မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာတွေ ပယ်ဖျက်ဖို့ အချိန်တန်ပြီ

အရင် ဆယ်စုနှစ်တွေလောက်တုန်းက မြန်မာ နိုင်ငံကို လာရောက်တဲ့လူတိုင်းဟာ ပြည်ဝင်ခွင့်
ခရီးသွားဗီဇာတစ်ခုရဖို့ ဘယ်လောက် ကသီလင်တနိုင်တာ၊ ဆိုက်ရောက်ကတ်နဲ့ အကောက်ခွန်
ပုံစံတွေဖြည့်ဖို့ပူရတာနဲ့ နိုင်ငံခြားငွေကို ဘယ်မှာလဲရမလဲဆိုတဲ့ ကိစ္စတွေ ဗျာများတာတွေကို
သိကြတယ်။ မြန်မာနိုင်ငံရောက် ကမ္ဘာလှည့်ခရီးသည်တချို့ အမှတ်တရပစ္စည်းများ ၀ယ်ယူနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီမြန်မာနိုင်ငံရောက် ကမ္ဘာလှည့်ခရီးသည်တချို့ အမှတ်တရပစ္စည်းများ ၀ယ်ယူနေကြစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရန်ကုန်ကို ခရီးသည် လေးပုံတစ်ပုံလောက် သာပါတဲ့MAIလေကြောင်း
နဲ့ ကျွန်တော်လာခဲ့တုန်းက လေယာဉ် မင်းလမ်းဘေးမှာ ထိုင်နေတဲ့ အမေရိကန်စုံတွဲတစ်တွဲက
ကျွန်တော့်ကို မေးခွန်းပေါင်းစုံ မေးခဲ့ဖူးတယ်။

အမေရိကန်နိုင်ငံသားတွေ ဖြစ်တာကြောင့် သံသယအဖြစ်ခံရမှာလား၊ Burma ဆိုတဲ့ စကားလုံး
သုံးရင် သူတို့ဒုက္ခရောက်မှာ လား၊ သူတို့ရဲ့ လက်တော့ပ် အသိမ်းးခံရမှာ လား၊ သူတို့ပါလာတဲ့
ဒေါ်လာတွေ လဲရမှာ လား၊ လဲရရင်လည်း လမ်းပေါ်ကလူနဲ့လဲရင် ဘေးကင်းပါ့မလားဆိုတဲ့
မေးခွန်းတွေပေါ့။

ကံကောင်းထောက်မလို့ ဒီလိုကိစ္စမျိုးတွေ ဟာ အခုအချိန်မှာ သိပ်ပူစရာမလိုတော့ဘူး။
သန့်ရှင်းသန့်ပြန့်တဲ့ ဒေါ်လာငွေစက္ကူတွေကို လက်ခံချင်ကြတဲ့ ဒေသခံတွေရဲ့ ကလေးဆန်တဲ့
အပြုအမူတွေကလွဲရင် ခရီးသည်တွေဟာ ဒီကိုလာတဲ့အခါမှာ သက်သောင့်သက်သာ
ရှိကြပါတယ်။

ဒါပေမဲ့ တစ်နေရာမှာတော့ မြန်မာနိုင်ငံ ဟာ ဖင့်နွှဲလေးကန်တဲ့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံ
တို့လို အမှောင်ထဲမှာ ဒစ်ဂျစ်တယ် အကြိုခေတ်အချိန်မှာ ရှိနေတုန်းပဲ။ ပြောရ ရင်တော့
ဗီဇာကိစ္စမှာပေါ့။

ဒေသခံ လက်တစ်ဆုပ်စာရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေကလွဲရင် (သူတို့တွေကတော့ မြန်မာ
နိုင်ငံကို ဗီဇာမဲ့ ၁၄ ရက် လာရောက်ခွင့် ရှိတယ်) တခြား ခရီးသည်တွေအားလုံးဟာ
မလိုအပ်ဘဲ ရှုပ်ထွေးတဲ့ နည်းစနစ်ဖြစ်တဲ့ သံရုံး တွေကိုသွား၊ ပုံစံတွေဖြည့်စွက်၊ ဓာတ်ပုံတွေ
ပေးနဲ့ အခကြေးငွေတွေပေးရတဲ့ကိစ္စတွေနဲ့ ရင်ဆိုင်ကြရတယ်။

