ပန်းစွမ်းအင် ပိုလန်က ပန်းမန်ဥယျာဉ် ကုသနည်း

 ပိုလန်နိုင်ငံပိုင် စိတ်ကျန်းမာရေးစောင့်ရှောက်မှုဌာနတွင် ဝေဒနာရှင်တစ်ဦး ပန်းများကို ကြည့်ရှုနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီပိုလန်နိုင်ငံပိုင် စိတ်ကျန်းမာရေးစောင့်ရှောက်မှုဌာနတွင် ဝေဒနာရှင်တစ်ဦး ပန်းများကို ကြည့်ရှုနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ရပ်စကိုင်ပယက်စကီး - ပိုလန်နိုင်ငံ အရှေ့ပိုင်း စိမ်းလန်းစိုပြည်တဲ့ ခြံဝင်းအတွင်း ခံ့ညားထည်ဝါတဲ့
၂ဝ ရာစုအစောပိုင်းခေတ် နန်းတော်ကြီးတစ်ခုဝန်းကျင်မှာ ဝေဆာနေတဲ့ပန်းခင်းတွေထဲက
လာဗင်ဒါ ရေမွှေးပန်းကလေးတွေကို သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ကုန်းနမ်းလိုက်တယ်။

အေးတိအေးစက်နိုင်တဲ့ သူ့မျက်နှာပေါ်မှာ တဖြည်းဖြည်း အပြုံးရောင်သန်းလာပါတယ်။ သူဟာ
အထင်မှား တွေဝေစိတ်လွန်ကဲပြီး စိတ်ကစဥ့်ကလျားဖြစ်တဲ့ ရောဂါ (paranoid schizophremia)
ကြောင့် မကြာခဏ စိတ်ခံစားမှုမရှိဘဲ ဖြစ်နေတတ်သူပါ။ သူဒီလို ရုတ်တရက် ပျော်ရွှင်လာခြင်းဟာ
သူကုသမှုခံယူနေတဲ့ ပန်းမန်ဥယျာဉ်ကုသနည်း (horticultural or garden therapy)
ကြောင့်ပါပဲ။

ဒီကုသနည်းကို ၂ဝ၁၄ ခုနှစ်ကတည်းက ပိုလန်အစိုးရက ရပ်စကိုင်ပယက်စကီး ကျေးရွာမှာ
စိတ်ကျန်းမာရေးဂေဟာတစ်ခု စတင်ဖွင့်လှစ် ကုသပေးခဲ့ရာမှာ ဒီအမျိုးသမီးလည်း အမျိုးသမီး
စိတ်ဝေဒနာသည် ၅၉ ဦးထဲမှာ ပါဝင်ခဲ့ပါတယ်။

''ဥယျာဉ်ပန်းခြံတွေဟာ အာရုံအမျိုးမျိုးကို လှုံ့ဆော်တဲ့ အခြေအနေတစ်ခုကိုပေးတယ်။ ဝေဒနာသည်
တွေဟာ အပင်၊ အပွင့်တွေရဲ့ အနံ့တွေကို နမ်းရှူနိုင်ကြတယ်၊ ထိတွေ့နိုင်ကြတယ်။ အပင်အပွင့်တွေဆီက
ဆူးတွေ နဲ့တောင် ထိမိရှမိနိုင်ကြတယ်။

''ကိုယ်လက်လှုပ်ရှားခွင့်လည်း ပေးတယ်။ ဥပမာ - ခန္ဓာကိုယ်ဟန်ချက်ထိန်းဖို့ အခက်တွေ့တတ်သူတွေ
အတွက် ကျောက်တုံး တစ်တုံးမှတစ်တုံးဆီကို ဆွဆွခုန်ပြီး လျှောက်သွားနိုင်ကြတယ်''လို့ ယခုနှစ်
စက်တင်ဘာလမှာ ကရာကောင်မြို့ စိုက်ပျိုးရေးတက္ကသိုလ်မှာ ပန်းမန်ဥယျာဉ်ကုထုံး သင်တန်း
စတင်ဖွင့်လှစ်ပို့ချပေးမယ့် ဇီဝသိပ္ပံပညာရှင် Bozena SzewczykTaranek က ဆိုတယ်။

ပန်းဥယျာဉ်ကုထုံးကို အီဂျစ်နိုင်ငံမှာ ရှေးခေတ်ကတည်းက တွေ့သိခဲ့ကြတယ်လို့ အဆိုရှိပေမဲ့
ယနေ့ခေတ် ပန်းမန်ဥယျာဉ် ကုထုံးကိုတော့ ၁၉ ရာစုနှစ်ကျမှတွေ့ခဲ့ပြီး ပထမကမ္ဘာစစ်ကာလမှာ
ဒဏ်ရာရစစ်သားတွေကို ကုသရာမှာ အသုံးပြုခဲ့ပါတယ်။

