နိစ်မြို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ရှစ်လ ကြိုတင်ပြင်ဆင်

 

ဇူလိုင် ၁၅ ရက်က နိစ်ကမ်းခြေလူအုပ်တွင်း မောင်းဝင်လာသည့် ထရပ်ကား။ ဓာတ်ပုံ - အေအက်ဖ်ပီဇူလိုင် ၁၅ ရက်က နိစ်ကမ်းခြေလူအုပ်တွင်း မောင်းဝင်လာသည့် ထရပ်ကား။ ဓာတ်ပုံ - အေအက်ဖ်ပီ

ပါရီ - ပြင်သစ်နိုင်ငံ နိစ်မြို့တွင် ပြီးခဲ့သည့်ဇူလိုင် ၁၄ ရက်၌ ကုန်တင်ယာဉ်ဖြင့် လူအစုလိုက်
အပြုံလိုက် သတ်ဖြတ်ခဲ့သူသည် ဤ အကြမ်းဖက်မှုကို ကျူးလွန်ရန် လွန်ခဲ့သည့် ရှစ်လကပင်
ပြင်ဆင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

လူ ၈၄ ဦးကိုသေဆုံးစေပြီး လူ ၃ဝဝ ခန့်ကို ဒဏ်ရာရရှိစေခဲ့သည့် မိုဟာမက်လာဟူဂ်ျဘိုဟလယ်
(Mohamed Lahouaiej Bouhlel)သည် လွန်ခဲ့သော ရှစ်လက 'ကော်ဖီဆိုင်ကို လူတစ်ဦးကားဖြင့်
ဝင်တိုက်' ဟု ခေါင်းစဉ်တပ်ထားသည့်သတင်းကို ဓာတ်ပုံရိုက်ယူထားကြောင်း တွေ့ရှိရသလို
လူတစ်ဦးခေါင်းဖြတ်ခံရသည့် ဗီဒီယိုဖိုင်တစ်ခုကိုလည်း ၄င်းမိတ်ဆွေတစ်ဦးကို ပြသခဲ့သည်ဟု
အစိုးရရှေ့နေ ဖရန်ဆွာမိုလင်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဗီဒီယိုကြောင့် အံ့အားသင့်သည့်အမူအရာဖြစ်သွားသော ထိုမိတ်ဆွေကို မိုဟာမက်လာဟူဂ်ျ
ဘိုဟလယ်က (ထိုတုံ့ပြန်မှုမျိုးသည်) သူ့အတွက် ရိုးနေပြီဟု ပြန်ပြောခဲ့ကြောင်း မိုလင်စ်ကပြောသည်။

ကလေးသုံးယောက်ဖခင် တူနီးရှားနွယ်ဖွားဖြစ်သည့် ဘိုဟလယ်အကြောင်း လူအများကို
မေးမြန်းစုံစမ်းခဲ့ရာ ၄င်းသည် မွတ်စလင်ဘာသာကို လေးစားလိုက်နာသူ မဟုတ်ကြောင်း
ဘာသာရေးက တားမြစ်ထားသည်များကို ကျူးလွန်လေ့ရှိသူ ဖြစ်ကြောင်း ပြန်ဖြေခဲ့ကြသည်ဟု
မိုလင်စ်က ဆိုသည်။ သို့ရာတွင် ဂျီဟတ်ဝါဒီများ၏ လုပ်ရပ်များကိုမူ စိတ်ဝင်စားဟန် ထင်ထင်ရှားရှား
တွေ့မြင်ရခဲ့ရသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

ဘိုဟလယ်၏ ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းအတွင်း အကြမ်းဖက်မှုများနှင့် အယ်လ်ကေဒါ
အိုင်အက်စ် စသည့် ဂျီဟက်ဝါဒီများ၏ လှုပ်ရှားမှုများအကြောင်းကို အင်တာနက်တွင် ရှာဖွေထားသည့်
မှတ်တမ်းများနှင့် ဓာတ်ပုံအများအပြားရှိနေပြီး မကြာသေးမီက အော်လန်ဒိုရှိ နိုက်ကလပ်တွင်
လူ ၄၉ ဦး သေဆုံးခဲ့သည့် အကြမ်းဖက်မှုနှင့် ပါရီရှိ ရဲအရာရှိလင်မယား အသတ်ခံရမှုတို့ပါ
ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့ပြင် အခင်းဖြစ်ပွားခဲ့သည့် ပြင်သစ်အမျိုးသားနေ့ နေ့လယ်တွင် ၄င်းသည်ကမ်းနား
လမ်းတစ်လျှောက် လမ်းလျှောက်ရင်း ဆယ်လ်ဖီဓာတ်ပုံများ ရိုက်ခဲ့သလို ၁၉ တန်ရှိ အအေးခန်း
ကုန်တင်ယာဉ်ကို ဇူလိုင် ၁၁ ရက်တွင် ငှားပြီးနောက် အခင်းဖြစ်ပွားမည့်လမ်း၌ ဇူလိုင် ၁၂ ရက်
ညနေ ၆ နာရီတွင်တစ်ကြိမ်၊ ဇူလိုင် ၁၃ ရက် ည ၁ဝ နာရီတွင်တစ်ကြိမ် ခေတ္တလာရောက်
ရပ်နားခဲ့ကြောင်း စီစီတီဗီ မှတ်တမ်းများတွင် တွေ့ရှိခဲ့သည်။

