ခိုးယူထားသည့် ပစ္စည်းများ ပြန်ပေးရန် နိုက်ဂျီးရီးယားသမ္မတက ဗြိတိန်ဝန်ကြီးချုပ်ကို ပြောကြား

လန်ဒန် - ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က နိုက်ဂျီးရီးယားနိုင်ငံကို 'အကြီးအကျယ် အကျင့်ပျက်
ခြစားနေသည့်နိုင်ငံ'ဟု ခေါ်ဝေါ် ခြင်းနှင့်စပ်လျဉ်း၍ တောင်းပန်ချက်ကို သူ မလိုလားကြောင်း၊
သို့ရာတွင် လန်ဒန်သို့ ထွက်ပြေးလာသည့် နိုက်ဂျီးရီးယားအရာရှိများက ခိုးယူသွားသော
ပစ္စည်းများပြန်ရရေးကိုသာ လိုလားကြောင်း နိုက်ဂျီးရီးယား သမ္မတမူဟာမာဒူး ဘူဟာရီက
မေ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

''ကျွန်တော် ဘယ်သူ့ဆီကမှ ဘယ်လို တောင်းပန်မှုမျိုးကိုမှ မလိုချင်ပါဘူး။ ကျွန်တော်တောင်းဆိုနေ
တာက ရရန်ရှိတဲ့ပစ္စည်းတွေပါပဲ''ဟု ဘူဟာရီက လန်ဒန်မြို့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး
အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဗြိတိသျှဝန်ကြီးချုပ် ကင်မရွန်သည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ထိပ်သီး ဆွေးနွေးပွဲကို
လန်ဒန်မြို့တွင် မေ ၁၁ ရက်က စတင်၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေး ခဲ့ရာ နိုက်ဂျီးရီးယားသမ္မတ
ဘူဟာရီသည် အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီနှင့်အတူ တက်ရောက်ခဲ့သည်။

''နိုက်ဂျီးရီးယားနဲ့ အာဖဂန်နစ္စတန် နိုင်ငံ တွေဟာ ကမ္ဘာပေါ်မှာ အကျင့်ပျက်ခြစားမှု အများဆုံး
နှစ်နိုင်ငံ ဖြစ်နိုင်ပါတယ်''ဟု ဒေးဗစ် ကင်မရွန်က ဘက်ကင်ဟမ်နန်းတော်တွင် ကျင်းပသော
ဆွေးနွေးပွဲ၌ ဗြိတိန်နိုင်ငံဘုရင်မ ကြီး ဒုတိယမြောက် အဲလိဇဘက်ကို ပြောကြားခဲ့သည်။

နိုက်ဂျီးရီးယားသမ္မတ ဘူဟာရီသည် တစ်နှစ်ကျော် သမ္မတရာထူး တာဝန်ထမ်းဆောင်ပြီးချိန်ကစ၍
အကျင့်ပျက်ခြစားမှု ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။

ယခု အစည်းအဝေးတွင် ဘူဟာရီက နိုင်ငံခြားသို့ ခိုးထုတ်သွားသော ပစ္စည်းများ ပြန်လည်ရရှိရေးတွင်
အကူအညီပေးခဲ့သည့် ဗြိတိန်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

သူက ၂ဝဝ၅ ခုနှစ်တွင် ငွေကြေး ခဝါချမှု စွပ်စွဲချက်များဖြင့် လန်ဒန်မြို့တွင် ဖမ်းဆီးခံထားရသော
နိုက်ဂျီးရီးယားနိုင်ငံ ရေနံကြွယ်ဝသည့် ဘာယယ်လ်ဆာပြည်နယ် ဘုရင်ခံချုပ်ဟောင်း ဒိုင်ပယီ
အလာမီ အိုင်ဆီဂါး၏အမှုကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

တင်စိန် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း