ဒီကုထုံးဟာ စိတ်ဝေဒနာကို မကုသနိုင်ပေမဲ့ ဝေဒနာသည်တွေကို ဥာဏ်ရည်ဥာဏ်သွေးနဲ့
လူမှုရေးအရ နှိုးဆွပေးနိုင်တဲ့အပြင် မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုနဲ့ ကျေနပ်မှုအပေါ် သိတဲ့
စိတ်တွေကိုလည်း တိုးပွားအားကောင်းလာစေနိုင်တယ်လို့ တတ်သိကျွမ်းကျင်သူတွေက
ဆိုပါတယ်။

အခန်းထဲက ဝေဒနာသည်တွေကို လေကောင်းလေသန့်ရတဲ့ ပတ်ဝန်းကျင်ကို ခေါ်ထုတ်လိုက်တယ်
ဆိုရင်ပဲ သန့်ရှင်းတဲ့လေတွေက သူတို့ရဲ့စိတ်လက် အခြေအနေတွေကို ပိုမိုကောင်းမွန်စေပါတယ်။

ရပ်စကိုင် ပယက်စကီး ပန်းမန်ဥယျာဉ်ကုသနည်းဌာနတွင် ဝေဒနာရှင်များ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေကြစဉ်။ရပ်စကိုင် ပယက်စကီး ပန်းမန်ဥယျာဉ်ကုသနည်းဌာနတွင် ဝေဒနာရှင်များ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေကြစဉ်။

ဆွစ်ဇာလန်နိုင်ငံသို့ ၂ဝ၁၃ ခုနှစ်က မိမိ လေ့လာရေးခရီးသွားစဉ်က ယခု ပန်းဥယျာဉ် ကုထုံးတွေကို
သိခဲ့ပြီး နိုင်ငံသို့ ယူဆောင် ဖြန့်ဖြူးနေခြင်းဖြစ်တယ်လို့ ရပ်စကိုင် ပယက်စကီး စိတ်ကျန်းမာရေးဂေဟာ
ညွှန်ကြားရေးမှူး Alina Anasiewicz က ပြောပါတယ်။

သူဟာ ဆွစ်ဇာလန်မှာ လေ့လာခဲ့သမျှ ကုထုံးပေါင်းများစွာထဲက အနည်းငယ်ကိုသာ နိုင်ငံအတွက်
ဆောင်ယူလာခဲ့ခြင်း ဖြစ်တယ်လို့လည်း ပြောတယ်။

သူက ရေပန်းတစ်ခုကို လက်ညှိုးညွှန်ပြတယ်။ ဝေဒနာသည်တွေက စီးနေတဲ့ရေနဲ့ တွေ့ထိခွင့်ရပြီး
ရေစီးမှာ လမ်းလျှောက်ရင်း ကျောက်စရစ်ခင်းထားတဲ့ ရေကန်ငယ်ထဲကို ဖြတ်လျှောက်သွားကြ
ရပါတယ်။ ခြေထောက် ခြေဖဝါးနဲ့ ကျောက်စရစ်ခဲတွေထိတဲ့ တကျိကျိ ဂလိထိုးသလို အတွေ့
အာရုံကို ခံစားစေပါတယ်။ အတွေ့အာရုံအမျိုးမျိုး ကို ပြောင်းလဲခံစားစေဖို့ ရေအောက်အာရုံခံလမ်း
(sensory path) တစ်ခုကိုလည်း ဖြတ်လျှောက်ကြရပြန်တယ်။ ဒီလမ်းကြမ်းပြင်ပေါ်မှာ
ဝေဒနာသည်တွေရဲ့ အတွေ့အာရုံအမျိုးမျိုးကို နှိုးဆွပေးတဲ့ ကျောက်စရစ်ခဲတွေ၊ သဲတွေနဲ့
သစ်သားချောင်းကလေးတွေကို ချခင်းထားပါသေးတယ်။

ရပ်စကိုင်ပယက်စကီး စိတ်ကုဂေဟာ အတွင်း ပန်းများ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်ခွများအပါအဝင်
ဆေးကုသရေးဥယျာဉ်တည်ဆောက်ရန် ဆွစ်ဇာလန်အစိုးရက ၂ဝ၁၃ ခုနှစ်က ရပ်စကိုင်ပယက်
စကီးဂေဟာ ညွှန်ကြားရေးမှူး Anasiewicz ထံ ဇလော့တီ ၁ ဒသမ ၄ သန်း (ယူရို ၃၃ဝ,ဝဝဝ/
ဒေါ်လာ ၃၇ဝ,ဝဝဝ) လွှဲအပ်ခဲ့ပါတယ်။

ဒီထောက်ပံ့ငွေနဲ့ ဂေဟာစီမံချက် ၈၅ ရာခိုင်နှုန်းကိုသာ တည်ဆောက်နိုင်ခဲ့ပြီး ကျန်တဲ့
အစိတ်အပိုင်းတွေကိုတော့ ဒေသခံ အာဏာပိုင်တွေက ဆက်လက်ဖြည့်ဆည်းမှုနဲ့
တည်ဆောက်နေပါတယ်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း