တရုတ်နိုင်ငံ၏ ဖလော်ရီဒါဟု တင်စားထားသည့် ဟိုင်နန်ကျွန်းကို အငြိမ်းစားယူထားသူများ လာရောက်နေထိုင်မှု မြင့်တက်

 

သက်ကြီးရွယ်အိုနှင့် လူငယ်များ ဆန်ရာကမ်းခြေ၌ ဖေဖော်ဝါရီ ၁၅ ရက်က လေ့ကျင့်ခန်းပြုလုပ်နေစဉ်။  ဓာတ်ပုံ - အေအက်ဖ်ပီသက်ကြီးရွယ်အိုနှင့် လူငယ်များ ဆန်ရာကမ်းခြေ၌ ဖေဖော်ဝါရီ ၁၅ ရက်က လေ့ကျင့်ခန်းပြုလုပ်နေစဉ်။  ဓာတ်ပုံ - အေအက်ဖ်ပီ

ဆန်ရာ - အုန်းပင်များနှင့် ဝိုင်းရံနေသောကမ်းခြေများနှင့် အေးမြသော ရာသီဥတုရှိသည့်
ဟိုင်နန်ကျွန်းကို တရုတ်နိုင်ငံ၏ ဖလော်ရီဒါအဖြစ် လူသိများလာကြပြီး အငြိမ်းစားများသည်
သူတို့၏ နေထိုင်ရာအရပ်မှ အဆိုပါကျွန်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

''ဟာဘင်မှာရှိတဲ့ အိမ်မှာဆိုရင် ရာသီဥတုက အနုတ် ၃ဝ ဒီဂရီ (အနုတ် ၂၂ ဖာရင်ဟိုက်)
လောက်ရှိပြီး ဒီမှာကျတော့ ရာသီဥတုအရမ်းကောင်းတယ်'' ဟု အသက် ၇၁ နှစ်ရှိအငြိမ်းစား
ယူထားသူ ဝမ်က ပြောသည်။

ဆိုက်ဘေးရီးယားနယ်စပ်ရှိ လေထုညစ်ညမ်းနေပြီး ရာသီဥတုအလွန်အေးသော ဟေလုံကျန်းပြည်နယ်၊
ဟာဘင်မြို့တွင် နေထိုင်သော ဝမ်နှင့် သူ့ခင်ပွန်းတို့သည် ဟိုင်နန်ကျွန်းရှိ ဆန်ရာအပန်းဖြေစခန်းသို့
လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကတည်းက ဆောင်းရာသီတိုင်း သွားရောက်နေထိုင်ကြောင်းသိရသည်။
''ဒီမှာက လေကောင်းကောင်းရှူလို့ရတယ်။ နောက်ပြီး ရာသီဥတုကလည်း ကျန်းမာရေးအတွက်
ကောင်းတယ်'' ဟု ဟေလုံကျန်းပြည်နယ်က အသက် ၆ဝ အရွယ် ပန်းနာရောဂါသည် ချီနင်ရှားက
ဆိုသည်။

''ကျွန်မတို့ပြည်နယ်က လူတော်တော်များများကို ဒီမှာ တွေ့ရတဲ့အတွက် မပျင်းရဘူး'' ဟု
ချီကဆိုသည်။ ဆောင်းရာသီရောက်တိုင်း ဆန်ရာသို့ သက်ကြီးရွယ်အို ဦးရေ ၆ဝဝ,ဝဝဝနှင့်
၇ဝဝ,ဝဝဝ ကြား လာရောက်နေထိုင်ကြပြီး မြို့လူဦးရေ နှစ်ဆတိုးတက်ခဲ့ကြောင်း ဆန်ရာ
တက္ကသိုလ် လူမှုဗေဒပညာရှင် ဟွမ်ချင်းက ပြောသည်။

လာရောက်နေထိုင်သူ ထက်ဝက်ခန့်က ဟေလုံကျန်းပြည်နယ် အရှေ့မြောက်ပိုင်း၊ ကျီလင်နှင့်
လျန်အင်တို့မှ လာရောက်ကြကြောင်းသိရသည်။ အဆိုပါ လာရောက်နေထိုင်မှုသည် ထိုပြည်နယ်
တွင် နေထိုင်သူများက ဆန်ရာမြို့ရှိ တိုက်ခန်းများကို ၂ဝဝဝ ပြည့်နှစ်တွင် စတင်ဝယ်ယူခဲ့ကြပြီး
စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်ကာ အပေါင်းအသင်းများနှင့် မိသားစုဆွေမျိုးများကို
ဆွဲဆောင်ခဲ့သည်ဟု ဟွမ်က ပြောသည်။

သက်ကြီးရွယ်အိုများအတွက် ရည်ရွယ် ဖွင့်လှစ်ထားသော အပန်းဖြေစင်တာများက
မာကျောက် ကစားသည့်စားပွဲများ စသည်ဖြင့် သက်ကြီးရွယ်အိုများကို ဆွဲဆောင်လျက်ရှိသည်။
ပင်ပေါင်၊ ဘိလိယက်၊ စစ်တုရင်၊ ပန်းချီနှင့် ကွန်ပျူတာနှင့်ပတ်သက်သည့် ပစ္စည်းများဖြင့်
အပန်းဖြေစင်တာများက ဆွဲဆောင်လျက်ရှိသည်ဟု အပန်းဖြေစင်တာတစ်ခု၏ ဒါရိုက်တာ
ကျာန်က ပြောသည်။

