ကမ္ဘာပေါ်ရှိ ပျောက်ကွယ်သွားသော အပင်များကို ကာကွယ်စောင့်ရှောက်သည့် ရုရှားနိုင်ငံက ဗာဗီလော့ဗ် အဖွဲ့အစည်း

 ရုက္ခဗေဒပညာရှင် ဗာဗီလော့ဗ်တည်ထောင်ခဲ့သည့် စိန့်ပီတာစ်ဘာ့ဂ် မျိုးစေ့ဘဏ်၌ စုဆောင်းထားသည့် မျိုးစေ့များ။ ဓာတ်ပုံ - အေအက်ဖ်ပီရုက္ခဗေဒပညာရှင် ဗာဗီလော့ဗ်တည်ထောင်ခဲ့သည့် စိန့်ပီတာစ်ဘာ့ဂ် မျိုးစေ့ဘဏ်၌ စုဆောင်းထားသည့် မျိုးစေ့များ။ ဓာတ်ပုံ - အေအက်ဖ်ပီ

စိန့်ပီတာစ်ဘာ့ဂ် - ဇာဘုရင်ခေတ် အဆောက်အအုံတစ်ခုရှိ မျက်နှာကြက်ခုံးအောက်
အစီအရီဆင့်ထားသော အံဆွဲများတွင် အပင်မျိုးစေ့ပေါင်း ထောင်ချီ၍ သိုလှောင်ထားပြီး
အချို့မျိုးစေ့များသည် ၄င်းတို့ မူရင်း စိုက်ပျိုးရာနေရာ၊ သို့မဟုတ် အလေ့ကျပေါက်ရောက်ရာနေရာတွင်
မပေါက်ရောက်တော့သည်မှာ ကြာမြင့်ပြီဖြစ်သည်။

အဖြူရောင် ဓာတ်ခွဲခန်းအင်္ကျီများကိုဝတ်ဆင်ထားသည့် ဝန်ထမ်းများသည် စိန့်ပီတာစ်ဘာ့ဂ်ရှိ
ထူးခြားသော မျိုးစေ့စုဆောင်းရေးဘဏ်တွင် နှစ် ၅ဝ အတွင်း အညှောင့်ပေါက်နိုင်စွမ်းရှိသည့်
အခြား မျိုးစေ့နမူနာများကို သေသေချာချာဂရုတစိုက် အေးခဲမှုပြုလုပ်လျက်ရှိသည်။

အမြော်အမြင်ရှိသည့် ရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်သည့် နီကိုလိုင် ဗာဗီလော့ဗ်က လွန်ခဲ့သော
ရာစုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အဆိုပါဌာနသည် စစ်ပွဲများနှင့် စက်မှုလုပ်ငန်းများကြောင့်
မျိုးတုံးသွားသည့် ထောင်ချီရှိ အပင်အမျိုးအစားများစွာကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့သည်။

ရာသီဥတုပြောင်းလဲမှု၊ စက်မှုစိုက်ပျိုးရေးနှင့် ဂလိုဘယ်လ်လိုက်ဇေးရှင်း (ကမ္ဘာအနှံ့ဖြစ်စဉ်များ) က
ကမ္ဘာ့ဇီဝ အမျိုးအစားမျိုးစုံကို အန္တရာယ်သစ်များပေးနေပြီး အပင်မျိုးရိုးဗီဇ အရင်းအမြစ် အဖွဲ့အစည်း၏
အခန်းကဏ္ဍမှာယခုထက်ပိုပြီး အရေးကြီးလာပြီဖြစ်သည်။

''ဥရောပမှာ အပင်မျိုးစိတ် အမျိုးအစားအတော်များများဟာ ဒုတိယကမ္ဘာစစ်နဲ့ စက်မှု
လုပ်ငန်းတွေကြောင့် မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့တယ်'' ဟု အဆိုပါ
အဖွဲ့အစည်း၏ ညွှန်ကြားရေးမှူး နီကိုလိုင် ဇူဘန်ကိုကပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

''စစ်ပွဲကြောင့် ပျက်စီးခဲ့ပြီးနောက် ကျန်ရှိနေသည့် ဒေသခံမျိုးစိတ်များသည်
အမေရိကန်နိုင်ငံက တင်ပို့ထားတဲ့ မျိုးကွဲများဖြစ်သည်'' ဟု သူကဆိုသည်။

''ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စုဆောင်းမှုကြောင့် ကမ္ဘာက မေ့လျော့နေတဲ့ အပင်မျိုးစိတ်တွေကို
ပြန်လည်ရှာဖွေသိရှိနိုင်ဖို့ အခွင့်အလမ်းရှိပါသေးတယ်'' ဟု သူက ပြောသည်။

အဆိုပါအဖွဲ့အစည်း၏ မျိုးစေ့အမျိုးအစားပေါင်း ၃၄၅,ဝဝဝ စုဆောင်းထိန်းသိမ်းထားမှုတွင်
ဥရောပ စပါးမျိုးအပြင် ၁၉၇ဝ ပြည့်နှစ်တွင် ပြည်တွင်းစစ်များကြောင့် ပျောက်ကွယ်ခဲ့သည့်
အီသီယိုပီးယန်းဂျုံပင်ကဲ့သို့ အခြားထူးခြားဆန်းပြားသော အပင်မျိုးစိတ်ပေါင်းများစွာ
ပါဝင်ကြောင်း သိရသည်။

