သြစတြေးလျနိုင်ငံသားတို့ အသစ်အဆန်း အင်းဆက်ပိုးဟင်းလျာ စားသုံးမှုများလာ

 ဇန်နဝါရီ ၂၈ ရက်က ဆစ်ဒ်နီမြို့ အင်းဆက်ပိုးဆိုင်တွင် ပိုးဟပ်ကြော်၊ ပျားရည်ဆမ်းပုရွက်ဆိတ် စသည့်ဟင်းလျာများ ရောင်းချစဉ်။  ဓာတ်ပုံ - အေအက်ဖ်ပီ ဇန်နဝါရီ ၂၈ ရက်က ဆစ်ဒ်နီမြို့ အင်းဆက်ပိုးဆိုင်တွင် ပိုးဟပ်ကြော်၊ ပျားရည်ဆမ်းပုရွက်ဆိတ် စသည့်ဟင်းလျာများ ရောင်းချစဉ်။  ဓာတ်ပုံ - အေအက်ဖ်ပီ

ဆစ်ဒ်နီ - ဆစ်ဒ်နီမြို့သား စားဖိုမှူး 'နောင်ရှက် အလမ်ရာဆယ်' (Nowshad Alam Rasel)
ဟာပုရစ်ကောင်အပြည့်ထည့်ထားတဲ့ ဒယ်အိုးပူကြီးထဲကို သံပုရာရည်နဲ့ ဆားအနည်းငယ်
ထည့်၊ မီးလျှံရဲရဲနဲ့ လျှပ်စစ်မီးဖိုပေါ်မှာထားပြီး တစ်ဆတ်ဆတ် လှုပ်ခါလှန်လှောပြီး အနံ့
အရသာပိုကောင်းအောင် လုပ်နေပါတယ်။

မက္ကဆီကန် အရက်ဆိုင်နဲ့ ဘန်ကောက် မြို့တွင်းလမ်းပေါ်က စားသောက်ဆိုင်တွေမှာ
လူကြိုက်များစေမယ့် ဒီလို အရသာထူးကဲတဲ့ သရေစာတစ်မျိုးဟာ ယခုအခါ သြစတြေးလျနိုင်ငံ
El Topo ကဲ့သို့ ခေတ်မီစားသောက်ဆိုင်တွေရဲ့ ဟင်းလျာစာရင်းဝင် ဖြစ်လာပါပြီ။

''ဆိုင်ကို အခုမှရောက်လာကြသူတွေက တော့ ဘယ်လိုစားသလဲလို့ သိပ်သိချင်နေကြပါတယ်''လို့
ရာဆယ်က ပုရစ်ကြော်တွေကို ပန်းကန်ပြားတွေမှာ ပါးပါးလှီးထားတဲ့ ငရုပ်သီးစိမ်းတွေဖြူးရင်း
ပြောပြပါတယ်။

လောလောဆယ်မှာတော့ ပိုးဟပ်ကင်၊ ပျားရည်အနံ့အရသာ ပုရွက်ဆိတ်၊ ငှက်စာ
ပိုးလောက်လမ်း၊ ချောကလက် ပြောင်းဖူး ပေါက်ပေါက်တို့ကို အစမ်းသဘော ဝယ်ယူ
မြည်းစမ်းကြည့်နိုင်ကြပါတယ်။

အင်းဆက်ပိုးကောင် စားသုံးရေးနှင့် ပတ်သက်တဲ့ စားသုံးသူ သဘောထားတွေ ထုံးစံအတိုင်း
ကွဲနေကြတယ်လို့လည်း ဆစ်ဒ်နီ မြို့ပေါ်မှာ အင်းဆက်ပိုးကောင် ထုတ်လုပ် ရောင်းချနေတဲ့
အကြီးဆုံးဆိုင် (Edible Bug Shop) ပိုင်ရှင် စကိုင်းဘလက်ဘန်းက ဆိုတယ်။

အစားအစာသစ်နဲ့ပတ်သက်လို့ ဆိုင်ကိုရောက်လာသူတွေထဲက ပထမအမျိုးအစားတွေဟာ
စိတ်အပြောင်းအလဲ လုံးဝမရှိကြဘူး။ အစားအစာသစ်ကို မြင်ဖူးအောင်ကြည့်ဖို့သာ ဖြစ်ပြီး
မြည်းစမ်းကြည့်ဖို့ ဆန္ဒမရှိကြဘူး။

