကြောင်းသွားလာရေးဗျူရို၏ ကွာလာလမ်ပူ
အခြေစိုက် ပင်လယ်ဓားပြ သတင်းများပြန်ကြားရေးစင်တာမှ အကြီးအကဲ နိုဝယ်လ် ချွန်းက
ပြောသည်။

အဆိုပါသင်္ဘောသည် မြန်မာ နိုင်ငံဘက်သို့ အသွားတွင်ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်သည်။
"မလက္ကာရေလက်ကြားမှာ စင်ကာပူပိုင် သင်္ဘောတစ်စင်း တိုက်ခိုက်ခံရတဲ့ကိစ္စကို နိုင်ငံ တကာ
ရေကြောင်းသွားလာရေး ဗျူရိုက သတိ ထားစောင့်ကြည့်နေပါတယ်။ အင်ဒိုနီးရှား အကြီး တန်း
သင်္ဘောသားသုံးယောက် ပြန်ပေးဆွဲခံရတဲ့အတွက်လည်း စိုးရိမ်ပူပန်နေပါတယ်" ဟု ၎င်းက
အေအက်ဖ်ပီသို့ပြောသည်။

စုံစမ်း စစ်ဆေးမှုများပြုလုပ်ရန် အဆိုပါ သင်္ဘောကို မလေးရှားနိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်သော
ပို့ကလန်တွင် ဆိုက်ကပ်ထားကြောင်း ထပ်လောင်း ပြောကြားသည်။ ယင်းတိုက်ခိုက်မှုသည်
ကမ်းခြေမှ ရေမိုင် ၁၆ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ညသန်းခေါင်ကျော်ပြီးနောက် ဖြစ်ပွားခဲ့ပြီး
ပစ္စတိုတစ်လက်၊ တောခုတ်ဓားတစ်လက် ကိုင်ဆောင်ထားသူ ငါးယောက်၊ ခြောက်ယောက်ခန့်
သင်္ဘောပေါ်တက်လာသည်ကို သင်္ဘောသားများ တွေ့ရှိခဲ့ကြောင်း ခရိုင်ရဲအရာရှိတစ်ဦး၏
ပြောဆိုချက် ကို ကိုးကားပြီး The Star နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

ဓားပြများသည် သင်္ဘောကို ၀င်စီးပြီး သင်္ဘော သားများကို ကြိုးတုပ်ကာ သင်္ဘောတွင် အသုံး
ပြုမည့် လောင်စာ ဒီဇယ်ဆီပမာဏ အတော်များ များကိုလည်း ၎င်းတို့၏ ရေနံတင်သင်္ဘောနှစ်စင်း
ဖြင့် ထုတ်ယူတင်ဆောင်သွားကြောင်း သတင်း တွင် ဖော်ပြထားသည်။ တိုက်ခိုက်သူများ
ထွက်ပြေးသွားပြီး နာရီ အတန်ကြာပြီးနောက်မှ လုပ်ဖော်ကိုင်ဖက် သုံးဦး ပျောက်ဆုံးနေသည်ကို
သင်္ဘောသားများက သိရှိခဲ့သည်။ ၎င်းတို့ကို ဓားပြများက ဖမ်းဆီးသွားခြင်းဖြစ်မည်ဟု ရဲအဖွဲ့က
ယူဆ ကြောင်း ဖော်ပြထားသည်။

သင်္ဘောသားများတွင် အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာနှင့် အိန္ဒိယနိုင်ငံသားများ ပါဝင်ကြောင်း သိရပြီး
အခြား အသေးစိတ်အချက်အလက် များကိုမူ ရေးသားထားခြင်းမရှိပေ။ မကြာသေးမီနှစ်များက
ယင်းဒေသတွင်းဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် ဓားပြများသည် များသောအားဖြင့် သင်္ဘော
ပေါ်မှ ကုန်ပစ္စည်း များကိုသာ ယူသွားလေ့ရှိသော်လည်း သင်္ဘော သားများကို ပြန်ပေးဆွဲခြင်း
မရှိခဲ့ကြောင်း ပင်လယ်ဓားပြသတင်းများ ပြန်ကြားရေးစင်တာ မှအကြီးအကဲ နိုဝယ်လ်ချွန်းက
ပြောသည်။

ပင်လယ်ရေကြောင်းတွင် မလက္ကာရေလက် ကြားသည် အာရှ၊ ဥရောပနှင့် အရှေကအလယ်ပိုင်း
တို့အကြားဖြတ်သန်းသွားလာသည့် အဓိကလမ်း ကြောင်းဖြစ်ပြီး ကုန်တင်သင်္ဘော မြောက်မြား
စွာနှင့် အခြားသော သင်္ဘောများလည်း ဖြတ်သန်း သွားလာသောကြောင့် ပင်လယ်ဓားပြများ
လုယက်တိုက်ခိုက်နေသည်မှာ ကြာပြီဖြစ်သည်။

မကြာသေးမီ နှစ်များအတွင်း အဆိုပါဒေသ တွင်း၌ တိုက်ခိုက်မှုများ လျော့ကျသွားပြီးနောက်
ရေကြောင်းသွားလာရေးများ လုံခြုံစိတ်ချစေ ရန် အိမ်နီးချင်းနိုင်ငံများကြား ပူးပေါင်းဆောင်
ရွက်ခြင်းနှင့် လှည့်ကင်းချထားခြင်းများ အရှိန် အဟုန်မြှင့် ပြုလုပ်လာကြသည်။

သို့သော် ပြီးခဲ့သည့်နှစ်အတွင်း တိုက်ခိုက်မှု များ အမြင့်ဆုံးအဆင့်ဖြစ်လာပြီး အထူးသဖြင့်
အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်တွင် သင်္ဘော သားများကို အသေးစား လုယက်မှုများဖြစ်
သည်ဟု သတင်းထုတ်ပြန်ခဲ့ရာ အရှေကတောင်အာရှဒေသများတွင် ရေကြောင်းကာကွယ်ရေး
လုပ်ငန်းများ ထပ်မံတိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံတကာ ရေကြောင်းသွားလာရေးဗျူရို၏
ထုတ်ပြန်ချက်အရ သိရသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း