ဆိုမာလီရှိ လျစ်လျူရှုခံ နှစ် ၅,ဝဝဝ သက်တမ်းရှိ ဂူပန်းချီများ

ဆိုမာလီနိုင်ငံမြောက်ပိုင်း ဟာဂီဆာမြို့အနီး ကျောက်တောင်တစ်ခုပေါ်တွင် ကျောက်ခေတ်သစ် ရှေးဟောင်း ကျောက်ဂူပန်းချီကားတစ်ချပ်ကို မေ ၁၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဆိုမာလီနိုင်ငံမြောက်ပိုင်း ဟာဂီဆာမြို့အနီး ကျောက်တောင်တစ်ခုပေါ်တွင် ကျောက်ခေတ်သစ် ရှေးဟောင်း ကျောက်ဂူပန်းချီကားတစ်ချပ်ကို မေ ၁၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

လားစ်ဂီးလ် - ဆိုမာလီနိုင်ငံမြောက်ပိုင်းရှိ လားစ်ဂီးလ်ကျောက်ဂူများအတွင်း တည်ရှိနေသည့်
အနည်းဆုံး နှစ် ၅,ဝဝဝ သက်တမ်းရှိ နံရံဆေးရေးပန်းချီလက်ရာများမှာ ဂရုတစိုက်ထိန်းသိမ်း
စောင့်ရှောက်မှုမရရှိဘဲ နိုင်ငံတကာအသိုင်းအဝိုင်း၏ လျစ်လျူရှုခြင်းကို ခံရလျက်ရှိသည်။

ချောက်ကမ်းပါးတွင် ဖွဲ့တည်နေသော ယင်းကျောက်ဂူများ၏ နံရံထက်တွင် လေးနှင့်မြားတို့ကို
ကိုင်ဆောင်ထားသည့် မုဆိုးများနှင့် ဒရယ်ငယ်၊ ကျွဲ၊ နွား၊ သစ်ကုလားအုတ်များ၏ ရုပ်ပုံများသည်
နီယိုလစ်သစ်ခေါ် ကျောက်ခေတ်သစ်၏အမဲလိုက်ဓလေ့ကို ပီပြင်စွာ ဖော်ပြနေ၏။

လားစ်ဂီးလ်ကျောက်ဂူများသည် ဆိုမာလီနိုင်ငံမှ မိမိဆန္ဒအလျောက် ခွဲထွက်၍ တစ်ဖက်သတ်
လွတ်လပ်ရေးကြေညာထားသော ဆိုမာလီလန်းနိုင်ငံ၏မြို့တော် ဟာဂီဆာနှင့် မိုင် ၃ဝ ခန့်
အကွာတွင် တည်ရှိပြီး ထိန်းသိမ်းစောင့်ရှောက်သူဟူ၍ လာရောက်ကြည့်ရှုသည့် ကမ္ဘာလှည့်
ခရီးသွားများ ပန်းချီများကို ထိတွေ့ကိုင်တွယ်ခြင်းမပြုရန် မေတ္တာရပ်ခံမည့် အစောင့်သုံးလေးဦးခန့်သာ
ရှိသည်။

ယင်းပန်းချီများသည် အာဖရိကတိုက်ရှိ အခြားမည်သည့်နေရာတွင်မျှ မတွေ့နိုင်သော
ထူးခြားသည့် လက်ရာတစ်မျိုးဖြစ်သည်ဟုဆိုမာလီလန်း ခရီးသွားဝန်ကြီးဌာန၏ ဌာနဆိုင်ရာ
မန်နေဂျာ အက်ဘ်ဒီဆာလမ် ရှာဘဲလာကပြောကြားသည်။ အရေးတယူ ထိန်းသိမ်းမှုတစ်ခုခု
အမြန်ဆုံးမပြုလုပ်ပါက နှစ် ၂ဝ အတွင်းအားလုံး ပျောက်ကွယ်သွားလိမ့်မည်ဟုလည်း ၄င်းက
ဆက်လက်ပြောကြားခဲ့သည်။

ထောင့်အချို့တွင် ဆေးများမှာ မှေးမှိန်သည်ကမှေးမှိန် ကွာကျသည်က ကွာကျနေပြီဖြစ်သည်။
ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူရနိုင်ရန် ဆိုမာလီလန်းအစိုးရက ပန်ကြားချက်
ထုတ်ပြန်ခဲ့ဖူးသော်လည်း တုံ့ပြန်မှုမရရှိခဲ့ပေ။