ဘာအတွက်လဲလို့ မေးရမယ်။ အချိန်နဲ့ အားထုတ်မှု အကြွင်းမဲ့ဖြုန်းတီးတာပဲလို့
ပြောစရာရှိတယ်။

စဉ်းပဲစဉ်းစားကြည့်ပါဦး။ ဒီခေတ်မှာ လူဝင်မှုကြီးကြပ်ရေးကောင်တာတွေ အားလုံးဟာ
ကွန်ပျူတာတွေနဲ့ အလုပ်လုပ်ကြတယ်။ ခရီးသည်တစ်ယောက်ရဲ့ နိုင်ငံကူးလက်မှတ်ကို
ပုံမှန်စစ်ဆေးလိုက်တာနဲ့ အဲဒီလူကို မျက်ခြည် မပြတ်စောင့်နိုင်အောင် အသေးစိတ်အချက်
အလက်တွေနဲ့ လိုအပ်တဲ့ သတင်းကို ချက်ချင်း ပဲ မှတ်တမ်းတင်ထားလိုက်တယ်။

အမှန်အတိုင်းပြောရရင်တော့ မြန်မာနိုင်ငံရဲ့ ရှေးဆန်တဲ့ စက္ကူဗီဇာတွေ မလိုအပ်တော့
ရုံတင်မကဘူး၊ နိုင်ငံကူးလက်မှတ်ရဲ့ စာမျက်နှာမှာ အတော်ဖြည့်ရတာကိုက အလွန်ပဲ
ကသိကအောက်ဖြစ်ပါတယ်။

ဒီဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေအတိုင်း မြန်မာနိုင်ငံက လိုက်လုပ်ပြီး ခေတ်မမီ တော့
တဲ့စနစ်ကို ဘာကြောင့် မဖျက်သိမ်းသေး တာလဲ။ ဒီလမှာတင်ပဲ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နှစ်နိုင်ငံ
စလုံး ရှေးဆန်တဲ့စနစ်ကို စွန့်လွှတ်ခဲ့တာကြောင့် ခရီးသည်တွေ ပိုပြီး ၀င်ရောက်လာလိမ့်မယ်လို
့ နှစ်နိုင်ငံစလုံးက မျှော်လင့်ထားကြတယ်။

ခရီးသည်လုပ်ငန်း တိုးတက်လာရင် လုပ်ငန်းနဲ့ အလုပ်အကိုင်တွေ ပိုပြီးပေါ်လာတယ်။
ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေလည်း ဖြစ်လာတဲ့အပြင် အဆောက်အအုံဖွံ့ဖြိုးမှုလည်း
ပိုဖြစ်ထွန်းလာတယ်။ ဒါ့ပြင် ဗီဇာ ကြေးကောက်ခံရတာထက် ၀င်ငွေတွေပိုရလာတယ်။

ဒါနဲ့ စကားမစပ်၊ ဆိုက်ရောက်လာတဲ့ အခါပေးရတဲ့ ဗီဇာက ဒေါ်လာ ၅၀ ဘာဖြစ်သွားသလဲ။
ပြည်သူအတွက် အကျိုးရှိမယ့် ကိစ္စမှာ တကယ်သုံးဖို့လား၊ သိရရင် သိပ်ကောင်းမှာပဲ။