ဟိုင်နန်ကျွန်းသည် တစ်ချိန်က ပြစ်မှုကျူးလွန်သူများနှင့် ရာထူးက ထုတ်ပယ်ခံရသော
ပညာရှင်များကို ပြည်နှင်ဒဏ်ပေးသည့် အစွန်အဖျားကျသော စခန်းတစ်ခုဖြစ်ပြီး
ဆန်ရာမြို့သည်လည်း ချောင်ကျသော တံငါသည်ရွာလေးတစ်ရွာပင် ဖြစ်သည်။

ယခုအခါ ဆန်ရာမြို့သည် အပန်းဖြေစခန်း၊ ရွက်လှေဆိပ်များ၊ ဂေါက်ကွင်းများနှင့် ဇိမ်ခံ
လူနေအိမ်ရာများ ရှုပ်ထွေးလျက်ရှိပြီးနိုင်ငံခြားနှင့် ပြည်တွင်းခရီးသွား ဧည့်သည်များကို
ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက အငြိမ်းစားယူထားသူများသည် ပြည်တွင်းဈေးကွက်များကို
လွှမ်းမိုးထားသော ဆိုင်ကြီးများထက် ဈေးဝယ်စင်တာ အသစ်များနှင့် ဂေါက်သီးရိုက်မည့်အစား
ဖဲကစားခြင်းကို ပိုနှစ်သက်ကြောင်းသိရသည်။

ဆန်ရာမြို့တွင် ဆောင်းလာခိုကြသော ပင်စင်စား သုံးပုံတစ်ပုံသည် စတီးလ်၊ ရေနံနှင့်
မိုင်းတွင်း အလုပ်သမားများဖြစ်ပြီး လစဉ်ဝင်ငွေ တရုတ်သုံးငွေ ယွမ် ၂,ဝဝဝ နှင့် ၃,ဝဝဝ
အကြား (ကန်ဒေါ်လာ ၂၉ဝ နှင့် ၄၃၅ အကြား) ရရှိပြီး ကျန်လေးပုံတစ်ပုံခန့်၏ လစာ
ဝင်ငွေမှာ ထိုထက်လျော့နည်းကြောင်း လူမှုဗေဒပညာရှင် ဟွမ်ကဆိုသည်။

ဆောင်းရာသီတွင် လူဦးရေနှစ်ဆမြင့်တက်လာသည့်အချိန်တွင် အစားအစာဈေးနှုန်းများ
တဖြည်းဖြည်း မြင့်တက်လာမှုကို ရင်ဆိုင်နေရသော ဒေသခံများအပေါ် ထိုသို့ စုပြုံ၍လာရောက်
နေထိုင်မှုက ဖိအားပေးလျက်ရှိသည်။ ချမ်းသာသည့် ပင်စင်စားများက တိုက်ခန်းများကို
ဝယ်ယူကြသဖြင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် ဟိုင်နန်၌ တိုက်ခန်းဝယ်သူ ၇ဝ ရာခိုင်နှုန်းနှင့် အထက်သည်
အဆိုပါကျွန်းတွင် နေထိုင်ခြင်းမရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ
သိရသည်။

ဆေးရုံများသည်လည်း လာရောက်နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကို
ရင်ဆိုင်ဖြေရှင်းရန် ရုန်းကန်နေရသည်။ ''အခြေအနေက ရုတ်တရက် ပြောင်းလဲလာပြီး
ဒေသတွင်း အခြေခံအဆောက်အအုံ ပြင်ဆင်ဖို့ အချိန်လိုအပ်ပါတယ်'' ဟု ရီဟယ်ဝန်ဆောင်မှု
စင်တာ ဒါရိုက်တာ အန် ဟောင်လီယန်ကဆိုသည်။ ဆန်ရာမြို့အခြေစိုက် ကိုယ်ကျိုးအတွက်
မရည်ရွယ်ဘဲ ဗုဒ္ဓဘာသာဝင်များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းက အငြိမ်းစားယူထား
သူများ၏ ကျန်းမာရေးကိစ္စများနှင့် လက်တွေ့ကြုံတွေ့နေရသော ပြဿနာများကို ကူညီဖြေရှင်း
ပေးလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ လူဦးရေ အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ပင်စင်စားများ ရာသီဥတု
ကောင်းမွန်သည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်မှုမှာ မြင့်တက်လာမည်ဖြစ်ကြောင်း
သိရသည်။ တရုတ်နိုင်ငံတွင် အသက် ၆ဝ အရွယ် လူဦးရေ ၂၁၂ သန်းနှင့်
အထက်ရှိပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် လူဦးရေ ၂၅ ရာခိုင်နှုန်း ဖြစ်လာနိုင်ကြောင်း အစိုးရ
အမျိုးသား စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း