နှစ်သန်းပေါင်း ၃,၇ဝဝ ရှိ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိ

ဂရင်းလန်ဒေသတွင် ဤရှာဖွေတွေ့ရှိမှုသည် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်းနှင့် ဇီဝဖြစ်စဉ်များ၏ 
မူလအခြေခံနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတစ်ရပ် ဖြစ်လာကြောင်း နယူးဆောက်ဝေး 
တက္ကသိုလ်၏ ဘူမိဗေဒပညာရှင် ပါမောက္ခ မာတင်ဂျူလီယန်ဗန်ကရာနန်ဒွန့်ခ်က ဆို ...

ဂရင်းလန်ကျွန်း၌ နှစ်သန်းပေါင်း ၃,၇ဝဝ သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများကို စက်တင်ဘာ ၁ ရက်က သြစတြေးလျ သိပ္ပံပညာရှင်များ စစ်ဆေးနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဂရင်းလန်ကျွန်း၌ နှစ်သန်းပေါင်း ၃,၇ဝဝ သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများကို စက်တင်ဘာ ၁ ရက်က သြစတြေးလျ သိပ္ပံပညာရှင်များ စစ်ဆေးနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဆစ်ဒ်နီ - နှစ်သန်းပေါင်း ၃,၇ဝဝ သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်
ကမ္ဘာမြေပေါ်တွင် သက်ရှိများဖြစ်တည်ခဲ့မှုသည် မူလ ထင်မှတ်ထားသည်ထက်ပင် ပိုမိုရှည်ကြာခဲ့သည်ဟု
သြစတြေးလျ သိပ္ပံပညာရှင်များက စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

စထရိုမက်တိုလိုက်ခေါ် အလွန်သေးငယ်သည့်ကျောက်လွှာများကို ဂရင်းလန် ဒေသရှိ ရေခဲ
အငူစွန်းတွင် တွေရှိခဲ့ပြီး ယခင်တွေ့ရှိခဲ့သည်များထက် နှစ်သန်းပေါင်း ၂၂ဝ သက်တမ်းပိုရင့်သည်ဟု
သိပ္ပံပညာရှင်များက ဆိုသည်။

သို့ဖြစ်ရာ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၄,၅ဝဝ တွင် ကမ္ဘာမြေစတင်ဖြစ်ပေါ်ခဲ့သည့် မရှေးမနှောင်းမှာပင်
သက်ရှိများဖြစ်ပေါ်ခဲ့သည်ဟု ကောက်ချက်ချနိုင်ကြောင်း ဝူလောင်ဂွန်တက္ကသိုလ်၏ သုတေသီ
ခေါင်းဆောင်အယ်လင်နတ်မင်းက ပြောကြားသည်။

ထို့ပြင် ရှေးဦးသက်ရှိများသည် အင်္ဂါဂြိုဟ်ပေါ်တွင်ပင် ရှိနိုင်ခဲ့သည်ဟု မျှော်လင့်ရကြောင်း ၄င်းက
ဖြည့်စွက်ပြောကြားခဲ့သည်။

ဂရင်းလန်ဒေသတွင် ဤရှာဖွေတွေ့ရှိမှုသည် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်းနှင့် ဇီဝဖြစ်စဉ်များ၏
မူလအခြေခံနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတစ်ရပ် ဖြစ်လာကြောင်း နယူးဆောက်ဝေး
တက္ကသိုလ်၏ ဘူမိဗေဒပညာရှင် ပါမောက္ခ မာတင်ဂျူလီယန်ဗန်ကရာနန်ဒွန့်ခ်က ဆိုသည်။
သက်ရှိများသည် ကမ္ဘာမြေပေါ်တွင် လျင်မြန်စွာ ဖြစ်တည်လာကြောင်း ညွှန်ပြနေသည်ဟုလည်း
ရှာဖွေမှုတွင်ပါဝင်ခဲ့သည့် ၄င်းက ပြောကြားသည်။

