စစ်ကြောင့် ကလေးများ နှိပ်စက်ညှဉ်းပန်းခံနေရ

ရုရှားစစ်သားများဝေငှသော ပေါင်မုန့်များကို စားနေသည့် ဆီးရီးယားကလေးငယ်နှစ်ဦးကို မေ ၄ ရက်က ဟာမာပြည်နယ်၊ ကော့ကာ့ဘ်ရွာတွင် ရုရှားစစ်သားနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီရုရှားစစ်သားများဝေငှသော ပေါင်မုန့်များကို စားနေသည့် ဆီးရီးယားကလေးငယ်နှစ်ဦးကို မေ ၄ ရက်က ဟာမာပြည်နယ်၊ ကော့ကာ့ဘ်ရွာတွင် ရုရှားစစ်သားနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ကုလသမဂ္ဂ - အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့ရှိ အိုင်အက်စ်အဖွဲ့ နိုက်ဂျီးရီးယားနိုင်ငံရှိ ဘိုကိုဟာရမ်
အဖွဲ့ စသော အကြမ်းဖက်အဖွဲ့များကို ခြေမှုန်းသုတ်သင်သည့် စစ်ဆင်ရေးများအတွင်း
ထောင်ပေါင်းများစွာသော ကလေးများ ထိန်းသိမ်းခံရပြီး ကလေးအများအပြား
နှိပ်စက်ညှဉ်းပန်းခံနေရကြောင်း လူ့အခွင့်အရေးအဖွဲ့က ဇူလိုင် ၂၈ ရက်က ပြောကြားခဲ့သည်။

ပဋိပက္ခစစ်ပွဲများဖြစ်ပွားနေသည့် နေရာခြောက်ခုဖြစ်သော အာဖဂန်နစ္စတန်နိုင်ငံ၊
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အီရတ်နိုင်ငံ၊ အစ္စရေးနှင့် ပါလက်စတိုင်းနယ်မြေများ၊
နိုက်ဂျီးရီးယားနိုင်ငံ၊ ဆီးရီးယား နိုင်ငံတို့တွင် ထိန်းသိမ်းခံထားရသော ကလေးအရေအတွက်
တိုးမြင့်လာခြင်းကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာ အသစ်တစ်ရပ်ထဲတွင်
ဖော်ပြထားသည်။

''လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အိုင်အက်စ်နဲ့ဘိုကိုဟာရမ်လို လက်နက်ကိုင်အစွန်းရောက်အဖွဲ့တွေကို
တိုက်ခိုက်ချေမှုန်းပစ်ဖို့ အစိုးရတွေက ကြိုးစားကြတဲ့နေရာမှာ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့
အခြေအနေတစ်ခုကို တွေ့မြင်လာရပါတယ်'' ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့၏ ကလေးများ
အခွင့်အရေး ဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ဂျိုဘက်ကာက ပြောကြားခဲ့သည်။

အဆိုပါ အစီရင်ခံစာထဲတွင် ''အစိုးရတွေက ထောင်ပေါင်းများစွာသော ကလေးတွေကို စွဲချက်
တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီလိုဖမ်းဆီးမှုဟာ လပေါင်းများစွာ၊ ဒါမှမဟုတ်
နှစ်ပေါင်းများစွာ ကြာတတ်ပါတယ်။ တစ်ခါတလေလည်း ကလေးတွေကို နှိပ်စက်တာမျိုးတွေ၊
ဒုက္ခပေး ညှဉ်းဆဲတာမျိုးတွေလည်း လုပ်ပါတယ်'' ဟု ဖော်ပြထားသည်။

စစ်ဖြစ်ပွားနေသည်မှာ ခြောက်နှစ်ကြာပြီဖြစ်သော ဆီးရီးယားနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံရသည့်
ကလေးအရေအတွက်မှာ အနည်းဆုံး ၁,၄၃၃ ဦးခန့်ရှိသော်လည်း ၄၃၆ ဦးသာ ပြန်လည်
လွတ်မြောက်လာခဲ့ကြောင်း ဆီးရီးယားနိုင်ငံရှိ အကြမ်းဖက်မှုများ မှတ်တမ်းတင်ခြင်းဆိုင်ရာ
စင်တာ၏ ပြောကြားချက်ကိုကိုးကားပြီး အစီရင်ခံစာ၌ ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံသား ဘက်ပြောင်းလာသူတစ်ဦးထံက ရရှိခဲ့သည့် ၄င်းခိုး၍ရိုက်ယူထားခဲ့သော
သွေးပျက်ထိတ်လန့်ဖွယ် ဓာတ်ပုံများထဲတွင် ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းခံထားရသည့်
လူထောင်ပေါင်းများစွာအထဲမှ အနည်းဆုံး လူ ၁ဝဝ မှာ အသက် ၁၈နှစ်အောက်
ယောက်ျားလေးများဖြစ်ကြောင်းသိရသည်။

