မြောက်ကိုရီးယားနိုင်ငံက ဂျပန်ပင်လယ်ပြင်သို့ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်

 

ဆိုးလ် - မြောက်ကိုရီးယားနိုင်ငံ၏ အရှိန်မြှင့်ဆောင်ရွက်လာသည့် အဏုမြူလက်နက်
အစီအစဉ်ကို အဓိက ဆွေးနွေးမည့် အစည်းအဝေးဖြစ်သော တရုတ် - အမေရိကန် ထိပ်သီး
တွေ့ဆုံပွဲမတိုင်မီ နျူကလီးယားလက်နက်တပ်ဆင်ထားသော မြောက်ကိုရီးယားနိုင်ငံက
ဧပြီ ၅ ရက်တွင် ဂျပန်ပိုင်နက်ပင်လယ်ထဲသို့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း
ပစ်လွှတ်ခဲ့သည်။

အကယ်၍ ကမ္ဘာလုံးဆိုင်ရာအသိုင်းအဝိုင်းက ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်
လာပါက မြောက်ကိုရီးယားနိုင်ငံက ပြန်လည် တုံ့ပြန်သွားမည်ဟု သတိပေးခဲ့ပြီးနောက်
အဆိုပါ ဒုံးကျည်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ကီလိုမီတာ ၆ဝ (မိုင် ၄ဝ ခန့်) ရောက်ရှိခဲ့သည်ဟု
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်အမျိုးအစားမြှာု၁၅ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး အမေရိကန်နိုင်ငံ
အတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်း အမေရိကန်စစ်တပ်ကထုတ်ပြန်ခဲ့သည်။

အမေရိကန် - ပစိဖိတ် စစ်တပ်ဌာနချုပ်က တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်
မဟာမိတ်နိုင်ငံများနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်သွားမည်ဟု အင်ဒို - အာရှ
- ပစိဖိတ်ဒေသရှိ စစ်တပ်ဌာနချုပ်က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ နောက်ထပ် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ခဲ့မှုကို အမေရိကန်နိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလ်လာဆန်က အတည်ပြုခဲ့သည်။

''အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက်
ပြောခဲ့ပြီးပါပြီ။ မှတ်ချက်ထပ်ပေးဖို့မရှိပါဘူး'' ဟု ၄င်းက ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် စိုးရိမ်စရာ ရန်စမှု တစ်ခုဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေး
ကောင်စီ ဆုံးဖြတ်ချက်ကို ထင်ထင်ရှားရှား ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဂျပန်ဝန်ကြီးချုပ်
ရှင်ဇိုအာဘေးက ပြောသည်။

''မြောက်ကိုရီးယားက ဒီထက်ပိုပြီး ရန်စတဲ့ လုပ်ရပ်တွေ ပြုလုပ်သွားဖွယ်ရှိတယ်'' ဟု သူက
ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုကြောင့် မြောက်ကိုရီးယား လက်နက်အစီအစဉ်နှင့် ပတ်သက်ပြီး
နိုင်ငံတကာက စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံသို့ ပစ်လွှတ်နိုင်မည့် တာဝေးပစ် နျူကလီးယား
ဒုံးကျည်စနစ်ကို ထုတ်လုပ်လျက်ရှိပြီး ၂ဝ၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော စမ်းသပ်ပစ်လွှတ်မှု
နှစ်ကြိမ်အပါအဝင် နျူကလီးယားလက်နက် စမ်းသပ်မှု ငါးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

အကယ်၍ တရုတ်နိုင်ငံ မပါဝင်ခဲ့ပါက အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းဖြင့်
မြောက်ကိုရီးယားနိုင်ငံ အရှုံးပေးအောင် ဆောင်ရွက်သွားမည်ဟု အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပြီးနောက် အဆိုပါ နောက်ဆုံး ပစ်လွှတ်မှု ပြုလုပ်ခဲ့ခြင်း
ဖြစ်သည်။

Financial Times သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခြင်းတွင် ၄င်း၏ မှတ်ချက်များက ဧပြီ ၆
ရက်နှင့် ၇ ရက်မတိုင်မီတွင် ပြုလုပ်မည့် တရုတ် - အမေရိကန် ထိပ်သီးတွေ့ဆုံပွဲမတိုင်မီ
တရုတ်နိုင်ငံကို ဖိအားပေးခဲ့သည်။

ထရမ့်သည် ယခုရက်သတ္တပတ်အတွင်း ဖလော်ရီဒါပြည်နယ်၊ မာအလာဂို အပန်းဖြေစခန်းတွင်
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံသွားမည်ဖြစ်ပြီး တင်းမာမှုမြင့်တက်
လာသော ကိုရီးယားကျွန်းဆွယ်နှင့် ပတ်သက်၍ အဓိက ဆွေးနွေးသွားဖွယ်ရှိကြောင်း
သိရသည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံ၏ တစ်ခုတည်းသော အဓိက သံတမန်ရေးရာ
အပေါင်းအသင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရသော
မြောက်ကိုရီးယားနိုင်ငံ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ဖေဖော်ဝါရီလတွင် မြောက်ကိုရီးယားနိုင်ငံက အရှေ့ကမ်းရိုးတန်းသို့ ပဲ့ထိန်းဒုံးကျည်လေးစင်း
ပစ်လွှတ်ခဲ့ပြီး သုံးစင်းမှာ ဂျပန်နိုင်ငံပိုင်နက် ပင်လယ်အနီးတွင် ကျရောက်ခဲ့သည်။

၂ဝ၁၆ ခုနှစ်၊ သြဂုတ်လတွင် မြောက်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောဖြင့်
ပဲ့ထိန်းဒုံးကျည်တစ်စင်း အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံနှင့်
ကီလိုမီတာ၅ဝဝ အကွာတွင် ပြုတ်ကျခဲ့ကြောင်းသိရသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း