ပီရူးနိုင်ငံတွင် ဘာသာစကားများ ကယ်တင်ရေး ကြိုးပမ်း

 ဇန်နဝါရီ ၃၁ ရက်က ပီရူး ရိုးရာစာသင်ဝိုင်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဇန်နဝါရီ ၃၁ ရက်က ပီရူး ရိုးရာစာသင်ဝိုင်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

တော်ရှီရိုနှင့် ရက်ဆီဂရို ဘာသာစကားပြောနိုင်သူ ကမ္ဘာပေါ်တွင် တစ်ဦးစီသာ ကျန်ရှိကြသကဲ့သို့
မြူနီချီ ဘာသာစကားပြောနိုင်သူ သုံးဦး၊ အင်နာပါရီ ဘာသာစကားပြောနိုင်သူ လေးဦးနှင့် ကော်ကွိုင်
ဘာသာစကားပြောနိုင်သူ ၁၁ ဦးသာ ကျန်ရှိတော့ကြောင်း လေ့လာတွေ့ရှိရ...

လီမာ - အမာဒီယိုဂါရှာတွင် သူ့မိခင် ဘာသာ စကား (တော်ရှီရိုစကား) ဖြင့် ပြောရမည့်သူ
တစ်ဦးတစ်ယောက်မျှ မရှိတော့။ ပက်ဘလို အန်ဒရာဒီသည်လည်း သူ့မိခင်ဘာသာစကား
(ရက်ဆီဂရိုစကား) ပြောတတ်သူ ပြောရမည့် သူအဖြစ် သူတစ်ဦးတည်းသာ သက်ရှိ
ကျန်ရစ်နေသည်။

အထီးတည်းဖြစ်နေသည့် အမ်မဇုန်ချိုင့် ဝှမ်းရပ်ဝန်းဒေသကြီးတွင် လူမှုဘဝ
ခေတ်မီဖွံ့ဖြိုးလာချိန်မှစ၍ ဒေသခံ တိုင်းရင်းသား လူမျိုးများ၏ ဘဝနှင့် ဘာသာစကား
တိမ်မြုပ် ပျောက်ကွယ်လျက်ရှိရာ ပီရူးနိုင်ငံ၏ လုံးဝ တိမ်မြုပ်လုနီးနီးဖြစ်နေသော
တိုင်းရင်းသား ဘာသာစကား ၁၇ မျိုးတွင် တော်ရှီရို ဘာသာ စကားနှင့် ရက်ဆီဂရို
ဘာသာစကားလည်း ပါဝင်သည်။

ပီရူးနိုင်ငံမြောက်ပိုင်းမှ ဂါရှာ (၆၅ နှစ်)၏ တိုင်းရင်းသားမျိုးနွယ်စုဖြစ်သည့် တော်ရှီရိုတို့သည်
ငှက်ဖျားရောဂါ၊ ရော်ဘာစေးခြစ်သူတို့၏ ရန်ပြုမှု၊ မြစ်ချောင်းများအတွင်းမှ အဆိပ်သင့် ရေနံကြောင့်
ဆုံးပါးပျက်စီးကြရသည်။

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သည့် အန်ဒရာဒီသည်လည်း သူတို့ ရက်ဆီဂရို လူမျိုးစုတစ်ခုလုံး
ဘာသာစကားမျိုးသုဉ်း ကွယ်ပျောက်မည့်နေ့ကို စောင့်မျှော်နေရသည်။

သူနှင့် ရက်ဆီဂရိုစကား ပြောဖော် ရသေးသည့် ညီမလေး ရိုဆာနှင့် အတူနေထိုင်
ခွင့်ရခဲ့သော်လည်း မကြာမီက ညီမလေး ထူးဆန်းစွာ အသတ်ခံခဲ့ရ၍ ခေတ်ကုန်တော့မည့်
သူတို့ အမ်မဇုန် ဘာသာစကားပြောရမည့်သူ တစ်ဦးတစ်ယောက်မျှ မကျန်တော့။

