မလေးရိုးရာ စွန်ပညာရှင်

မလေးရိုးရာစွန်ပညာရှင် ရှာဖီဂျူဆိုဟ်ကို သူ့စွန်များနှင့်အတူ ကိုတာဘာရူးမြို့တွင် ဇွန် ၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီမလေးရိုးရာစွန်ပညာရှင် ရှာဖီဂျူဆိုဟ်ကို သူ့စွန်များနှင့်အတူ ကိုတာဘာရူးမြို့တွင် ဇွန် ၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ပန်တိုင်ကာဟာယာဘူလန် (မလေးရှား) - လူပျိုပေါက်အရွယ်ကတည်းက စွန်လုပ်သည့်
အတတ်ပညာသင်ယူခဲ့သော ရှာဖီဂျူဆိုဟ်သည် ယခုအသက် ၆၉ နှစ်တိုင် စွန်တစ်ရက်မလုပ်ရလျှင်
အိပ်မပျော်သည်အထိ ရိုးရာစွန်ပညာကို မြတ်နိုးသူဖြစ်သည်။ '' ကျုပ်က နေ့တိုင်း စွန်တွေလုပ်နေရမှ
မဟုတ်ရင် အိပ်မရဘူး'' ဟု သူကဆိုသည်။

သူက သူတတ်မြောက်ထားသည့် ထိုပညာကို နေ့တိုင်းအသုံးမချပါက မေ့သွားလိမ့်မည်ဟု
ပြောပြသည်။ ယနေ့ခေတ်တွင် မလေးရှား၌ ရှာဖီအပါအဝင် ရိုးရာစွန်ပညာရှင် အနည်းအကျဉ်းသာ
ကျန်ရှိတော့ပြီး ရိုးရာစွန်လုပ်ပညာသည် ရှေးဟောင်းပညာ တစ်ခုအဖြစ်အသက်ငွေ့ငွေ့နှင့်
ရှင်သန်နေရ၏။

ကီလန်တန်ပြည်နယ်အတွင်း တိတ်ဆိတ်ငြိမ်သက်လှသည့် ရွာတစ်ရွာရှိ ဖုန်တသောသောနှင့်
ခပ်မှောင်မှောင် အလုပ်ခန်းအတွင်းသို့ ဝင်လိုက်သည့်အခါ ခြောက်ပေခွဲခန့်ရှည်လျားသည့်
အတောင်ကားကား ရောင်စုံဧရာမစွန်ကြီးကို ဦးစွာမြင်တွေ့ရသည်။

''ကျုပ်ဒီစွန်ကို လွန်ခဲ့တဲ့နှစ် ၃ဝ က လုပ်ခဲ့တာ၊ လွှတ်ဖို့ လူ ၂၅ ယောက်လိုတယ်''ဟု ရှာဖီက
ဂုဏ်ယူဝံ့ကြွားစွာ ဆိုလိုက်ရင်း ထိုစွန်ကို ရိုက်ထားသည့် အရောင်လွင့်ပြယ်နေသော ဓာတ်ပုံတစ်ပုံကို
ထုတ်ပြသည်။ ကမ္ဘာတစ်ဝန်းတွင် မလေးရှားနိုင်ငံ၏ ပြယုဂ်တစ်ခုဖြစ်သည့် ရိုးရာစွန်များ၏ ပုံရိပ်ကို
ပါဝင်မြှင့်တင်ခဲ့သဖြင့် အစိုးရအဖွဲ့အစည်းများက ချီးမြှင့်ထားသည့်ဆုတံဆိပ် အမြောက်အမြားကိုလည်း
ရှာဖီ၏အလုပ်ခန်းအတွင်း သစ်သားစားပွဲတစ်လုံးတွင် အစီအရီ မြင်တွေ့ရသည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက မလေးရှားစွန်အကောင် ၃ဝ ကို ပဲရစ်တွင် သွားရောက်ပြသသောအခါ
တစ်ခဏအတွင်း အကုန်ရောင်းကုန်ခဲ့သည့် အတိတ်ကို ရှာဖီက အောက်မေ့တသနေသည်။
'' နိုင်ငံခြားသားတွေအဖို့ ဒီစွန်တွေက ထူးခြားနေတော့ သူတို့ကသိပ်ကြိုက်ကြတာ'' ဟု သူက
ဆိုသည်။ သေးသွယ်သည့် ဝါးချောင်းလေးများရရှိအောင် ဓားဖြင့်ခွဲစိတ် အချောသပ်နေသည့်
ရှာဖီ၏ လက်များမှာ အကြောပြိုင်းပြိုင်းထလျက်ရှိသည်။

မလေးရှားစွန်များသည် အခြေခံအားဖြင့် ငါးလိပ်ကျောက်၊ ကြောင်နှင့် ဒေါင်းဟူ၍ ပုံသဏ္ဌာန်ပေါ်
မူတည်ပြီး အမျိုးအစား အမြောက်အမြားရှိသည့်အနက် 'ဝါအူဂျာလာဘူဒီ' ဆိုသည့် စွန်တစ်မျိုးမှာ
အမျိုးသမီးများ၏ ခန္ဓာကိုယ်အချိုးအဆက်ကို အခြေခံပုံဖော်ထားသည်ဟု ယူဆကြလေသည်။

ရှာဖီ၏ ဖောက်သည်များတွင် စွန်လွှတ်ဝါသနာပါသူများသလို အိမ်တွင်အလှချိတ်ရန် ဝယ်သူအချို့လည်း
ရှိသည်။ သူ၏ စွန်များမှာ အနုပညာလက်ရာမြောက်သည်ဟု ဂုဏ်သတင်းရှိသည့်အားလျော်စွာ
ဥရောပနှင့် မြောက်အမေရိကက ကမ္ဘာလှည့်ခရီးသည်များလည်း တကူးတက လာရောက်ကြလေ့
ရှိသည်။

ရှာဖီက သူ့ထံ ပညာသင်ယူလိုသဖြင့် လာရောက်မေးမြန်သော ကျောင်းသားများရှိပြီး သူကလည်း
သူတတ်မြောက်ထားသည့်ပညာများကို ရနိုင်သမျှ လက်ဆင့်ကမ်းသွားရန် စိတ်ကူးထားကြောင်း
ပြောပြသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း