အဲဒီကိစ္စကို စဉ်းစားနေရင်းနဲ့ပဲ ဒီလထဲမှာ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သတ္တိရှိတဲ့လုပ်ရပ်ကို
အနည်းဆုံးတော့ ချီးကျူးလိုက်ကြရအောင် လား။ အာဆီယံအဖွဲ့ဝင် နိုင်ငံသားတွေနဲ့
ဥရောပ၊ မြောက်အမေရိကနဲ့ တောင်အမေရိ ကတိုက်က နိုင်ငံအတော်များများကို
သမ္မတ ၀ီဒိုဒိုက အင်ဒိုနီးရှားနိုင်ငံဆီ လာရောက် တာကို ဗီဇာကင်းလွတ်ခွင့်ပေးလိုက်တာပဲ
ဖြစ်တယ်။

ဗီယက်နမ်နိုင်ငံကလည်း သူ့ထက်သာအောင် လုပ်တဲ့အနေနဲ့ အရင်ရက်သတ္တပတ်က
၁၅ ရက် လာလည်တာကို ဗီဇာကင်းလွတ် ခွင့်ပေးထားတဲ့ လက်ရှိနိုင်ငံ ၁၇ နိုင်ငံစာရင်း
ထဲကို ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်နဲ့ ယူနိုက်တက်ကင်းဒမ်း နိုင်ငံတို့ ထပ်တိုးပေး
လိုက်တယ်။

တန်ဖိုးမရှိ၊ ခေတ်မမီတော့တဲ့ ဗီဇာတွေ ကို ဖျက်သိမ်းလိုက်တဲ့ ဟနွိုင်းအစိုးရရဲ့ သတ္တိ
ရှိတဲ့လုပ်ရပ်ဟာ ခရီးသည်လုပ်ငန်းကို တိုးလာ ဖို့ မျှော်လင့်ထားကာ ဒီနှစ် ပထမခြောက်လ
အတွင်း ခရီးသည်လာရောက်မှု ၁၂ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားတာကို ပြောင်းပြန်
လှန်ပစ်နိုင်ဖို့ မျှော်လင့်ထားတယ်။

ဗီဇာရရှိဖို့ လုံးပန်းရတဲ့ကိစ္စက ဗီယက်နမ် အစိုးရရဲ့ ခရီးသည်များများရရှိဖို့ ရည်မှန်းချက်ကို
အဟန့်အတားဖြစ်စေခဲ့တဲ့ အဓိက အကြောင်းရင်းလို့ ဗီယက်နမ်အစိုးရ ခရီးသွား လုပ်ငန်း
အကြီးအကဲ ငုယင်ဗန်တွမ်က ထုတ်ဖော်ပြောဆိုခဲ့တယ်။

အာဏာရှင်ဆန်လှပါတယ်ဆိုတဲ့ ဗီယက် နမ်နိုင်ငံအစိုးရကတောင် ခေတ်မမီတော့တဲ့
ဗီဇာတွေနဲ့ ဆိုက်ရောက်ကတ်တွေကို ဖျက်သိမ်း ပစ်နိုင်ခဲ့ရင် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့
လာအိုနိုင်ငံတွေလည်း ဒီအတိုင်း လုပ်နိုင်ရမှာပေါ့။

ဆိုဗီယက်ဩဇာခံ နိုင်ငံဟောင်းတွေ ဖြစ်ကြတဲ့ ကာဇတ်စတန်နဲ့ ကာဂျစ္စတန်နိုင်ငံတွေတောင်
နိုင်ငံအတော်များများအတွက် ခရီးသွားဗီဇာ လိုအပ်ချက်တွေကို မကြာသေး ခင်က ပယ်ဖျက်
လိုက်ကြတယ်။

လုံခြုံရေးအကြောင်းတွေကြောင့် ဗီဇာ တွေလိုအပ်တယ်ဆိုတဲ့ မဟုတ်တရုတ် စကားတွေကို
မပြောပါနဲ့။

စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့လောက် လုံခြုံရေးကို ဂရုစိုက်တာရှိဦးမလား။ ဒီနိုင်ငံနှစ်နိုင်ငံဟာ
ဆယ်စုနှစ်ပေါင်းများစွာ ရက် ပေါင်း ၃၀ အထိ ခရီးသွားဗီဇာကင်းလွတ်ခွင့် ပေးခဲ့တဲ့ အချိန်
အတောအတွင်း ဘာပြဿနာ မှ မပေါ်ခဲ့ဘူး။ အတိုင်းအတာတစ်ခုအထိ နေခွင့်ဖော်ပြတဲ့ နိုင်ငံကူး
လက်မှတ် တံဆိပ် တုံးနှိပ်တာလောက် ခရီးသည်တွေ သတ်မှတ် ကာလထက် ပိုနေတာကို
ဗီဇာတွေက ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ပြောနိုင်သလား။

မြန်မာနိုင်ငံက သုံးနေတုန်းဖြစ်တဲ့ အကောက်ခွန်ဌာန ပုံစံတွေနဲ့ ဆိုက်ရောက်နဲ့ ပြန်လည်
ထွက်ခွာကတ်တွေကို ဖျက်သိမ်း သင့်တယ်။ ဒါတွေကို ဘယ်သူကမှ သေသေချာချာ
စစ်ဆေးတာမဟုတ်ဘူး။ ဒါတွေကို ခဏသိမ်းထားပြီး နောက်တော့ အမှိုက်သရိုက်
ဖြစ်သွားတာပဲ။

ဆိုက်ရောက်ပုံစံတွေဟာ တိတိကျကျ ဘာအတွက်လဲ။ သူတို့ပါတဲ့ အချက်အလက်
တွေဟာလည်း ဧည့်သည်ရဲ့ နိုင်ငံကူးလက်မှတ် မှာမပါသေးတဲ့ ဟိုတယ်လိပ်စာနဲ့
ဆက်သွယ် ဖို့ ဖုန်းနံပါတ်ပဲဖြစ်တယ်။

ဟိုတယ် အသေးစိတ်အချက်အလက် အမှန်ကိုရေးတဲ့ ခရီးသည် (အများကတော့
အမှန်မရေးပါဘူး) တွေတောင် တစ်ရက်၊ နှစ်ရက်ဆိုရင် နေရာပြောင်းသွားကြတာ
ကြောင့် အချက်အလက်တွေဟာ နောက်ဆုံး အသုံးမ၀င်ဖြစ်သွားတယ်။ မလေးရှားနိုင်ငံ
ပြည်ထဲရေးဝန်ကြီးဌာန ဟာ ဆင်ခြင်တုံတရားရှိစွာနဲ့ ဒီလိုကတ်တွေ ကို နှစ်အနည်းငယ်က
ပယ်ဖျက်ခဲ့တယ်။ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေဟာ ရောက် လာတဲ့ နိုင်ငံခြားသားတိုင်းရဲ့ 
biometric လို့ ခေါ်တဲ့ လူတစ်ဦးချင်းကို ခွဲခြားဖော်ထုတ် နိုင်တဲ့ မျက်စိ၊ လက်ဗွေရာတွေကို
မှတ်တမ်း ယူထားတာကြောင့် ဆိုက်ရောက်ကတ်တွေ မလိုအပ်တော့ဘူးလို့ဆိုတယ်။

မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ဒီဒေသ တွင်းမှာ ကမ္ဘာ့လှည့်ခရီးသည် ဘယ်လောက် များများ
လာသလဲဆိုတာ ဒီအမြော်အမြင်ရှိတဲ့ ပေါ်လစီက ပြနေတာပဲ။ ထိုင်းနိုင်ငံဆီ ခရီး သည်အများဆုံး
၂၆ ဒသမ ၇ သန်း လာရောက် ခဲ့ပြီး မလေးရှားက ၂၅ ဒသမ ၇ သန်း၊ စင်ကာပူက ၁၅ ဒသမ
၆ သန်းနဲ့ ဗီယက်နမ်က ၇ ဒသမ ၆ သန်းတို့ အသီးသီးဖြစ်ကြတယ်။

