လန်ဒန်မြို့ အမှတ် (၁ဝ) ဒေါင်းနင်းလမ်းမှာဆက်ရှိနေဦးမယ့် ကြောင်ကလေး လယ်ရီ

 

အမှတ် (၁ဝ)၊ ဒေါင်းနင်းလမ်း၊ ဝန်ကြီးချုပ်ရုံးရှေ့က ကြောင်ကလေးလယ်ရီ။ ဓာတ်ပုံ - အေအက်ဖ်ပီအမှတ် (၁ဝ)၊ ဒေါင်းနင်းလမ်း၊ ဝန်ကြီးချုပ်ရုံးရှေ့က ကြောင်ကလေးလယ်ရီ။ ဓာတ်ပုံ - အေအက်ဖ်ပီ

လန်ဒန် - ပြီးခဲ့တဲ့ရက်သတ္တပတ်က အမှတ် (၁ဝ) ဒေါင်းနင်းလမ်း ဗြိတိန်ဝန်ကြီးချုပ်ရုံးကနေ
ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ထွက်ခွာသွားပြီးတဲ့နောက် ဝန်ကြီးချုပ်သစ်အဖြစ် ထရီဇာမေ
ရောက်ရှိလာခဲ့ပေမဲ့လည်း ကြောင်ကလေး လယ်ရီကတော့ ဝန်ကြီးချုပ်ရုံးမှာ နေမြဲနေရစ်ခဲ့ပါတယ်။

ကြွက်ရန်ကြောင့် လယ်ရီကို ၂ဝ၁၁ ခုနှစ်မှာ ဝန်ကြီးချုပ်ရုံးကို ခေါ်လာခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစပြီး
လယ်ရီဟာ ဝန်ကြီးချုပ်ရုံးရဲ့ စင်္ကြံလမ်းတွေထက်မှာ သွားလာကျက်စားခဲ့တာဖြစ်တယ်။ ဒေးဗစ်
ကင်မရွန်ရဲ့ ဗြိတိန်ဝန်ကြီးချုပ်အနေနဲ့နောက်ဆုံးပြုလုပ်ခဲ့တဲ့ ဇူလိုင် ၁၂ ရက် အစိုးရအဖွဲ့
အစည်းအဝေးကို ''Number 10''လို့ ခေါ်တဲ့ ဝန်ကြီးချုပ်ရုံးမှာ ကျင်းပပြုလုပ်ခဲ့တုန်းက
အစည်းအဝေး တက်ရောက်လာတဲ့ မေကို လယ်ရီက စူးစမ်းတဲ့အမူအရာနဲ့စိုက်ကြည့်နေခဲ့တယ်။
ဒါ့ပြင် လယ်ရီဟာ မေရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာလို့ ပြောလို့ရတဲ့ သူစီးလာတဲ့ ကျားသစ်ကွက်အဆင်
ဒေါက်ဖိနပ်ကြောင့် ရွံ့သွားတဲ့ ပုံမပေါ်ပါဘူး။

ဇူလိုင် ၁၃ ရက်မှာ မေက ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့ အချိန်ကျရင် ကင်မရွန်နဲ့အတူ
လယ်ရီလည်း လိုက်ပါသွားမယ်လို့ အားလုံးက ထင်ထားကြပါတယ်။ အစိုးရအဖွဲ့ဝင်တွေက သူတို့ရဲ့
အနာဂတ်အတွက် စိတ်လှုပ်ရှားရင်း စောင့်ဆိုင်းနေကြတဲ့အချိန်မှာ မီးခိုးမှိုင်းရောင်နဲ့ အဖြူရောင်ရော
စပ်ထားပြီး မီးခိုးမှိုင်းရောင်ပေါ်မှာအနက်စင်းလေးတွေ ကွက်ကျားပါရှိတဲ့ အသက် ကိုးနှစ်အရွယ်
ကြောင်ကလေးကတော့ လာမယ့် အစိုးရအဖွဲ့ အပြောင်းအလဲအပြီးမှာလည်း ဝန်ကြီးချုပ်ရုံးမှာ
ဆက်ရှိနေဦးမှာပါ။

''ဒီကြောင်လေးက အစိုးရအမှုထမ်းတစ်ယောက်ရဲ့ကြောင်ပါ။ ကင်မရွန်ရဲ့ကြောင် မဟုတ်ပါဘူး။
ဒါကြောင့် ဝန်ကြီးချုပ်ရုံးမှာ ဆက်ရှိနေမှာပါ'' လို့ အစိုးရရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ဝန်ကြီးချုပ်ရုံးရဲ့ နာမည်ကျော် အနက်ရောင်တံခါးမကြီးရဲ့ အပြင်ဘက်မှာ ကြွက်တစ်ကောင်
ပတ်ပြေးနေတာကို တရားဝင်သတင်းထုတ်ပြန်မှုနှစ်ခုမှာ မြင်တွေ့ခဲ့ရပြီးတဲ့နောက် လယ်ရီကို
ဝန်ကြီးချုပ်ရုံးကို ခေါ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ လယ်ရီရဲ့အလုပ်လုပ်နှုန်းဟာ မေးခွန်းထုတ်စရာ
ဖြစ်လာခဲ့ပါတယ်။ လယ်ရီဆီကို လက်ဆောင်ပစ္စည်းတွေနဲ့ အစာတွေ နေ့စဉ် ရောက်ရှိလာပေမဲ့လည်း
သူဟာ ရှေးဟောင်း ပရိဘောဂတွေပေါ် အိပ်နေတာများတဲ့ ကြောင်ပျင်းကလေးဖြစ်တယ်လို့
ဝန်ကြီးချုပ်ရုံးက ဆိုပါတယ်။ လယ်ရီရဲ့ ကုန်ကျစရိတ်အတွက် ဝန်ကြီးချုပ်ရုံး ဝန်ထမ်းတွေက
ပေးဆောင်ပါတယ်။

ဝင်းသော်တာ ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း