နေရပ်သို့ပြန်ရန် ထိတ်လန့်နေသည့် ဖော်လူဂျာမြို့ခံများ

ဖော်လူဂျာမှ ထွက်ပြေးလာကြသည့် ဒုက္ခသည်ကလေးများကို ယာယီဒုက္ခသည်စခန်းတစ်ခုတွင် ဇွန်၂၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဖော်လူဂျာမှ ထွက်ပြေးလာကြသည့် ဒုက္ခသည်ကလေးများကို ယာယီဒုက္ခသည်စခန်းတစ်ခုတွင် ဇွန်၂၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အမ်ရီယက်  အယ်လ်  ဖော်လူဂျာ  (အီရတ်) - ဖော်လူဂျာမြို့တွင် ပိတ်မိနေစဉ်ကမူ အခြေအနေ
ဆိုးရွားခဲ့ပုံကို ကလေးကိုးယောက်မိခင် အမ်အစ္စမ်က ''ကျွန်မသားက သူ ဆာလွန်းလို့ မခံနိုင်တော့ဘဲ
သူ့ကို သတ်ပါလို့ ကျွန်မကိုပြောတယ်။ သူ့အသက်က ငါးနှစ်ပဲ ရှိသေးတယ်''ဟု ပြောပြသည်။
သားဖြစ်သူက ထိုသို့ပြောသည့်အချိန်ကစ၍ အကယ်၍ဖော်လူဂျာကနေ သူတို့မိသားစုထွက်နိုင်လျှင်
ဒီမြို့ကို နောင်ဘယ်တော့မှ ပြန်မလာရန် ဆုံးဖြတ်လိုက်သည်ဟု သူက ဆိုသည်။

အီရတ်အစိုးရနှင့် မဟာမိတ်တပ်များသည် ဖော်လူဂျာမြို့ကို အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်)
လက်တွင်းမှ ပြန်လည်ရယူရန် တစ်လကြာ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ယခုအခါ အစွန်းရောက်ဝါဒီများ၏
အန္တရာယ်ကင်းရှင်းသွားပြီဟု ကြေညာချက် ထုတ်ပြန်ထားသည်။ ထို့ပြင် တိုက်ပွဲကြောင့်ဖြစ်သည့်
အပျက်အစီးပမာဏမှာ ဆိုးဆိုးရွားရွားမဟုတ်ကြောင်းနှင့် အိုးအိမ်စွန့်ခွာခဲ့ရသည့်
သောင်းနှင့်ချီသော အရပ်သားများ နေရပ်သို့ပြန်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း
ကတိပြုပြောကြားခဲ့သည်။

လွန်ခဲ့သောလပိုင်းက ဝေဟင်ပစ်ခတ်မှုတစ်ခု ဖော်လူဂျာဆေးရုံအနီး အဆောက်အအုံတစ်ခုကို
ထိမှန်ခဲ့ရာ ထိုစဉ်က ကိုယ်ဝန်နှင့် ဆေးရုံတွင်ရှိနေသော အမ်အစ္စမ်မှာ သွေးလန့်ပြီး
ကိုယ်ဝန်ပျက်ကျသွားခဲ့သည်။

''ကျွန်မသိပ်ကြောက်သွားတယ်၊ အားလုံး ရှုပ်ယှက်ခတ်နေတယ်၊ ကျွန်မ ကိုယ်ဝန်ပျက်သွားတယ်။
ဗိုက်ထဲမှာရှိနေတဲ့ အမြွှာလေးနှစ်ယောက်ကို ကျွန်မဆုံးရှုံးလိုက်ရတယ်။ အဲဒီတုန်းက ကျွန်မစားစရာ
မရှိလို့ ဆေးရုံမှာနေနေရတဲ့အချိန်'' ဟု သူက သူ၏ရင်သွေးတစ်ဦးကို ပွေ့ချီထားရင်း ဆိုသည်။

သူ့နောက်ဘက်တွင် နေ့စဉ်နှင့်အမျှ တိုးပွားလာနေသည့် ဒုက္ခသည်စခန်းများကို မြင်တွေ့ရပြီး
အသစ်ရောက်ရှိလာသူများအတွက် အခြေခံအသုံးအဆောင်များကို 'နော်ဝေဒုက္ခသည်ကောင်စီ'က
ဖြည့်ဆည်းပေးသည်။ ရွက်ဖျင်တဲ၊ မွေ့ရာခြောက်ချပ်၊ ဟင်းချက်ရန် အိုးခွက်တစ်စုံ၊ မီးအိမ်တစ်လုံး၊
တာပေါ်လင်တစ်စ၊ ရေပုံးနှင့် တိပ်ခွေတို့ဖြစ်သည်။

