တောင်ကိုရီးယားနိုင်ငံတွင် THAAD ဒုံးကျည်ကာကွယ်ရေးစနစ် စတင်

ပစိဖိတ်သမုဒ္ဒရာတွင်းရှိ Waka ကျွန်းပေါ်တွင် THAAD ဒုံးကျည်ဖြိုခွင်းရေးစနစ်ကို ၂ဝ၁၅ နိုဝင်ဘာ ၁ ရက်က စမ်းသပ်ပစ်လွှတ်စဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီပစိဖိတ်သမုဒ္ဒရာတွင်းရှိ Waka ကျွန်းပေါ်တွင် THAAD ဒုံးကျည်ဖြိုခွင်းရေးစနစ်ကို ၂ဝ၁၅ နိုဝင်ဘာ ၁ ရက်က စမ်းသပ်ပစ်လွှတ်စဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဝါရှင်တန် - တရုတ်နိုင်ငံကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည် အငြင်းပွားဖွယ်ရာ ဒုံးကျည်
ကာကွယ်ရေးစနစ် ဖြန့်ကြက်မှုလုပ်ငန်းစတင်ပြီဖြစ်ကြောင်း အမေရိကန်စစ်တပ်က မေ ၁ ရက်
တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဇူလိုင်လတွင် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုများ စတင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံနှင့်
တောင်ကိုရီးယားနိုင်ငံတို့က THAAD ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်မှုကို သဘော
တူညီခဲ့သည်။ THAAD စနစ်ဟာ လုပ်ငန်းစတင်နေပြီဖြစ်ပြီး မြောက်ကိုရီးယားဒုံးကျည်ပစ်ခတ်မှုရန်က
တောင်ကိုရီးယားနိုင်ငံကို ကာကွယ်ပေးလိမ့်မည်ဟု တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်
တပ်ဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။

''ဒါပေမဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်ဟာ ကနဦးအဆင့်သာ ရှိသေးတယ်'' ဟု အမေရိကန်
ကာကွယ်ရေးအရာရှိ တစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။ ယခုနှစ်
အကုန်တွင် ၄င်းစနစ်ကို အပြီးသတ်ရန်စက်ပစ္စည်းများ ထပ်မံရောက်ရှိလာသည့်အခါ
ထိုကနဦးအဆင့် စွမ်းဆောင်ရည် ပိုမိုတိုးတက်လာမည်ဖြစ်သည်ဟု အာဏာပိုင်များက
ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံရှိ THAAD စနစ်ဖြန့်ကြက်မှုက တရုတ်နိုင်ငံ၏ ဒုံးကျည်ပဲ့ထိန်းစနစ်စွမ်းရည်ကို
လျော့နည်းစေနိုင်ပြီး ဒေသတွင်း လုံခြုံရေးအနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်ပူပန်နေသော
တရုတ်နိုင်ငံကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆွန်းဂျူခရိုင် တောင်ပိုင်းရှိ ဂေါက်ကွင်းအဟောင်းတွင် တပ်ဆင်ခဲ့သည့်
THAAD စနစ်၏ နောက်ဆုံးအဆင့်တွင် တာတိုနှင့်တာလတ် အကွာအဝေး ပဲ့ထိန်းဒုံးကျည်များကို
ဖျက်ဆီးကာကွယ်နိုင်ရန် ဒီဇိုင်းရေးဆွဲထားသည်။ တောင်ကိုရီးယားနိုင်ငံ၏ THAAD စနစ်
ဖြန့်ကြက်မှုကို ဆန့်ကျင်သည့်အနေဖြင့် တရုတ်နိုင်ငံက ခရီးသွားလုပ်ငန်းများနှင့် စီးပွားရေး
လုပ်ငန်း ပိတ်ဆို့မှုများကို ပြုလုပ်ခဲ့သည်။