ပီရူးနိုင်ငံတစ်ဝန်းတွင် ယခင် ဆယ်နှစ် အတွင်းက ရက်ဆီဂရို ဘာသာစကားပြောသူ
၃၇ ဦး ကျန်ရှိခဲ့သော်လည်း လူဦးရေ ပိုမို များပြားသည့် အခြားတိုင်းရင်းသား (အော့ ကိုင်နာ)
တို့နှင့် သွေးနှောခဲ့သောကြောင့် မူရင်းဘာသာစကား လုံးဝ တိမ်မြုပ်သွားခဲ့ ပြန်ကြောင်း
မနုဿဗေဒပညာရှင် အယ်လ် ဘတ်တိုချိုင်ရစ်က ဆိုသည်။

အင်ကာနိုင်ငံတော် စည်ပင်ဖွံ့ဖြိုးခဲ့သည့် ပီရူးနိုင်ငံအစိုးရသည် တိုင်းရင်းသားလူမျိုး
အသီးသီး၏ မိခင်ဘာသာစကားများ စပိန် လူမျိုးများ၏ ဘာသာစကားလွှမ်းမိုးမှု အန္တရာယ်ကိုလည်း
ကာကွယ်လျက်ရှိသည်။

နေ့စဉ် တီဗီသတင်းအစီအစဉ်များကို ကီချွာဘာသာစကားပြောသည့် ပြည်သူပေါင်း လေးသန်း
အတွက် ကီချွာဘာသာဖြင့် ထုတ်လွှင့်ပေးသည်။

အေမရာဘာသာစကားပြောသူ ပြည်သူ သန်းဝက်နီးပါးအတွက်လည်း အေမရာ တိုင်းရင်း
ဘာသာစကားဖြင့် ထုတ်လွှင့်ပေး သည်။ ယင်းတိုင်းရင်းသား ဘာသာစကား နှစ်မျိုးစလုံးတွင်
အသံထွက်များစွာ ရှိနေပြန်၍အသံကွဲအမျိုးမျိုးဖြင့် ပြောနေကြသော တိုင်းရင်းသားဦးရေ
အလွန်များပြားစွာ ရှိနေသည်။

ပီရူးနိုင်ငံ၏ တိုင်းရင်းသားလူမျိုးအသီးသီး၏ ဘာသာစကားပေါင်း ၃၇ မျိုးထက်မနည်း
တိမ်မြုပ်ပျောက်ကွယ်သွားပြီဟု အစိုးရ၏ တရားဝန်ထုတ်ပြန်ချက်များက ဖော်ပြသည်။

ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှု ရေးရာအဖွဲ့ (UNESCO)  ၏ ၂ဝဝ၉ ခုနှစ် ထုတ်ပြန်ချက်
အရ ကမ္ဘာတစ်ဝန်း ဘာသာ စကားပေါင်း ၂,၅ဝဝ ခန့်မှာ လုံးဝတိမ်မြုပ် ပျောက်ကွယ်တော့မည့်
အခြေအနေသို့ရောက်နေကြောင်း သိရှိရသည်။ တိုင်းရင်းသား ဘာသာစကားတိုင်းတွင် လည်း
စကားသံများ၊ ဟာသများ၊ ဆိုရိုးစကားပုံများနှင့် ပုံပြင်များ ထိုက်တန်စွာ ရှိနေကြသည်။

National Geographic  သုတေသနအဖွဲ့၏အဆိုအရ ပီရူးနိုင်ငံအပါအဝင် အမ်မဇုန်
မိုးသစ်တောနှင့် အင်ဒီးစ်တောင်ကြော ဒေသများသည် သြစတြေးလျမြောက်ပိုင်း ဒေသ၊
မြောက်အမေရိကရှိ အနောက်မြောက် ပစိဖိတ် ကုန်းမြင့်ဒေသ၊ ဆိုက်ဘေးရီးယား အရှေ့ပိုင်းနှင့်
အလယ်ပိုင်းဒေသများကဲ့သို့ ပင် တိမ်ကောပျောက်ကွယ်နေသည့် တိုင်းရင်းသား ဘာသာစကား
အများဆုံးရှိသည့် ကမ္ဘာ့ ဒေသကြီး ငါးခုတွင် ဒေသကြီးတစ်ခုအဖြစ် ပါဝင်နေသည်။