ဒီနိုင်ငံတွေကို ခရီးသည်ဝင်ရောက်မှု ထိပ်ဆုံးမှာရှိနေတာကတော့ မြန်မာနိုင်ငံထက် သဘာဝ
ပသာဒ၊ သို့မဟုတ် ပိုကောင်းတဲ့ ကမ်းခြေတွေ၊ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ နေရာတွေ၊
သို့မဟုတ်၊ ပိုကောင်းတဲ့ အစား အသောက်တွေကြောင့် မဟုတ်ဘူး။ ဗီဇာတွေ မလိုအပ်တော့
တာက တစ်စိတ်တစ်ပိုင်း ပါတယ်။

ဒေသကြီးအတွင်းက အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်
စတဲ့နိုင်ငံတွေဆိုရင် ဆိုက်ရောက် ကတ်တွေတောင် မလိုဘူး။ နိုင်ငံခြားသား ဧည့်သည်တွေဟာ
လူဝင်မှုကြီးကြပ်ရေး အရာရှိဆီသွားပြီး နိုင်ငံကူးလက်မှတ်ကို ပြလိုက်တာနဲ့ပဲ ပြီးတယ်။

ဟုတ်ပါတယ်။ စိတ်တိုစရာကောင်းတဲ့ ကွဲလွဲမှုတွေကတော့ ရှိနေသေးတာပဲ။ ဗီဇာ ကင်းလွတ်
ခွင့်ပြုတဲ့ တချို့နိုင်ငံတွေဟာ အကြို ဒစ်ဂျစ်တယ်ခေတ်က အကြွင်းအကျန်တွေ ရှိသေးတယ်၊
လေဆိပ်ကထွက်ခွာတဲ့ အခွန်ကောက်တာမျိုးလိုပေါ့။

ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ တို့ကတော့ ဒီလို ရိုက်စား အခကြေးငွေ တောင်းတာတွေ
တော့ မရှိတော့ဘူး။ ဖိလစ်ပိုင် နိုင်ငံကတော့ ဒါမျိုးတွေ ဆက်လက်တောင်း ဆိုနေတာကြောင့်
ချီးမွမ်းဖွယ်ကောင်းတဲ့ ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ လုပ်ရပ်နဲ့ မအပ်စပ်ဘူး။ ဒီပိုက်ဆံတွေ
ဘယ်ကိုရောက်သလဲ။ သိရ သလောက်တော့ လေဆိပ် ထိန်းသိမ်းဖို့နဲ့ အသစ်ပြုပြင်ဆောက်
လုပ်တာတွေ အတွက် တော့မဟုတ်ဘူး။ မနီလာမြို့ရဲ့ ရှော်တဲ့ လေဆိပ်အဆောက်အအုံတွေကို
ကြည့်ရင် သိနိုင်ပါတယ်။

မြန်မာနိုင်ငံဆီကို လာရောက်လည်ပတ်ဖို့ အလားအလာရှိတဲ့ ဧည့်သည်တွေရဲ့ အဓိက
ညည်းညူတာတွေကတော့ ဗီဇာပုံစံတွေ ဖြည့်ရတာ၊ မနက်စောစောမှာ လူတွေထူထပ်တဲ့
ကောင်စစ်ဝန်ရုံးတွေမှာ တန်းစီရတာ၊ ဓာတ်ပုံတွေနဲ့ ပိုက်ဆံပေးရတာ၊ ပြီးတော့ နောက်တစ်နေ့
ပြန်လာရတာတွေဟာ အဆင် မချောတဲ့ကိစ္စတွေပေါ့။ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံဟာ
ဒီလထဲမှာ ဗီဇာလိုအပ်ချက်တွေ ပယ်ဖျက် လိုက်တာကို မြန်မာနိုင်ငံအစိုးရက အတုယူကာ
မြန်မြန်ဆန်ဆန် ဆောင်ရွက်သင့်တယ်။ ခေတ်နဲ့အညီ တစ်ပြေးတည်း အတူသွားကြ
ပါစို့လား။


သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း