ထိုအထဲတွင် ဆီးရီးယား တာဝန်ရှိသူများ ၂ဝ၁၂ ခုနှစ်က ဖမ်းဆီးသွားခဲ့သော အသက် ၁၄ နှစ်အရွယ်
အာမက် အယ်လ်-မူစလမ်မာနီဆိုသူ ကလေးတစ်ဦးလည်း ပါဝင်သည်။ ၄င်း၏ဆဲလ်ဖုန်းထဲ၌
ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ဆန့်ကျင်သီကုံးထားသော တေးသီချင်းတစ်ပုဒ်ကို
တွေ့ရှိရခြင်းကြောင့် ထိုသို့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းချုပ်ခံထားရစဉ်မှာပင် သေဆုံးခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အိုင်အက်စ်တို့သိမ်းပိုက်ရယူထားသော နယ်မြေများကို ပြန်လည်ရယူရန်
တိုက်ပွဲဆင်နွှဲလျက်ရှိသော အီရတ်နိုင်ငံတွင် အကြမ်းဖက်မှုနှင့်ဆက်စပ်သည်ဟူသော စွဲချက်များဖြင့်
စွဲချက်တင်ခံရခြင်း၊ သို့မဟုတ် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ လူငယ်အရေအတွက်မှာ မိန်းကလေး
၅၈ ဦးအပါအဝင် အနည်းဆုံး ၃၁၄ ဦး ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည့် ကိန်းဂဏန်းများကို
ကိုးကားပြီး အဆိုပါအစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

အမျိုးသမီးများနှင့် ကလေးများမှာ ၄င်းတို့ မိသားစုများထဲက အမျိုးသားများ အကြမ်းဖက်လုပ်ရပ်များတွင်
ပါဝင်သည်ဟုစွပ်စွဲခံရကာ ဖမ်းဆီးခြင်းခံရပြီး ဝန်ခံလာစေရန်စစ်မေးခံရရာတွင် အချို့သောသူများမှာ
ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးခံရခြင်း၊ စီးကရက်မီးဖြင့်တို့၍ စစ်မေးခံရခြင်း၊ လျှပ်စစ်တို့ခံရခြင်းတို့
ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့အစီရင်ခံစာအရ သိရသည်။

၂ဝ၁၂ ခုနှစ်က အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသော အသက် ၁ဝ နှစ်အရွယ်
ကလေးတစ်ဦး၏ ပြောပြချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သူ၏ ဦးခေါင်းကို ကားဘီးအနီးသို့
ထိုးထားကာ သူ့မိဘများ ဝှက်ထားသည်ဟုဆိုသော လက်နက်များ မည်သည့်နေရာတွင်ရှိကြောင်း
ပြောပြရန်နှင့် မပြောပါက ကားဖြင့်ကြိတ်ပစ်မည်ဟုခြိမ်းခြောက်ခံခဲ့ရသည်ဆို၏။

ဘိုကိုဟာရမ်တို့ကို ချေမှုန်းသုတ်သင်နေသော နိုက်ဂျီးရီးယားစစ်တပ်ကလည်း
ထောင်ပေါင်းများစွာသော လူများကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူအများစုမှာ အမျိုးသားများ၊
အသက် ကိုးနှစ်ဝန်းကျင် ယောက်ျားလေးများ ဖြစ်ကြသည်။

ယခုနှစ် ဖေဖော်ဝါရီလနှင့် မေလအကြားတွင် ရင်ခွင်ပိုက်အရွယ် ကလေးငယ် လေးဦးအပါအဝင်
အသက်ခြောက်နှစ်အောက် ကလေး ၁၁ ဦးသည် နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ ဂီဝါ
စစ်တန်းလျားတွင် သေဆုံးခဲ့ရကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ တွေ့ရှိချက်များကိုလည်း
ယင်းအစီရင်ခံစာ၌ ကိုးကားဖော်ပြထားသည်။

ဂီဝါ စစ်တန်းလျား၌ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကလေးအရေအတွက်မှာ အနည်းဆုံး
၁၂ဝ ခန့်ရှိမည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ခန့်မှန်းထားပြီး ၄င်းတို့မှာ
ဆိုးရွားလှသည့် အခြေအနေများဖြင့် နေထိုင်ကြရသည်ဟုဆိုသည်။ အများစုမှာ လများစွာကြာ
အချုပ်ကျခံရသူများ၊ သို့တည်းမဟုတ် အချုပ်ကျသည်မှာ နှစ်များစွာ ကြာနေသူများ ဖြစ်ကြသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံရသည့် ကလေးများသည် ဖမ်းဆီးခံရသော
အရွယ်ရောက်သူများထက် ပို၍ နှိပ်စက်ခံရမှုများကြောင်း သိရသည်။ အကြောင်းမှာ ကလေးများကို
စစ်ကြောမေးမြန်းခြင်းဖြင့် သတင်းအချက်အလက်များကို ပို၍လွယ်လွယ်ကူကူရနိုင်မည်ဟု
အာဏာပိုင်များက ယူဆကြဖွယ်ရှိခြင်းကြောင့် ဖြစ်သည်။

ယခုအစီရင်ခံစာပါ နိုင်ငံ ခြောက်နိုင်ငံစလုံးသည် ကလေးများအခွင့်အရေးနှင့်ပတ်သက်ပြီး
ကုလသမဂ္ဂသဘောတူညီချက်၌လက်မှတ်ရေးထိုးထားသည့် နိုင်ငံများဖြစ်ကြသည်။
ထိုသဘောတူညီချက်တွင် အသက် ၁၈ နှစ်အောက် မည်သူမဆို နိုင်ငံတကာဥပဒေအရ
အထူးအကာအကွယ်ပေးခြင်းများရရှိမည်ဟု ပါရှိသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း