ထရမ့်၏သားက ကလင်တန်၏သတင်းအချက်အလက်များ ရရှိရန် ရုရှားနှင့် တွေ့ဆုံခဲ့

 သမ္မတ ထရမ့်၏သားကြီး ထရမ့် ဂျူနီယာ။ ဓာတ်ပုံ - အေအက်ဖ်ပီသမ္မတ ထရမ့်၏သားကြီး ထရမ့် ဂျူနီယာ။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဝါရှင်တန် - ဒေါ်နယ်ထရမ့်၏ သားအကြီးဆုံးက ၂ဝ၁၆ခုနှစ် သမ္မတရွေးကောက်ပွဲပြိုင်ဘက် ဟီလာရီ
ကလင်တန်၏ ကိုယ်ရေးအချက်အလက်များကို ရုရှားရှေ့နေတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး ရယူခဲ့သည်ဟု
ဇူလိုင် ၁ဝ ရက်တွင်ဝန်ခံခဲ့ပြီးနောက် အိမ်ဖြူတော်နှင့် ရုရှားနိုင်ငံတို့ ပတ်သက်သည့် အရှုပ်တော်ပုံမှာ
တဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။

ထရမ့်ဂျူနီယာက ၂ဝ၁၆ ခုနှစ် ဇွန်လတွင် နတ်တာလီယာ ဗက်ဆယ်နစ်စကာယာနှင့် တွေ့ဆုံသည့်
အချိန်တွင် အမေရိကန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာရန် ယှဉ်ပြိုင်နေသော ဒီမိုကရက်တစ်
ပါတီခေါင်းဆောင်ကို အပြစ်တင်နိုင်မည့် သတင်း အချက်အလက်များရယူရန် ကြိုးပမ်းခဲ့ကြောင်း
သိရသည်။

ထရမ့် မဲဆွယ်စည်းရုံးရေးက ၂ဝ၁၆ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရုရှားနိုင်ငံနှင့်
ပူးပေါင်းကြံစည်မှုရှိမရှိအက်ဖ်ဘီအိုင်နှင့် ကွန်ဂရက်က စုံစမ်းလျက်ရှိသည်။ ဒီမိုကရက်တစ်ပါတီက
ဟီလာရီကလင်တန်၏ ကိုယ်ပိုင်အီးမေးလ်များ ခိုးယူပေါက်ကြားခဲ့မှုအပါအဝင် အမေရိကန်သမ္မတ
ရွေးကောက်ပွဲတွင် ထရမ့်အနိုင်ရရှိရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြိုးပမ်းပေးခဲ့သည်ဟု
အမေရိကန်ထောက်လှမ်းရေးဌာနများက ကောက်ချက်ချခဲ့သည်။

ထရမ့်၏ အယုံကြည်ရဆုံး မဲဆွယ်စည်းရုံးရေးတာဝန်ခံနှစ်ဦးဖြစ်သည့် ပေါလ်မာနာဖော့နှင့်
ဂျာရက်ကုရှ်နာတို့က ထရမ့်ဂျူနီယာနှင့် ရုရှားရှေ့နေတွေ့ဆုံခဲ့သည့် အချိန်၌ ရှိနေခဲ့ကြောင်း
နယူးယော့ခ်တိုင်းမ် သတင်းစာက ထုတ်ပြန်ခဲ့သည်။ နယူးယော့ခ်တိုင်းမ် သတင်းစာက
ဇူလိုင် ၁ဝ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော ဒေါ်နယ်ထရမ့်ဂျူနီယာနှင့် ထရမ့်အဖွဲ့ကို
ထိခိုက်နိုင်မည့် အလားအလာရှိသော ဖွင့်ချချက်တစ်ခုတွင် ထရမ့်၏ သားက ရုရှားရှေ့နေနှင့်
မတွေ့ဆုံမီ ထရမ့် သမ္မတရွေးကောက်ပွဲအနိုင်ရရှိရန်နှင့် ပြိုင်ဘက် ဟီလာရီကလင်တန်ကို
ထိခိုက်စေရန် ရုရှားရှေ့နေက အီးမေးလ်ဖြင့်ဆက်သွယ်ပေးပို့ခဲ့ကြောင်း သိရသည်။

ရုရှားရှေ့နေ ဗက်ဆယ်နစ်စကာယာသည် ရုရှားနိုင်ငံတွင် မထင်ရှားသော်လည်း နိုင်ငံတကာ
ဂယက်ရိုက်ခဲ့သော လိမ်လည်ကြံစည်မှု စုံစမ်းစစ်ဆေးရေးတွင် ပါဝင်ပတ်သက်ခဲ့သော ရုရှား
အကြီးတန်းအာဏာပိုင်တစ်ယောက်၏ သား၏ကိုယ်စားလှယ် ရှေ့နေအဖြစ်အမှုလိုက်ပေး
ခဲ့သည်။

နယူးယော့ခ်တိုင်းမ်တွင် ဖော်ပြရေးသားချက်အရ ဟီလာရင်ကလင်တန်ကို ထောက်ခံပြီး
ဒီမိုကရက်တစ်အမျိုးသားကော်မတီကို ထောက်ပံ့နေသော ပုဂ္ဂိုလ်တစ်ဦးချင်း၏ ရုရှားနိုင်ငံနှင့်
ဆက်သွယ်မှုရှိသော အထောက်အထား အချက်အလက်များ သူ့တွင်ရှိကြောင်း ရုရှားရှေ့နေက
ထရမ့် ဂျူနီယာကို ပြောကြားခဲ့သည်။

''သမ္မတက ဒီတွေ့ဆုံမှုကို သတိမထားမိခဲ့ဘူး'' သမ္မတ ထရမ့်၏ ပုဂ္ဂိုလ်ရေးရှေ့နေ ပြောရေးဆိုခွင့်ရ
ပုဂ္ဂိုလ် မက်ကော်ရယ်လိုက အေအက်ဖ်ပီ သတင်းဌာနကိုပြောကြားသည်။ လွန်ခဲ့တဲ့ ရက်
အနည်းငယ်ကမှ အဆိုပါတွေ့ဆုံမှုကို ထရမ့်က သိရှိခဲ့ကြောင်း ထရမ့်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ
ပုဂ္ဂိုလ် ဆာရာ ဟက်ကဘီးဆန်ဒါ့စ်က ပြောကြားသည်။

ဒေါ်နယ်ထရမ့်ဂျူနီယာ၏ တွေ့ဆုံမှုသည် ကွန်ဂရက်ဆိုင်ရာ စုံစမ်းစစ်ဆေးသူများ၏ အာရုံစိုက်ခြင်းကို
ခံနေရပြီဖြစ်သည်။ ''ကျွန်ုပ်တို့ ထောက်လှမ်းရေးကော်မတီကထရမ့်ဂျူနီယာနှင့် တွေ့ဆုံရာမှာ
ပါဝင်ခဲ့သူတွေကို စစ်ဆေးမေးမြန်းသင့်တယ်''ဟု ရီပတ်ဘလီကန် ဥပဒေပြု အထက်လွှတ်တော်
အမတ် ဆူဆန်ကောလင်းက ပြောသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း