အထူးသဖြင့် တော်ရှီရိုနှင့် ရက်ဆီဂရို ဘာသာစကားပြောနိုင်သူ ကမ္ဘာပေါ်တွင် တစ်ဦးစီသာ
ကျန်ရှိကြသကဲ့သို့ မြူနီချီ ဘာသာစကားပြောနိုင်သူ သုံးဦး၊ အင်နာပါရီ ဘာသာစကားပြောနိုင်သူ
လေးဦးနှင့် ကော်ကွိုင် ဘာသာစကားပြောနိုင်သူ ၁၁ ဦးသာ ကျန်ရှိတော့ကြောင်း လေ့လာ
တွေ့ရှိရသည်။

ပီရူးနိုင်ငံတွင် အစိုးရ ယဉ်ကျေးမှုဝန်ကြီး ဌာန စီမံချက်ဖြင့် တော်ရှီရို ဘာသာစကား
ဆိုင်ရာ (ရုပ်/သံဖြင့် ပြောနိုင်သည့်) မှတ်တမ်းများနှင့် အသံထွက်အဘိဓာန်တစ်ခုကို
တီထွင်ပေးထားသည်။

ပီရူးနိုင်ငံအလယ်ပိုင်း အော့ဇာပမ်ပါပြည် နယ်မှ ယာနီရှာ တိုင်းရင်းသားများအတွက် အမေရိကန်
မနုသတ္တဗေဒနှင့် ဘာသာစကား ဗေဒပညာရှင် ရစ်ချတ်ချေ့စ်စမစ်၏ အကူအညီဖြင့် ဘာသာ
စကားနှစ်မျိုး သင်ကြားပို့ချပေးသည့် စာသင်ကျောင်းများ ဖွင့်လှစ်ပေးထားသည်။

ယာနီရှာ တိုင်းရင်းသားတို့အတွက် စာပေ အက္ခရာကို ခေတ်မီနည်းစနစ်များဖြင့် တီထွင်
ပေးရန်လည်း စာသင်ကျောင်းများ လုပ်ငန်း စဉ်တစ်ရပ် ချမှတ်ထားသည်။

ပီရူးနိုင်ငံရှိ တိုင်းရင်းသား ဘာသာစကား ၄၇ မျိုးအနက် ၄ဝ မှာ ဘာသာစကား နှစ်မျိုးဖြင့်
သင်ကြားပို့ချသည့် ကျောင်းများ ရှိနေကြပြီဖြစ်သည်။ လူဦးရေနည်းပါးသည့် လူမျိုးစု
ဖြစ်နေလင့်ကစား ၄င်းတို့ အစဉ် တစ်စိုက် ရှင်ကျန်ဖွံ့ဖြိုးရေးကို အစိုးရ
စီမံချက်ချမှတ်ဆောင်ရွက်ပေးနေသည်။

လူဦးရေ ပိုများသော လူမျိုးစုများအတွက် စာရေးနည်းစနစ်များနှင့် ကွန်ပျူတာစာသား များ
တီထွင်ရန်နှင့် လူဦးရေနည်းသည့် လူမျိုးစုများအတွက် ရုပ်/သံ ပြတိုက်များ
ထားရှိပေးရန်လည်း အစိုးရက စီစဉ်ဆောင် ရွက်လျက်ရှိသည်။

''တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး နဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ကျွန်တော်တို့က
ပြန်လည်အမှတ်ရ ဖော်ထုတ်ပေးတဲ့ စီမံကိန်း တစ်ခု လိုအပ်နေပါတယ်''ဟု ရစ်ချတ်ချေ့စ်
စမစ်က ဆိုသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း