တွေ့ရှိပုံမှာ ဂရင်းလန်ဒေသရှိ ဂရင်းစတုန်းကျောက်လွှာကြောတွင် ရေခဲချပ်တစ်ခု အရည်
ပျော်ကျသွားပြီး တစ်စင်တီမီတာမှ လေးစင်တီမီတာအထိ အထူရှိသော စထရိုမက်တိုလိုက်
ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်ဟု အယ်လင်နတ်မင်းက ပြောပြသည်။

အဏုဇီဝသက်ရှိများမှာ အလွှာများကြား အထပ်အထပ် ပိတ်မိနေခဲ့ရာ အချိန်ကြာလာသည်နှင့်အမျှ
ကျောက်အဖြစ်ပြောင်းလဲခဲ့ပြီး ယင်းသည် သက်ရှိများ၏ အထောက်အထားဖြစ်သည်။

ရှာဖွေမှုတွင် နောက်ထပ်ပါဝင်ခဲ့သူသြစတြေးလျ အမျိုးသားတက္ကသိုလ်က ဗစ်ကီဘန်းနတ်ကလည်း
ဤတွေ့ရှိမှုသည် ကမ္ဘာကြီး၏သမိုင်းကြောင်းနှင့် ပတ်သက်၍ ရှုထောင့်သစ်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး
ဂြိုဟ်များ၏သက်ရှိများဖြစ်တည်မှုကို လေ့လာရာတွင် အပြောင်းအလဲဖြစ်စေခဲ့သည်ဟု ပြောခဲ့သည်။

ရှေးဦးပတ်ဝန်းကျင်များ၏ ဖြစ်နိုင်ခြေအနေအထားများကို ခန့်မှန်းတွက်ချက်ခဲ့ရာ၌ပထမဆုံးအကြိမ်
အဖြစ် လက်ဆုပ်လက်ကိုင်သက်သေတစ်ခု ရရှိခဲ့ခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။ ထို့ပြင်
အင်္ဂါဂြိုဟ်ပေါ်တွင် အသက်ရှင်သန်မှုနှင့်ပတ်သက်သည့် အချက်အလက်များကို ရှာဖွေရာတွင်လည်း
အသုံးဝင်ပေလိမ့်မည်။ အင်္ဂါဂြိုဟ်တွင် တစ်ချိန်က ရေ၊ လေထုနှင့် အနွေးဓာတ်ရှိခဲ့သည်ဟု
ယုံကြည်ထားကြသဖြင့် ဘက်တီးရီးယားများ ရှင်သန်ရန် သင့်တော်သော အနေအထားဖြစ်သည်။

ယူဆချက်များအရဆိုလျှင် အင်္ဂါဂြိုဟ်တွင် လွန်ခဲ့သည့်နှစ်သန်းပေါင်း ၃,၇ဝဝ က ရေငွေ့ဓာတ်နှင့်
သမုဒ္ဒရာများပင် ရှိနိုင်ရာ အလားတူ စထရိုမက်တိုလိုက်များကို ရှာဖွေနိုင်ပါက အင်္ဂါဂြိုဟ်တွင်လည်း
သက်ရှိများ၏ အရိပ်အယောင်ကို ပိုမိုလွယ်ကူစွာ တွေ့နိုင်ကြောင်း အယ်လင်နတ်မင်းက
အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ယခု ဂရင်းလန်းတွေ့ရှိမှု မတိုင်ခင်က ၂ဝဝ၆ ခုနှစ်တွင် သြစတြေးလျနှင့် ကနေဒါ သုတေသန
ပညာရှင်များက ပီလ်ဘာရာဒေသတွင် နှစ်သန်းပေါင်း ၃၄ဝဝ သက်တမ်းရှိ ကျောက်ဖြစ်
ရုပ်ကြွင်းများကို နောက်ဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့သည်။

ဂရင်းလန်တွေ့ရှိမှုတွင် ကျောက်များမှာ ကောင်းမွန်သည့် အနေအထားရှိနေပြီး အနေအထား
မပျက်ယွင်းသေးသဖြင့် မူလအသွင်အပြင်အချို့ကို မြင်နိုင်သေးကြောင်း ယင်းက
ဆက်လက်ပြောပြခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း