အမေရိကန်၏ အန္တရာယ်များလှသော အီရန်ဆန့်ကျင်ရေး သဘောထား

 

အမေရိကန် ကင်းလှည့်သင်္ဘော USS Thunderbolt (ယာ) အနီးသို့ ချဉ်းကပ်လာသည့် အီရန်ရေတပ်သင်္ဘော တစ်စင်းပုံကို ဇူလိုင် ၂၅ ရက်က အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။ ဓာတ်ပုံ - အေပီအမေရိကန် ကင်းလှည့်သင်္ဘော USS Thunderbolt (ယာ) အနီးသို့ ချဉ်းကပ်လာသည့် အီရန်ရေတပ်သင်္ဘော တစ်စင်းပုံကို ဇူလိုင် ၂၅ ရက်က အမေရိကန်ရေတပ်က ထုတ်ပြန်ခဲ့သည်။ ဓာတ်ပုံ - အေပီ

နယူးယော့ခ် - မကြာသေးမီ ရက်သတ္တပတ်များအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်
သူ့အကြံပေးများက အရှေ့အလယ်ပိုင်းအကြမ်းဖက်ဝါဒ၏ ဗဟိုအချက်အချာသည် အီရန်နိုင်ငံ
ဖြစ်သည်ဟု ဆော်ဒီအာရေဗျနှင့် ပူးပေါင်း၍ စွပ်စွဲခဲ့သည်။ ထိုအချိန်အတောအတွင်း အမေရိကန်
ကွန်ဂရက်က အီရန်ကို ပိတ်ဆို့မှုများ ထပ်မံပြုလုပ်ရန် အသင့်ပြင်လျက်ရှိသည်။ သို့သော်
ဆော်ဒီဘုရင် ဆယ်လ်မန်ပြောသည့် ကမ္ဘာအနှံ့ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၏ ထိပ်ဖူးသည်
နောက်ထပ် အရှေ့အလယ်ပိုင်းစစ်ပွဲတစ်ပွဲကို ဦးတည်နေသောကြောင့် အန္တရာယ်အလွန်များကြောင်း
ဆန်းစစ်သူများကဆိုသည်။

အမှန်အားဖြင့် အိုင်အက်စ်အဖွဲ့အစည်းကို အမေရိကန်နှင့် အီရန်တို့က ဆန့်ကျင်သည့်ဘက်တွင်
အတူရှိနေသော်လည်း ထိုကိစ္စသည် အမေရိကန်နိုင်ငံရေးလောကက တဇောက်ကန်းအချို့၏
ရည်မှန်းချက်ဖြစ်နိုင်သည်။ ထို့ပြင် အီရန်နိုင်ငံသည် ၄င်း၏ ဒေသဆိုင်ရာ ရန်ဘက်အများစုလို
မဟုတ်ဘဲ ဒီမိုကရေစီစနစ် ကောင်းစွာလည်ပတ်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အီရန်နိုင်ငံတွင်
သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်သူ သမ္မတ ဟာဆန်ရိုဟနီက မေ ၁၉ ရက်တွင်
ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ ပြိုင်ဘက် ရွေးကောက်ပွဲဝင်များကို အနိုင်ရရှိခဲ့ပြီးနောက်
အမေရိကန်နှင့် ဆော်ဒီအာရေဗျ၏ အပြောအဆိုတင်းမာမှု မြင့်တက်လာခဲ့သည်။

ထရမ့်အတွက် ဆော်ဒီအာရေဗျကို ထောက်ခံမှုနှင့် အီရန်ကို ဆန့်ကျင်မှုက နောက်ထပ် စီးပွားရေး
ကိစ္စတစ်ခုအတွက် ဖြစ်နိုင်သည်။ ထရမ့်က အမေရိကန်လက်နက် ဒေါ်လာ ဘီလျံ ၁၁ဝ ဖိုးဝယ်ယူရန်
ဆော်ဒီအာရေဗျနိုင်ငံ၏ ဆုံးဖြတ်ချက်ကိုယခု သဘောတူညီချက် လုပ်ငန်းသဘောမျှသာဖြစ်ကြောင်း
ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် စစ်လိုလားသော ဆော်ဒီအာရေဗျနိုင်ငံနောက်ကွယ်တွင်
ထရမ့်မိသားစုက လျှို့ဝှက်သဘောတူညီချက်ကို ထားရှိထားနိုင်သည်။

အမေရိကန်သမ္မတ ရေဂင်ခေတ်တွင်အမေရိကန်က အီရတ်နိုင်ငံ၏ ဓာတုလက်နက်အသုံးချမှု
အပါအဝင် အီရန်ကို ဆန့်ကျင်သော အီရတ်၏ ကျူးကျော်ရန်စမှုကို ထောက်ပံ့အားပေးခဲ့သည်။