ဒုတိယအမျိုးအစားကတော့ အစားသစ် အကြောင်း တကယ် သိချင်ကြတယ်၊ တချို့က
မြည်းစမ်းချင်ကြတယ်၊ တချို့က မြည်းစမ်းချင် စိတ်မရှိကြဘူး။ ဒါပေမဲ့ ဒီလူတွေက
အင်းဆက်ပိုးကောင်တွေအကြောင်းကို တစ်ဆင့် ပြန်ပြောကြတဲ့အပြင် သူတို့တစ်နေ့ တာ
မြင်တွေ့ခဲ့တာတွေကိုပါ ဖြန့်ဝေပြောပြ ကြတဲ့သူတွေ ဖြစ်တယ်လို့လည်း ပိုးမွှားဗေဒ
ပညာရှင်လည်းဖြစ်တဲ့ စကိုင်းဘလက်ဘန်းက ပြောပါတယ်။

ဒီ အင်းဆက်ပိုးကောင်တွေဟာ ကျွဲနွား တိရစ္ဆာန်၊ သို့မဟုတ် နွားနို့ထုတ်လုပ်ရေး
လုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ရင် ကာဗွန်ထုတ်လွှတ် မှုပမာဏဟာ အလွန့်အလွန်နည်း
လှကြောင်း၊ အင်းဆက်ပိုးကောင်တွေဟာ ကမ္ဘာ့လူဦးရေ နှစ်ဘီလျံကျော်ရဲ့
နေ့စဉ်စားနေကျ အစားအစာထဲမှာ ပါဝင်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂ
ထုတ်ပြန်ချက်တစ်ရပ်က ဆိုပါတယ်။

လူသားတွေ ရိက္ခာ ပိုမိုရရှိရေး ဦးဆောင် လှုပ်ရှားနေသူတွေကလည်း မြေယာ
ရှားပါးလာပြီး လူတွေရဲ့ ပုံမှန်ရိက္ခာဖြစ်တဲ့ ငါးကဲ့သို့ စားနပ်ရိက္ခာတွေ၊ ရာသီဥတု
ပြောင်းလဲမှု ကြောင့် လျော့ပါးပျက်စီးနေချိန်မှာ တိုးပွား လာတဲ့ ကမ္ဘာ့လူသားတွေ
အတွက် အင်းဆက်ပိုးကောင်တွေဟာ ရိက္ခာဖြစ်လာပါလိမ့်မယ်လို့ တွက်ဆပြောဆို
ကြပါတယ်။

အာရှဒေသ၊ လက်တင်အမေရိကဒေသနဲ့ အာဖရိကဒေသ အနှံ့အပြားမှာ ပိုးတောင်မာ၊
ခူကောင်၊ ပေါက်ဖတ်၊ ပုရစ်နဲ့ ပင့်ကူတွေဟာ လူတွေရဲ့ စားနေကျအစားအစာ ဖြစ်နေကြ
ပါပြီ။ ပုရွက်ဆိတ်၊ ပိုးဖလံနဲ့ ပိုးလောက်လမ်း စတဲ့ ချုံအောင်း အင်းဆက်ပိုးကောင်တွေ
ကိုလည်း သြစတြေးလျနိုင်ငံရဲ့ သြစတြေးလျ တိုင်းရင်းသား အဘိုရီဂျင်း (Aborigines)
တွေ စားခဲ့ကြတာ နှစ်ပေါင်းထောင်ချီကြာခဲ့ပါပြီ။

ဒါပေမဲ့ ဒီ အင်းဆက်ပိုးတွေကို အနောက်နိုင်ငံတွေမှာရောင်းချဖို့ မလွယ်ကူလှပါဘူး။
အနောက်နိုင်ငံသားတွေဟာ အင်းဆက် ပိုးကောင်အတော်များများကို ဖျက်ဆီးတတ်တဲ့
အန္တရာယ်ပေးတဲ့ ပိုးမွှားတွေ (ဖျက်ကောင် တွေ)အဖြစ် ယုံကြည်နေကြလို့ပါပဲ။ ဒါကြောင့်
လည်း ဒီအကောင်ကလေးတွေကပေးတဲ့ လူသားအကျိုးပြု အာဟာရတန်ဖိုးတွေကိုလည်း
သိနိုင်ဖို့အကြောင်း ဝေးသွားတော့တာပေါ့။

ဘလက်ဘန်းဟာ စားသုံးရန်သင့်တဲ့ အင်းဆက်ပိုးကောင်တွေအပေါ် လူတွေရဲ့
သဘောထား၊ အသိအမြင်တွေ ပြောင်းလဲဖို့ ဦးဆောင်လှုပ်ရှားနေပါပြီ။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း