အမေရိကန် ပထမဦးစားပေးမူဝါဒအောက် တွင် ဂျီ -၂ဝ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး ကျင်းပမည်

 ဖေဖော်ဝါရီ ၁၇ ရက်က ဂျာမနီနိုင်ငံ ဘွန်းမြို့ရှိ ကမ္ဘာ့ညီလာခံစင်တာတွင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီဖေဖော်ဝါရီ ၁၇ ရက်က ဂျာမနီနိုင်ငံ ဘွန်းမြို့ရှိ ကမ္ဘာ့ညီလာခံစင်တာတွင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဘာလင် - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ၏ အမေရိကန်နိုင်ငံကို ပထမဦးစားပေးရေး
မူဝါဒကို ကျင့်သုံးပြီး ကမ္ဘာ့စီးပွားရေးကို ဖရိုဖရဲဖြစ်အောင် လုပ်နိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ
မြင့်တက်လာနေသည့်အလျောက် ကမ္ဘာ့ထိပ်သီးနိုင်ငံများက ဘဏ္ဍာရေးဝန်ကြီးများ ဂျာမနီနိုင်ငံတွင်
မတ် ၁၇ ရက်၌ တွေ့ဆုံကြမည်ဖြစ်သည်။

အမေရိကန်သမ္မတ အိမ်ဖြူတော်ကိုပြောင်းရွှေ့ပြီး နှစ်လအတွင်း ထရမ့်က ပစိဖိတ်တစ်ဖက်
တစ်ချက်နိုင်ငံများ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်ကို ဆန့်ကျင်ငြင်းပယ်ခဲ့ကာ
ယင်းက အမေရိကန်ပြင်ပ၌ စက်ရုံများ တည်ထောင်ထားသည့် နိုင်ငံတကာကုမ္ပဏီကြီးများ
အတွက် ပြင်းထန်သည့် အခွန်များပေးရမည့် ခြိမ်းခြောက်မှုအန္တရာယ်ရှိသကဲ့သို့ ကုန်ပစ္စည်း
အများဆုံး တင်ပို့သည့် တရုတ်ငွေကြေး ဈေးကစားမှုကိုလည်း ထိုးနှက်ခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဖင် အမ်နုချင်က သူ၏ပထမဆုံး နိုင်ငံခြားတရားဝင်
ခရီးစဉ်တွင် ဂျီ-၂ဝ အဖွဲ့ဝင်နိုင်ငံများက ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်အကြီးအကဲများနှင့်
တွေ့ဆုံမည်ဖြစ်ကာ နှစ်ရက်ကြာကျင်းပမည့် ဂျီ-၂ဝ အစည်းအဝေးကို မတ် ၁၇ ရက်တွင်
ဂျာမနီနိုင်ငံ အနောက်ပိုင်း ဘာဒန်ဘာဒန်မြို့၌ စတင်ကျင်းပမည်။

ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး အမေရိကန်နိုင်ငံအနေဖြင့် ကာလရှည်ကြာ
ထောက်ခံအားပေးခဲ့သော ဈေးကွက်များနှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့်တို့ကို စွန့်လွှတ်ရန်
လုံးလုံးလျားလျားရည်ရွယ်ထားပြီး ဖြစ်မဖြစ်ကို သိရှိလိုကြသော အမေရိကန်၏ အဓိက
ကုန်သွယ်ဖက် နိုင်ငံများ၏ အသေးစိတ်မေးမြန်းမှုများနှင့် ဂိုးလ်မင်းဆက်ခ်စ်
ဘဏ်လုပ်ငန်းရှင်ဟောင်း စတီဖင် အမ်နုချင် ရင်ဆိုင်နေရသည်။ ဂျာမနီနိုင်ငံ၏ ကုန်သွယ်ရေး
ပိုလျှံမှုများပြားနေခြင်းနှင့်ပတ်သက်၍ ထရမ့်၏တိုက်ခိုက်ပြောဆိုမှုများကို ဂရုမထားဘဲ
အစည်းအဝေးမတိုင်မီ ဂျာမနီနိုင်ငံက ကျေရာကျေကြောင်း ပြောဆိုခြင်းများရှိခဲ့သည်။

''ကမ္ဘာ့စီးပွားရေးနဲ့ပတ်သက်ပြီး အားမရစရာ အကြောင်းမရှိပါဘူး။ အမေရိကန်နိုင်ငံနဲ့
ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အဆိုးမြင်စရာ အကြောင်းမရှိပါဘူး'' ဟု ဂျာမန် ဘဏ္ဍာရေး
ဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

''အခွန်ကိစ္စလိုမျိုး ဆွေးနွေးဖို့လိုအပ်တဲ့ အကြောင်းအရာခေါင်းစဉ်တွေ ရှိပါတယ်။
ဆွေးနွေးမှုတွေက အပြုသဘောဆောင်ပြီးကောင်းမွန်တဲ့ နားလည်မှုတစ်ရပ်
ရစေလိမ့်မယ်လို့ ထင်ပါတယ်''ဟု အမည်မဖော်လိုသူ အဆိုပါ တာဝန်ရှိသူက ဆိုသည်။

၎င်းက မည်သည့် အခွန်ကိစ္စဖြစ်ကြောင်းကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ သို့သော် ထရမ့်၏
ခြိမ်းခြောက်ခြင်းခံနေရသည့် ပြည်တွင်းလုပ်ငန်းကာကွယ်ရေး လုပ်ဆောင်မှုများထဲတွင်
အကယ်၍ ထိပ်တန်း ဂျာမန်ကားကုမ္ပဏီ BMW က မက္ကဆီကိုတွင် စက်ရုံတစ်ရုံတည်ထောင်
လုပ်ကိုင်ခြင်းကို ရှေ့ဆက်တိုးမည်ဆိုပါက ယင်းအတွက် ၃၅ ရာခိုင်နှုန်း အခွန်စည်းကြပ်
ခံရမည်ဖြစ်သည်။

ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် ထရမ့်တို့ မတ် ၁၇ ရက်တွင် ဝါရှင်တန်၌
ပထမဆုံးအကြိမ် တွေ့ဆုံသည့်အခါ အဆိုပါကိစ္စ ပေါ်ပေါက်လာမည်ဟု ခန့်မှန်းရသည်။

ဥရောပ လုပ်ဖော်ကိုင်ဖက်တစ်ဦးကမူ ''အမေရိကန်ပြည်ထောင်စုက ဂျီ-၂ဝ ကို ဆက်ပြီး
ယုံကြည်သွားမှာလား'' ဟု မေးခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း