ဝန်ကြီးချုပ် မိုဒီ၏ လက်ဖက်ရည်ဆိုင်ကို ထိန်းသိမ်းမည်

 

ဗတ်နာဂါမြို့ ဘူတာရုံက စွန့်ပစ်ထားသည့် မိုဒီ ဖခင်၏ လက်ဖက်ရည်ဆိုင်။ ဓာတ်ပုံ - အေအက်ဖ်ပီဗတ်နာဂါမြို့ ဘူတာရုံက စွန့်ပစ်ထားသည့် မိုဒီ ဖခင်၏ လက်ဖက်ရည်ဆိုင်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အာမက်ဒါဘတ်  (အိန္ဒိယ) - ယခုအချိန်တွင် မြို့ငယ်ကလေး တစ်မြို့၏ ရထားဘူတာရုံရှိ
သံချေးအထပ်ထပ်တက်နေသည့် စွန့်ပစ်ထားသော ရုံကလေးဖြစ်သည်။ ထိုနေရာတွင် အိန္ဒိယနိုင်ငံ၏
ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ငယ်စဉ်က သူ့ဖခင်နှင့်အတူ လက်ဖက်ရည်ရောင်းခဲ့ရသည်။

အမျိုးသားရေးဝါဒီ ခေါင်းဆောင်ဖြစ်သူ မိုဒီက သူ၏ ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ငယ်စဉ်က
ရိုးသားစွာ စီးပွားရှာခဲ့ရသည့် ရင်းမြစ်ကို ရည်ညွှန်း၍ သူသည် လက်ဖက်ရည်သည် (ကျာယီဝါလား)
၏ သားဖြစ်သည်ဟု မကြာခဏ ပြောကြားခဲ့သည်။ ယခုအခါ အာဏာပိုင်များက အိန္ဒိယနိုင်ငံ
အနောက်ပိုင်းပြည်နယ်ဖြစ်သော ဂူဂျာရတ်ရှိ မိုဒီ၏ဇာတိ ဗတ်နာဂါမြို့ကလေးတွင် ထိုဆိုင်ကလေးကို
ဒေါ်လာ ၁၅ သန်းတန် စီမံချက်ဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

''ဒီဆိုင်လေးကို ကျွန်တော်တို့က ပြန်လည်ပြုပြင်ထိန်းသိမ်းပြီး ခရီးသည်ဆွဲဆောင်ရာနေရာ
အဖြစ် ဖန်တီး လိုတယ်။ ဗတ်နာဂါမြို့လည်း ကမ္ဘာလှည့်လုပ်ငန်းမြေပုံမှာ ထင်ရှားလာတာပေါ့''ဟု
ယဉ်ကျေးမှုဝန်ကြီး မာဟက် ရှားမားက ဇူလိုင် ၄ ရက်က ပြောကြားခဲ့သည်။ သံပြားများ ဖြင့်
ပြုလုပ်ထားသော ဆိုင်ကလေးမှာ လက်ရှိအခြေအနေ တွင် အသုံးမပြုသဖြင့် သံချေးများတက်ပြီး
ကြည့်မကောင်း ရှုမကောင်းဖြစ်နေသည်။ ယခုအခါ အသက် ၆၆ နှစ်ရှိပြီ ဖြစ်သော မိုဒီသည်
မွေးချင်းခြောက်ယောက်ရှိပြီး ၁၉၈၉ ခုနှစ်က ကွယ်လွန်ခဲ့သော သူ့ဖခင် ဒါမိုဒါဒက်စ် မူးချမ်း
မိုဒီကို ငယ်စဉ်ကကူညီ၍ ဈေးရောင်းပေးခဲ့ရသည်။

- အေအက်ဖ်ပီ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း