၁၉၉၁ ခုနှစ်တွင် ဆိုမာလီသမ္မတ 'မိုဟာမက် ဆီယက်ဘာရီ' ကို ရာထူးက
ဖယ်ရှားလိုက်သည့်နောက်ပိုင်း ဆိုမာလီနိုင်ငံပြည်တွင်းစစ်မှာ ပိုမိုပြင်းထန်လာခဲ့ပြီး
ဆိုမာလီလန်းသည် သီးခြားနိုင်ငံအဖြစ် ခွဲထွက်ခဲ့သည်။ သို့ရာတွင် ယင်းကို နိုင်ငံတစ်နိုင်ငံအဖြစ်
နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်မပြုသည့်အတွက် လားစ်ဂီးလ် ကျောက်ဂူပန်းချီများကို
ထိန်းသိမ်းစောင့်ရှောက်မှု မပေးခြင်းဖြစ်ကြောင်း ထိုပန်းချီများကို ၂ဝဝ၂ ခုနှစ်တွင် စတင်ရှာဖွေ
တွေ့ရှိခဲ့သည့် ပြင်သစ်ရှေးဟောင်း သုတေသနအဖွဲ့၏ အကြီးအကဲဟောင်း ဇာဗီယာ ဂူသာဇ်က
ဆိုသည်။

ရှာဖွေတွေ့ရှိစဉ်က သုတေသနပညာရှင်များသည် ပန်းချီလက်ရာများ၏ အသွင်အပြင်နှင့်
ကျန်ရှိနေသည့် အနေအထားကို ချီးကျူးအံ့အားသင့်ကာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသ
စာရင်းတွင် ပါဝင်နိုင်ရန် ကြိုးစားခဲ့သော်လည်း ဆိုမာလီလန်းကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်
မပြုနိုင်ဟူသော အကြောင်းပြချက်ဖြင့် ယူနက်စကိုက ပယ်ချခဲ့သည်။

ကမ္ဘာ့အမွေအနှစ်ညီလာခံတွင် ပါဝင်သည့်နိုင်ငံများသည်သာ ၄င်းတို့နိုင်ငံအတွင်းရှိ ဒေသများကို
ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် အဆိုပြုလျှောက်ထားနိုင်သည်ဟု ယူနက်စကို၏
ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တစ်ဖန် ငွေကြေးထောက်ပံ့မည့် နိုင်ငံများသို့ အလှူငွေ တောင်းခံရာတွင်လည်း
တရားဥပဒေရေးရာနှင့် သံတမန်ရေးရာ အရှုပ်အထွေးများနှင့် ရင်ဆိုင်ရပြန်သည်။

သို့တိုင် လားစ်ဂီးလ် ဂူပန်းချီများကို လာရောက်ကြည့်ရှုသည့် ကမ္ဘာလှည့်ခရီးသွားများမှာ
စတင်တွေ့ရှိချိန်မှ ယခုအချိန်အထိ တိုးပွားလာနေဆဲဖြစ်သည်။ နှစ်စဉ် ထောင်ဂဏန်းခန့်ရှိသည့်
ခရီးသွားများသည် လက်နက်ကိုင် အစောင့်အကြပ်များ ဝန်းရံလျက် ကမူများနှင့် ရှည်လျားသည့်
လမ်းခရီးအသွယ်သွယ်ကိုဖြတ်ကာ လာရောက်ကြည့်ရှုကြပြီး တစ်နှစ်ထက်တစ်နှစ်
ပိုမိုများပြားလာသည်။

ဇာဗီယာဂူသာ့ဇ်သည် ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် စာရင်းသွင်းရန် ကြိုးပမ်းစဉ်က
ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သည်ဖြစ်ရာ ၄င်းက ဆိုမာလီလန်း လမ်းခရီး အန္တရာယ်များသည်
ဆိုသည်မှာ အမှန်ပင်ဖြစ်သည်ဟု အတည်ပြုပြောကြားသည်။

ဂူများရှိရာနေရာကို ဘေးကင်းစေရန်၊ လမ်းခရီးအဆင်ပြေချောမွေ့စေရန်၊ ကျောက်တုံးများ
ပြိုမကျစေရန်၊ မိုးရေများ စီးကျမလာစေရန်နှင့် အစောင့်အကြပ် တိုးမြှင့်ခန့်ထားခြင်းများ
ပြုလုပ်ရန်လိုအပ်သည်ဟု ၄င်းကဆိုသည်။

ပန်းချီလက်ရာများကို စောင့်ကြပ်နေသူတစ်ဦးဖြစ်သည့် မူဆာအက်ဘ်ဒီဂျာမာက ဤရှေးဟောင်း
အမွေအနှစ်များကို ၄င်းနိုင်ငံအတွက် ထူးခြားသည့် ကိုယ်ပိုင် ယဉ်ကျေးမှုတစ်ခုအဖြစ်
ဂုဏ်ယူဝင့်ကြွားနိုင်ရန် မျှော်လင့်လျက်ရှိသည်။ ထိုဒေသသည် ဆိုမာလီလန်းတွင် ပထမဆုံး
နိုင်ငံတကာအသိအမှတ်ပြုဒေသတစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၄င်းကဆိုသည်။ 

ကျော့ဒါလီလင်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း