''ဒီမှာ ပူပြီး ဖုန်ထူတယ်။ ရေနဲ့စားစရာမလုံလောက်ပေမဲ့ အသက်တော့ ဆက်နိုင်ပါတယ်'' ဟု
အမ်အစ္စမ်ကဆိုသည်။ အမေရိကန်၊ အယ်လ်ကေဒါ၊ အိုင်အက်စ်၊ အငတ်ဘေး စသည့်
ဘေးအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသဖြင့် ရှေ့တွင် ဘာဆက်ဖြစ်မည်ကို မသိနိုင်သော်လည်း
ဖော်လူဂျာမြို့ကိုမူ ပြန်မသွားလိုကြောင်း သူက ဆက်ပြောသည်။ သူ၏ ခင်ပွန်းမှာ
ဤဒုက္ခသည်စခန်းသို့ သူတို့ စတင်ရောက်ရှိသည့် ဇွန် ၁၆ ရက်တွင်ပင် စစ်ဆေးမှုခံယူရန်
ထိန်းသိမ်းခံခဲ့ရသည်။

ဖော်လူဂျာမြို့နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများပြီးဆုံးသွားပြီ ဖြစ်သော်လည်း လူ့အခွင့်အရေးနှင့်
စားဝတ်နေရေး ပြဿနာများက အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ ထို့ပြင် အချို့မိသားစုများတွင်
ရောဂါကပ်ဘေးများ ဖြစ်ပွားစေနိုင်သော အလားအလာရှိနေကြောင်း ထောက်ပံ့ကူညီရေးအဖွဲ့များ
မြင်တွေ့ခဲ့ရသည်။

ကက်ဖီယာ ဆယ်လာဟ်တို့ မိသားစုသည် ယင်းဒုက္ခသည်စခန်းတွင် ၁ဝ ရက်ကျော်ကြာနေပြီ
ဖြစ်သော်လည်း အမိုးအကာလုပ်ရန် ရွက်ဖျင်တဲမရှိသေးပေ။ ''အခုကျွန်မတို့ စကားပြောနေတဲ့အချိန်
ကျွန်မယောက်ျားက သူများတွေအတွက် ရွက်ဖျင်တဲတွေ လိုက်ထိုးပေးနေတယ်၊ ဒါပေမဲ့ ကျွန်မတို့
ကိုယ်တိုင်မှာကျတော့ မရှိဘူး'' ဟု ကက်ဖီယာက ပြောပြသည်။

ကက်ဖီယာနှင့် ကလေးများသည် မြေကြီးပေါ်တွင် ခပ်ညစ်ညစ် စောင်တစ်ထည်ကိုခင်းကာ
ယာယီဆောက်လုပ်ထားသည့် ဗလီနံရံ အပြင်ဘက်ခြမ်းကို အမှီသဟဲပြု နေထိုင်နေကြလေသည်။
''ကျွန်မတို့ဒေသက လုံခြုံမှုမရှိဘူး။ နောက်ပြီး ကောင်းလာလိမ့်မယ်လို့လည်း ကျွန်မမထင်ဘူး''ဟု
ဖော်လူဂျာမြို့ အနောက်မြောက်ဘက်ဒေသမှ လာခဲ့သော ကက်ဖီယာကဆိုသည်။

ဖော်လူဂျာမြို့ကို ပြန်လည်ရယူနိုင်ခဲ့သည့်အတွက် ဝန်ကြီးချုပ် ဟေဒါအယ်လ်အက်ဘဒီ
ဇွန် ၂၆ ရက်တွင် အောင်ပွဲမိန့်ခွန်း ပြောကြားရာ ''မိုင်းတွေမရှိတော့ဘဲ ဘေးကင်းစိတ်ချရပြီ
ဆိုတာကို အာမခံနိုင်တဲ့အခါကျမှ ပြည်သူတွေကို သူတို့နေရပ် ကျွန်တော်တို့ ပြန်ပို့မှာပါ'' ဟု
ထည့်သွင်းပြောကြားခဲ့သည်။

ဒေသခံ အရာရှိများနှင့် လူ့အခွင့်အရေးအဖွဲ့များကမူ ဖော်လူဂျာမြို့တစ်ဝိုက်တွင် နေထိုင်သူများမှာ
အစိုးရစစ်ဆင်ရေးစတင်ချိန်က အစိုးရကျောထောက်နောက်ခံ ရှီယားသူပုန်များ၏
အနိုင်ကျင့်နှိပ်စက်မှုများကိုလည်း ခံခဲ့ကြရသည်ဟု တင်ပြခဲ့ကြသည်။

ကျော့ဒါလီလင်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း