ဗုဒ္ဓဘာသာဝင်များကိုတိုက်ခိုက်မှု ဘင်္ဂလားဒေ့ရှ်တွင် လူ ၃၀၀ နီးပါးဖမ်း

ဒါကာ - လွတ်လပ်ရေးရရှိခဲ့ချိန်မှစ၍ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းအပေါ် အဆိုးရွားဆုံး အကြမ်းဖက်ခြင်းဟု ဗုဒ္ဓဘာသာခေါင်းဆောင်များက ပြောဆို သည့် ဗုဒ္ဓဘာသာကျောင်းတော်များနှင့် အိမ်ခြေများကို အကြမ်းဖက်တိုက်ခိုက် အပြီးတွင် လူ ၃၀၀ နီးပါးကို ဘင်္ဂလား ဒေ့ရှ် ရဲအရာရှိများက ဖမ်းဆီးထိန်းသိမ်း ထားပြီးဖြစ်ကြောင်း အောက်တိုဘာလ ၉ ရက်နေ့တွင် ရဲအရာရှိများက ပြော ကြားသည်။

အကြမ်းဖက်တိုက်ခိုက်မှုကို အဆိုး ရွားဆုံးခံခဲ့ရသည့် ကောက်စ်ဘဇား တွင်ပင် လူ ၁၆၂ ဦးဖမ်းဆီးထားသည် ဟု အရှေ့တောင်ပိုင်းပြည်နယ်ရှိ အဆင့်မြင့်ရဲအရာရှိ ခိုရှက်အလန်က ပြောသည်။

အနီးအနားရှိ စစ်တကောင်းပြည်နယ် တွင် အခြား ၇၆ ဦးနှင့် ဘန်ဒါဘန် ပြည်နယ်တွင် ၃၆ ဦးတို့ကိုလည်း ဖမ်းဆီး ထားကြောင်း ရဲအရာရှိများကဆိုသည်။

တပ်သားတစ်ထောင်ကို ကောက်စ် ဘဇား ပြည်နယ်တွင်လည်းကောင်း၊ တပ်သား ၃၀၀ ကို အနီးရှိရာမူးခေါ် ပန်ဝါရွာ၌လည်းကောင်း စေလွှတ် တပ်ချထားပြီးဖြစ်ကြောင်း အမည် မဖော်လိုသည့် စစ်တပ်အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

"ဗုဒ္ဓဘာသာတွေ နေတဲ့နေရာနဲ့ ဘုရားကျောင်းတွေကို ကျွန်တော်တို့ လုံခြုံရေးချထားပြီးပါပြီ။ အိမ်မီးရှို့ခံရ သူတွေနေထိုင်ဖို့လည်း ကျွန်တော်တို့ အဖွဲ့တွေက ယာယီတဲတွေ ဆောက်ထား ပေးပါတယ်" ဟု ၎င်းကပြောသည်။

လူဦးရေ ၂၅,၀၀၀ ခန့်ပါဝင်သည့် စက်တင်ဘာလနှောင်းပိုင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဗုဒ္ဓဘာသာအိမ်ခြေ ၂၀ ခန့်မီးရှို့ခံရပြီး ဆိုင်ခန်းများလည်း လုယက်ခံရကာ အခြားအိမ်ခြေ ၁၀၀ ခန့်လည်း ဖျက်ဆီးခြင်းခံခဲ့ရသည်။

ပါကစ္စတန်နိုင်ငံမှ ခွဲထွက်လာပြီး နောက် ၁၉၇၁ ခုနှစ် လွတ်လပ်ရေး ကြေညာခဲ့ပြီးချိန်မှစ၍ ယခုကဲ့သို့ ဗုဒ္ဓ ဘာသာများအပေါ် တိုက်ခိုက်မှုသည် အဆိုရွားဆုံးဖြစ်သည်ဟု ဘင်္ဂလား ဒေ့ရှ် ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌ ရန်ဂျန် ဘာရူယာက ပြောသည်။

"ဒါဟာ လွတ်လပ်ရေးရကတည်းက ရာစုနှစ်ချီကာလအတွင်းမှာ ဗုဒ္ဓဘာ သာတွေအပေါ် အဆိုးဆုံး တိုက်ခိုက်မှု ပါ။ ၁၉၆၆ ခုနှစ် ပါကစ္စတန်ကာလ အတွင်းတုန်းကတော့ အသေးအမွှား တိုက်ခိုက်မှုလေးတွေတော့ ရှိခဲ့ပေမယ့် ဒီလောက်ကြီးတော့ မဆိုးခဲ့ဘူး" ဟု ၎င်းကဆိုသည်။

(အေအက်ဖ်ပီ)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း