နောက်ဆုံးတွင် တိုက်ပွဲများ အဆုံးသတ်သည့် ၁၉၈၈ ခုနှစ်မှစ၍ အမေရိကန်က အီရန်အပေါ်
ယနေ့အထိ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

အမေရိကန်၏ အီရန်ကို ဆန့်ကျင်သည့် နောက်ထပ် အကြောင်းပြချက်တစ်ခုက အစ္စရေး၏
ရန်သူ စစ်သွေးကြွ သောင်းကျန်းသူအုပ်စုနှစ်စုဖြစ်သော ဟစ်ဘိုလာနှင့် ဟားမတ်စ်ကို
အီရန်နိုင်ငံက ထောက်ပံ့ထားမှုကြောင့်ဖြစ်သည်။ ယင်းဖြစ်ရပ်တွင် သမိုင်းကြောင်းအရ
အခြေအနေကို နားလည်ရန် အရေးကြီးသည်။

၁၉၈၂ ခုနှစ်တွင် အစ္စရေးက ပါလက်စတိုင်းစစ်သွေးကြွများကို ချေမှုန်းရန် လက်ဘနွန်နိုင်ငံကို
ကျူးကျော်တိုက်ခိုက်ခဲ့သည်။

အစ္စရေးနယ်မြေ သိမ်းပိုက်ရေးတပ်ဖွဲ့များက မွတ်စလင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို
ကာကွယ်ရန်နှင့် လက်ဘနွန်နိုင်ငံ တောင်ပိုင်းကို အစ္စရေးတပ်များ ကျူးကျော်တိုက်ခိုက်မှုကို
တွန်းလှန်ရန် ရှီယာ မွတ်စလင်တို့ ဦးဆောင်သော ဟစ္စဘိုလာတပ် ဖွဲ့စည်းရေးကို အီရန်နိုင်ငံက
ထောက်ပံ့ကူညီခဲ့သည်။

အစ္စရေးနိုင်ငံ တည်ရှိမှုကို လက်မခံဘဲပယ်ချနေသည့် ဆွန်နီ မွတ်စလင်များဦးဆောင်သည့်
ဟားမတ်စ်အဖွဲ့ကိုလည်း အီရန်က ထောက်ခံအားပေးထားသည်။ ၁၉၆၇ ခုနှစ်စစ်ပွဲအတွင်း
သိမ်းပိုက်ခဲ့သော ပါလက်စတိုင်းနယ်မြေများကို အစ္စရေးက ဆယ်စုနှစ်အကြာ အုပ်ချုပ်ခဲ့ပြီးနောက်
ငြိမ်းချမ်းရေးဆွေးနွေးမှုများ မတိုးသာ၊မဆုတ်သာ အခြေအနေတွင်သာရှိခဲ့ပြီး ဟားမတ်စ်အဖွဲ့က
၂ဝဝ၆ ခုနှစ် ပါလက်စတိုင်း ပါလီမန်ရွေးကောက်ပွဲတွင် ပါလက်စတိုင်း လွတ်မြောက်ရေး
အဖွဲ့အစည်း နိုင်ငံရေးပါတီ ဖာတာအဖွဲ့ကို အနိုင်ယူခဲ့သည်။

လွန်ခဲ့တဲ့ရာစုနှစ်များအတွင်း ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နှင့် ရုရှားတို့က အရှေ့အလယ်ပိုင်း
အင်အားပြိုင်ပွဲတွင် ကစားကွက်မှားယွင်းခဲ့ကြသည်။ နိုင်ငံအားလုံးက အသက်၊ ငွေနှင့်
ဂုဏ်သိက္ခာများကို ဖြုန်းတီးခဲ့ကြသည်။

ယခုအချိန်တွင် အလွယ်တကူ ဘေးအန္တရာယ် ကျရောက်နိုင်မည့် လက်နက်အပေးအယူများကို
ထိန်းချုပ်နိုင်မည့် သဘောတူညီချက်များကို အလေးပေး ဆောင်ရွက်မည့် သံတမန်ရေးရာ
ခေတ်တစ်ခေတ် လိုအပ်လိမ့်မည်ဖြစ်သည်။


 

(ယခုဆောင်းပါးမှာ Project Syndicate မှ ဆောင်းပါးရှင် Jeferey D.Sachs ၏ အာဘော်
သာဖြစ်သည်။)



ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ကမ္ဘာ့သတင်း

အကြည့်အများဆုံး - အာရှသတင်း