တရုတ်ထံက ကန်ဒေါ်လာ ၃၉၃ သန်းတန် ရေငုပ်သင်္ဘောဝယ်ယူမှုအပေါ် တန်ဖိုးနည်းသည်ဟု ထိုင်းအစိုးရ ကာကွယ်ပြောဆို

 ထိုင်းနိုင်ငံက ဝယ်ယူမည့် တရုတ်ရေငုပ်သင်္ဘောတစ်စင်း။ ဓာတ်ပုံ - Bangkok Postထိုင်းနိုင်ငံက ဝယ်ယူမည့် တရုတ်ရေငုပ်သင်္ဘောတစ်စင်း။ ဓာတ်ပုံ - Bangkok Post

ဘန်ကောက် - တရုတ်နိုင်ငံထုတ် ရေငုပ်သင်္ဘောအား အမေရိကန်ဒေါ်လာ ၃၉၃ သန်းဖြင့်
ဝယ်ယူရန် ကြိုတင်လျာထားမှု အရောင်းအဝယ်နှင့် ပတ်သက်ပြီး လျှို့ဝှက်ထားမှု၊
တန်ဖိုးကြီးမှုနှင့် ရေငုပ်သင်္ဘော၏သံသယဖြစ်ဖွယ်ရာ မည်သည့်နေရာတွင် အသုံးပြုမည်နှင့်
ပတ်သက်ပြီး ဝေဖန်မှုများကို ထိုင်းအစိုးရက ဧပြီ ၂၅ ရက်တွင် ပြန်လည်
ချေပပြောကြားခဲ့သည်။

အဆိုပါ ရေငုပ်သင်္ဘောဝယ်ယူမှုသည် ထိုင်းနိုင်ငံ၏ ၂ဝ၁၄ ခုနှစ် အာဏာသိမ်းမှု
ဖြစ်ပွားပြီးနောက် ပိုမိုရင်းနှီးလာသော တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအကြား နောက်ဆုံး
ကာကွယ်ရေး သဘောတူညီချက်တစ်ခုပင်ဖြစ်သည်။ ထိုင်းနိုင်ငံက တရုတ်နိုင်ငံထုတ်
တင့်ကားများကိုဝယ်ယူထားပြီးဖြစ်ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလျံကုန်ကျမည့်
ရေငုပ်သင်္ဘော သုံးစင်းဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် စစ်တပ်ဦးဆောင်သည့် အစိုးရအဖွဲ့က ပထမဆုံး ရေငုပ်
သင်္ဘောဝယ်ယူရန် ဘဏ္ဍာငွေပေးအပ်ရန် အတည်ပြုခဲ့သည်။ ဧပြီ ၂၄ ရက်အထိ လူသိရှင်ကြား
မကြေညာခဲ့သော အဆိုပါ ဆုံးဖြတ်ချက်က ပွင့်လင်းမြင်သာမှုအားနည်းခြင်းနှင့် ပတ်သက်ပြီး
စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ထိုင်းနိုင်ငံတွင် ထိုသဘောတူညီချက်က အငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ရေတိမ်ပိုင်းတွင်
ရှိသော ထိုင်းနိုင်ငံတွင် ရေငုပ်သင်္ဘောများမလိုအပ်ဘဲ အိမ်နီးချင်းနိုင်ငံများနှင့်
ပတ်သက်သည့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုများတွင် မပါဝင်သင့်ကြောင်း
ဝေဖန်သူများက ဝေဖန်ပြောဆိုခဲ့သည်။

အဆိုပါ သဘောတူညီချက်မှာ ပွင့်လင်းမြင်သာမှုရှိပြီး ထိုင်းနိုင်ငံရေတပ်အတွက်
အပေးအယူကောင်းတစ်ခု ဖြစ်သည်ဟု ဧပြီ ၂၅ ရက်တွင် ကာကွယ်ရေးဝန်ကြီး
ပရာဝစ်ဝေါင်ဆူဝမ်က ပြောဆိုခဲ့သည်။

''တရုတ်နိုင်ငံထုတ် ရေငုပ်သင်္ဘောများကို ရွေးချယ်ဝယ်ယူတာဟာ တခြားနိုင်ငံက
ကမ်းလှမ်းမှုတွေနဲ့ယှဉ်ရင် ဈေးအချိုဆုံးဖြစ်လို့ပါပဲ'' ဟု သူက သတင်းထောက်များကို
ပြောကြားခဲ့သည်။

ကပ္ပလီပင်လယ်ပြင်ရှိ သဘာဝ သယံဇာတများကို ကာကွယ်ရန်လိုအပ်ပြီး အိမ်နီးချင်းနိုင်ငံ
တိုင်း၌ ရေငုပ်သင်္ဘောများရှိသည့်အတွက် ဖိအားခံစားရခြင်းကြောင့် ရေငုပ်သင်္ဘောများ
လိုအပ်သည်ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။

ပထမဆုံး ရေငုပ်သင်္ဘောကို လာမည့် ခြောက်နှစ်အတွင်းတွင် ရောက်ရှိလာမည်ဖြစ်ပြီး
နှစ်စင်းမှာ လာမည့် ဆယ်စုနှစ်တွင် ရောက်ရှိလာမည်ဟု မျှော်လင့်ထားကြောင်း
ပရာဝစ်က ဆိုသည်။

ကာကွယ်ရေးအသုံးစရိတ် သုံးစွဲမှုသည် ပုံမှန်အားဖြင့် စစ်တပ်အာဏာသိမ်းမှု
ဖြစ်ပွားပြီးနောက် လွန်ခဲ့သည့် နှစ် ၈ဝ ကထက် တစ်ရှိန်ထိုးတက်လာခဲ့သည်။

ကြည်းတပ်၊ ရေတပ်နှင့် လေတပ်များ၏ အသုံးစရိတ်သုံးစွဲမှုများက စစ်တပ်အကြား
အင်အားချိန်ခွင်ကို ရောင်ပြန်ဟပ်စေသည်။ တရုတ်နိုင်ငံ၏ မဟာမိတ် အမေရိကန်နိုင်ငံနှင့်
ထိုင်းနိုင်ငံအကြား ဆက်ဆံရေးတင်းမာခဲ့သည့် လက်ရှိ အာဏာသိမ်းမှုပြီးနောက်
ထိုင်းနိုင်ငံ စစ်တပ်၏ စိတ်လွတ်လက်လွတ် သုံးစွဲနေမှုအပေါ် တရုတ်နိုင်ငံသည်
အမြတ်အစွန်း ရယူလျက်ရှိသည်။ ထိုင်းနိုင်ငံက လွန်ခဲ့သည့်နှစ် ၅ဝ ခန့်ကတည်းက
ရေငုပ်သင်္ဘောများကို အသုံးပြုခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း