အဆိုပါ ဂေါက်ကွင်းဟောင်းကို ပိုင်ဆိုင်ခဲ့သည့် အစားအစာနှင့် ကုန်ပစ္စည်းများလက်လီ
ရောင်းချမှုကို အဓိက လုပ်ကိုင်သည့် လော်တီကုမ္ပဏီအုပ်စု၏ တရုတ်နိုင်ငံတွင်ဖွင့်လှစ်ထား
သော စတိုးဆိုင် ၉၉ ဆိုင်ထဲမှ ၈၅ ဆိုင် အပိတ်ခံခဲ့ရပြီး တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး
ကားကုမ္ပဏီ ဟွန်ဒိုင်း၏ တရုတ်ရောင်းအား သိသိသာသာ ကျဆင်းခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး
နောက် ကိုရီးယားကျွန်းဆွယ်တွင် THAAD စနစ် ဖြန့်ကြက်မှုကြောင့် တင်းမာမှုများမြင့်တက်ခဲ့ပြီး
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စစ်ရေးအရ အရေးယူမှုကို ရွေးချယ်ခွင့်ပေးထားသည်ဟု
သတိပေးချက်ထုတ်ပြန်ခဲ့သည်။

နောက်ထပ် ရှုပ်ထွေးမှုများအနေဖြင့် THAAD စနစ် ဖြန့်ကြက်မှုအတွက် တောင်ကိုရီးယားနိုင်ငံက
ကန်ဒေါ်လာ တစ်ဘီလျံပေးဆောင်သင့်သည်ဟု ထရမ့်က ပြီးခဲ့သည့်သီတင်းပတ်တွင်
အကြံပြုပြောကြားခဲ့သည်။

''တောင်ကိုရီးယားနိုင်ငံက ကန်ဒေါ်လာ တစ်ဘီလျံတန် စနစ်အတွက် ပေးဆောင်လျှင်
ပိုမို သင့်လျော်မည်ဖြစ်ကြောင်း အကြောင်းကြားထားသည်''ဟု ထရမ့်၏ ထုတ်ပြန်ကြေညာ
ချက်တွင် ရေးသားထားသည်။

တောင်ကိုရီးယားနိုင်ငံအတွင်း အမေရိကန်စစ်တပ်ကို အုပ်ချုပ်သည့် တပ်ဖွဲ့အခြေအနေ
သဘောတူညီချက် အောက်တွင် တောင်ကိုရီးယားနိုင်ငံက THAAD စနစ် ဖြန့်ကြက်ရန်
နေရာနှင့် အခြေခံအဆောက်အအုံကို ပေးမည်ဖြစ်ပြီး အမေရိကန်က ဖြန့်ကြက်အသုံးပြုရန်
အတွက် ပေးဆောင်ရလိမ့်မည်ဟု တောင်ကိုရီးယားနိုင်ငံက တုံ့ပြန်ခဲ့သည်။

မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနရှိ ဒုံးကျည်ကာကွယ်ရေး စီမံကိန်းဒါရိုက်တာ
သောမတ်စ်ကာရာကိုက တောင်ကိုရီးယားနိုင်ငံ၏ တစ်ခုတည်းသော THAAD စနစ်သည်
နိုင်ငံတစ်နိုင်ငံလုံးကို ကာကွယ်နိုင်သည့် အကွာအဝေး မရှိသေးကြောင်းမှတ်ချက်ချခဲ့သည်။
သို့သော် သူက ယင်းဖြန့်ကြက်မှုသည် အရေးပါသော ပထမဦးဆုံးခြေလှမ်းဟု
သတ်မှတ်ခဲ့သည်။ ''ဖြန့်ကြက်မှုဟာအကောင်းဆုံး ကာကွယ်မှုတစ်ခုကို ရယူထားတာမျိုး
မဟုတ်ဘဲ အချိန်ယူခြင်းနဲ့ အခြိမ်းအခြောက် အဟန့်အတားတွေကို ကာကွယ်ရန်သာ
ဖြစ်တယ်'' ဟု ကာရာကိုက အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် သင့်တော်သောအခြေအနေတွင် တွေ့ဆုံရန်
ကိစ္စကို ပယ်ဖျက်မည်မဟုတ်ကြောင်း ထရမ့်က မေ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း
သိရသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း