၁၉၃ဝ ပြည့်နှစ်တွင် အဆိုပါအဖွဲ့အစည်းတည်ထောင်သူ၏ လေ့လာရေးခရီးစဉ်အတွင်း
စုဆောင်းခဲ့သည့် ဂျုံပင် မျိုးစေ့နမူနာများအနက် အနည်းငယ်ကို ဆိုဗီယက်ယူနီယံထံ
အီသီယိုးပီးယား အစိုးရက နောက်ပိုင်းတွင် တောင်းယူခဲ့ပြီး အီသီယိုးပီးယား နိုင်ငံတွင် ဂျုံပင်
ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့အစည်းတွင် သင်ကြားနေသည့်
သီးနှံစိုက်ပျိုးရေးပညာရှင် အီဂေါ လော့စ်ကူတက်ဗ်က ပြောကြားခဲ့သည်။

အဆိုပါ အဖွဲ့အစည်းကို တည်ထောင်ခဲ့သူ ဗာဗီလော့ဗ်သည် ၁၈၈၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး
ရုက္ခဗေဒပညာရှင်နှင့် ရုရှားနိုင်ငံ၏ ပထမဆုံး မျိုးရိုးဗီဇပညာရှင်များထဲက တစ်ဦးဖြစ်သည်။
သူသည် ကမ္ဘာတစ်ပတ်ပတ်၍ စိုက်ပျိုးရေးစင်တာများကို သွားရောက်ခဲ့ပြီး ၄င်း၏ စုဆောင်းမှုတွင်
အပင်မျိုးစိတ်နမူနာပေါင်း ၂၅ဝ,ဝဝဝ ကို ထည့်သွင်းနိုင်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၂ဝ ရက်က အအေးခံထားသော မျိုးစေ့များကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဒီဇင်ဘာ ၂ဝ ရက်က အအေးခံထားသော မျိုးစေ့များကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက် စတာလင်ခေတ်တွင် သိပံ္ပပညာ အတုအယောင်
အတွေးအခေါ်များအဖြစ် ရှုတ်ချခံခဲ့ရသည့် သီးနှံစိုက်ပျိုးရေးပညာရှင် ထရိုဖင်
လီဆန်ကိုကိုထောက်ခံမှုကြောင့် ဗာဗီလော့ဗ်နှင့် အခြား မျိုးရိုးဗီဇပညာရှင်များမှာ
တရားစွဲဆိုခံခဲ့ရပြီး ၄င်းတို့၏ အလုပ်လုပ်ကိုင်မှုကိုလည်း ပိတ်ပင်ခြင်းခံခဲ့ရသည်။

နိုင်ငံတကာက လေးစားရသည့် ဆိုဗီယက်စိုက်ပျိုးရေး အကယ်ဒမီ ကျောင်းကို ခြောက်နှစ်ကြာ
အုပ်ချုပ်ခဲ့သော်လည်း ဗာဗီလော့ဗ်မှာ ဆိုဗီယက် စိုက်ပျိုးရေးကို လျော့ပါးစေရန်
နည်းလမ်းရှာဖွေခဲ့သည်ဆိုသော သက်သေအထောက်အထားအပေါ် အခြေခံပြီး
၁၉၄ဝ ပြည့်နှစ်တွင် အဖမ်းခံခဲ့ရသည်။

သူသည် သုံးနှစ်အကြာတွင် အကျဉ်းထောင်၌ အာဟာရချို့တဲ့မှုဖြင့် သေဆုံးခဲ့ပြီး
သူ၏နာမည်ကိုလည်း ဆိုဗီယက် သိပ္ပံပညာရှင်များ အမည်စာရင်းထဲမှ ဖယ်ရှားခံခဲ့ရသည်။

သီးနှံ စိုက်ပျိုးရေးပညာရှင် ထရိုဖင် လီဆန်ကိုကို ထောက်ခံသည့် စတာလင်၏ အရိုက်အရာ
ဆက်ခံသူ နီကီတာ ခရူးရှော့ဖ် နိုင်ငံရေးအာဏာဆုံးရှုံးပြီးနောက် လီယိုနစ် ဘရက်ဇညက်ဖ်
လက်ထက် ၁၉၆ဝ ပြည့်နှစ်တွင် ဗာဗီလော့ဗ်နာမည်ကို ပြန်လည် ပြင်ဆင်ပေးခဲ့သည်။

အဆိုပါ စုဆောင်းမှုသည် ဒုတိယကမ္ဘာစစ်နှင့် လီနင်ဂရက်မြို့ (ယခု စိန့်ပီတာစ်ဘာ့ဂ်)
ဝန်းရံတိုက်ခိုက်ခံရမှုတွင် အံ့အားသင့်ဖွယ်ရာ လွတ်မြောက်ခဲ့ပြီး စားနပ်ရိက္ခာ
ပြတ်လပ်နေစဉ်အတွင်း သိပံ္ပပညာရှင်များက မျိုးစေ့များကို မစားမိစေရန် ထိန်းချုပ်
စောင့်ကြပ်ခဲ့ကြရကြောင်း သိရသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း