အာကာသစခန်းတွင် အချိန်အကြာဆုံးနေခဲ့သည့် အမျိုးသမီး အာကာသယာဉ်မှူး

ဝှစ်ဆန်နှင့် ၄င်း၏ လုပ်ဖော်ကိုင်ဖက် ဂျက်ဖစ်ရှာတို့ကို အာကာသစခန်းအတွင်း တွေ့ရစဉ်။ဝှစ်ဆန်နှင့် ၄င်း၏ လုပ်ဖော်ကိုင်ဖက် ဂျက်ဖစ်ရှာတို့ကို အာကာသစခန်းအတွင်း တွေ့ရစဉ်။

ဝါရှင်တန် - အမေရိကန် အမျိုးသား အာကာသအဖွဲ့ (NASA) မှ အမျိုးသမီး အာကာသယာဉ်မှူး
ပက်ဂီဝှစ်ဆန်က ဧပြီ ၂၄ ရက်တွင် အာကာသစံချိန်သစ်တစ်ခု တင်လိုက်ခြင်း အတွက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဝှစ်ဆန်အား တယ်လီဖုန်းဖြင့် ဂုဏ်ပြု အားပေးစကား
တိုက်ရိုက်ပြောကြားရာတွင် ပြန်လည်ပြုပြင်ထားသည့် မိမိတို့ ကျင်ငယ်ရည် ကို သောက်ကြရသည့်
မသဒီစရာ အာကာသ ယာဉ်မှူးတို့၏ ကြိုးပမ်းမှုဘဝကိုလည်း ထည့်သွင်း ဖော်ပြသွားခဲ့သည်။

ဝှစ်ဆန် (၅၇ နှစ်) သည် ယခင် NASA မှ ဂျက်ဖ်ဝီလျံတင်ထားသည့် ကမ္ဘာပတ်လမ်းတွင်
နေထိုင်သည့် စံချိန်ကို ၅၃၄ ရက်ဖြင့် စံချိန်ချိုးနိုင်ခဲ့သော်လည်း ၈၇၉ ရက်ဖြင့် ရုရှား
အာကာသယာဉ်မှူး ဂျင်နဒီပဒေါ်ကာတင်ထား သည့် ကမ္ဘာ့စံချိန်နှင့် အလွန်ကွာလှမ်းနေ
သေးသည်။ ဘဲဥပုံရုံးခန်းတွင် သမီး အိုင်ဗန် ကာနှင့် NASA အာသာသယာဉ်မှူး ကိတ်ရူဘင်
တို့ခြံရံလျက် ထရမ့်က ''မယုံကြည်နိုင်လောက် အောင် ထူးထူးခြားခြားချိုးလိုက်တဲ့ စံချိန်ပါပဲ''
ဟုလည်း ထောပနာပြုသည်။

လူလိုက်ပါသည့် အာကာသခရီးရှည်များ တွင် အာကာသယာဉ်မှူးများ သောက်ရန်အတွက်
ကျင်ငယ်ရည်ကို သောက်ရည်အဖြစ် ပြုပြင်ပြောင်းလဲသည့် နည်းပညာတစ်ခုအပါ အဝင်
အာကာသတွင်း အထောက်အကူပြု နည်းပညာများကို ဝှစ်ဆန်က ရှင်းလင်းပြောပြ၍
အပြီးတွင် ထရမ့်သည် သူဖတ်ပြောပြော နေသည့် စာရွက်ကို ကြည့်မနေတော့ဘဲ
''မင်းတို့တွေ ငါ့ထက် ပိုထူးကြ၊ တော်ကြပါပေတယ်'' ဟု ဟစ်ကြွေးလိုက်သည်။

ဝှစ်ဆန်သည် ၁၉၈၅ ခုနှစ်တွင် ဇီဝဓာတုဗေဒဘာသာဖြင့် ဒေါက်တာဘွဲ့ရပြီးနောက် NASA
တွင် သိပ္ပံပညာရှင်အဖြစ် ခုနစ်နှစ်ဆောင်ရွက်သည်။ ၁၉၉၇ ခုနှစ်မှစ၍ အာကာသယာဉ်မှူးအဖြစ်
လေ့ကျင့်သင်ယူခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် ပထမဆုံး အာကာသခရီးအဖြစ် အာကာသလွန်းပျံယာဉ်
'အင်ဒဲဗား'ဖြင့် နိုင်ငံတကာအာကာသစခန်း (ISS) သို့သွားရောက်၍ ISS တွင် ခြောက်လကြာ
နေထိုင်ခဲ့သည်။ ISS သည် ကမ္ဘာကို မိုင် ၂၅ဝ ခန့်အမြင့်မှ ဝန်းပတ်နေသည်။

ဝှစ်ဆန်သည် ၂ဝဝ၈ ခုနှစ်၊ ဧပြီလတွင် ဒုတိယအကြိမ် အာကာသခရီးအဖြစ် ISS သို့
ခြောက်လကြာ သုတေသနတာဝန်ခံအဖြစ် သွားရောက်ခဲ့သည်။ ISS သုတေသနစခန်း၏
ပထမဆုံး အမျိုးသမီးတာဝန်ခံလည်းဖြစ်သည်။

ဝှစ်ဆန်၏ နောက်ဆုံးနှင့် တတိယ အကြိမ်အဖြစ် နိုဝင်ဘာလတွင် အာကာသခရီး စတင်ခဲ့ပြန်သည်။
ISS တွင် လုပ်ငန်းများ ကိုးလ ထပ်မံတိုးမြှင့်ဆောင်ရွက်ပြီးနောက် စက်တင်ဘာလတွင် ကမ္ဘာမြေသို့
ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း