ဘိုဟလယ်သည် ဇူလိုင် ၁၄ ရက် ညပိုင်း ဒေသစံတော်ချိန် ၁ဝ နာရီ ၄၅ မိနစ်တွင် အမျိုးသားနေ့
အထိမ်းအမှတ် မီးရှူးမီးပန်းပွဲကို ကြည့်ရှုနေကြသော ကမ်းနားရှိ သောင်းနှင့်ချီသည့် လူအုပ်ကြီး
အတွင်းသို့ ကုန်တင်ယာဉ်ကို အရှိန်တင် မောင်းဝင်ခဲ့သည်။ ကားကိုရပ်တန့်ရန် ကြိုးစားသူ ရဲသုံးဦးကို
စက်သေနတ်ဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ပြီးနောက် လူအုပ်အတွင်း ၁ ဒသမ ၃ မိုင်ခန့်
အကွာအဝေးအထိ တိုးဝင်ခဲ့ကာ နောက်ဆုံးတွင် ရဲတစ်ဦး ပစ်ခတ်လိုက်သည့် ကျည်သင့်၍
သေဆုံးခဲ့သည်။

ဆေးရုံအရာရှိတစ်ဦး၏ အဆိုအရ သေဆုံးသူများအနက် ကလေးငယ်များနှင့် အရွယ်မရောက်သေးသူ
အနည်းဆုံး ၁ဝ ဦးပါဝင်ပြီး ဒဏ်ရာသူများတွင်လည်း ကလေးငယ် ၅ဝ ခန့်ပါဝင်သည်။

ကနဦးတွင် အာဏာပိုင်များသည် သူနှင့်အတူ မနေသည့် ဇနီးအပြင် ၄င်းနှင့်အချိတ်အဆက်ရှိနိုင်သူ
လေးဦးကို ခေါ်ယူထိန်းသိမ်းခဲ့သည်။ အခင်းဖြစ်ပွားပြီး သုံးရက်ကြာသည့်အခါ အိုင်အက်စ်အဖွဲ့က
ဘိုဟလယ်သည်၎င်းတို့၏ စစ်သားဖြစ်သည်ဟု သတင်းလွှင့်ခဲ့သည်။

မိုလင်စ်က အိုင်အက်စ်အဖွဲ့သည် ၄င်းတို့ကိုထောက်ခံသူများကို အဝေးက ညွှန်ကြားနေသဖြင့်
ဆီးရီးယားသို့သွားရောက်ကာ အမိန့်နာခံရန် မလိုတော့ခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသည်။

ပြည်ထဲရေးဝန်ကြီး ဘာနာ့ဒ်ကာဇာနို့ဗ်သည် ''ဒီအရန်တပ်ကိုဝင်ချင်တဲ့ ပြင်သစ်မျိုးချစ်တွေ
အားလုံးကို ဝင်ကြဖို့ တိုက်တွန်းလိုပါတယ်'' ဟု ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့ပြီး ပြင်သစ်နိုင်ငံ၏
အရန်လုံခြုံရေးတပ်အတွက် လူသစ် စုဆောင်းလျက်ရှိသည်။

ယခုဖြစ်စဉ်မှာ ပြင်သစ်နိုင်ငံတွင် ၁၈ လအတွင်း တတိယအကြိမ် လူအစုလိုက်အပြုံလိုက်
သတ်ဖြတ်ခံရမှုဖြစ်ပြီး အတိုက်အခံ လက်ယာစွန်းပါတီ 'နေရှင်နယ်ဖရန့်စ်' ခေါင်းဆောင်က
ဝန်ကြီးကို ရာထူးကနုတ်ထွက်ရန် ဖိအားပေးခဲ့သည်။

ကျော့ဒါလီလင်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း