အမေရိကန် လှည့်ဖြားမှုကို အီရန်ခေါင်းဆောင် သတိပေး

တေရန် စီးပွားရေးကွန်ဖရင့်တွင် ဇန်နဝါရီ ၁၉ ရက်က သမ္မတရိုဟာနီ မိန့်ခွန်းပြောကြားပြီး ထွက်ခွာစဉ်။။ ဓာတ်ပုံ - အေအက်ဖ်ပီတေရန် စီးပွားရေးကွန်ဖရင့်တွင် ဇန်နဝါရီ ၁၉ ရက်က သမ္မတရိုဟာနီ မိန့်ခွန်းပြောကြားပြီး ထွက်ခွာစဉ်။။ ဓာတ်ပုံ - အေအက်ဖ်ပီ

တေရန်
” နျူကလီးယားအရေး သဘောတူ ညီချက်အရ အီရန်နိုင်ငံကို ပိတ်ဆို့အရေးယူ ထားမှုများကို
ရုပ်သိမ်းပြီးနောက် ရက်အနည်းငယ်အကြာမှာပင် အီရန်နိုင်ငံ၏ ဘာသာရေး ခေါင်းဆောင်ကြီး
အယာတိုလာ အလီခါမေနီ က အမေရိကန်တို့၏ လှည့်ဖြားမှုနှင့်စပ်လျဉ်း ၍ ဇန်နဝါရီ ၁၉ ရက်
တွင် သတိပေးခဲ့သည်။

ခါမေနီ၏ သဘောထားမှတ်ချက်က အီရန် နှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးသည်
ယခုအချိန်ထိတိုင် စိုးရိမ်စရာဖြစ်နေသေး ကြောင်း အလေးအနက်ထား ဖော်ပြလျက်
ရှိသည်။

နျူကလီးယားနှင့်စပ်ဆိုင်သော ဆောင်ရွက်မှုများကို ပယ်ဖျက်လိုက်ပြီး ချက်ချင်းဆိုသလိုပင်
အီရန်နိုင်ငံ၏ ဒုံးကျည် နှင့်ဆက်နွှယ်နေသော ပိတ်ဆို့အရေးယူမှု အသစ်များကို
ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

ယခင်ရက်သတ္တပတ်က အဏုမြူ သဘောတူညီချက်ကို အကောင်အထည်ဖော်ခဲ့ပြီး
ပထမဆုံးအကြိမ် ပြောကြားခဲ့သည့် သဘောထားတွင် ခါမေနီက အီရန်သမ္မတ ဟက်ဆန်
ရိုဟာနီထံပေးပို့သည့် သဝဏ်လွှာ၌ ''စိတ်ကြီးဝင်ပြီး အထက်စီး ဆန်လွန်းသောနိုင်ငံများ
အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ မရိုးသားမှု၊ လှည့်ဖြားမှုနှင့် သဘောတူညီချက်
ချိုးဖောက်မှုများကို အထူးသတိထား စောင့်ကြည့်ရန်'' ဖော်ပြခဲ့သည်။

နျူကလီးယား သဘောတူညီချက်တွင် သတ်မှတ်ပြဋ္ဌာန်းထားခဲ့သော အချက်အလက်များကို
အီရန်နိုင်ငံက ပြည့်မီအောင် ဖြည့်ဆည်းခဲ့ပြီးသည့်နောက်ပိုင်း ကုလသမဂ္ဂ အဏုမြူ
စောင့်ကြည့်လေ့လာရေးအဖွဲ့က ဇန်နဝါရီ ၁၆ ရက်က ကြေညာချက်ထွက်ပြီး
နောက်ဆုံးအခြေအနေများကို အသိပေးရန် သမ္မတ ရိုဟာနီက ခါမေနီထံ စာရေးသား
အကြောင်းကြားခဲ့သည်။

''တစ်ဖက်အဖွဲ့တွေက သူတို့ပေးထားတဲ့ ကတိကဝတ်တွေကို ပြည့်မီအောင်
ဆောင်ရွက်ကြရဲ့လား ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ကြရမယ်''ဟု ခေါင်းဆောင်ကြီးက
စာပြန်ခဲ့သည်။

ခါမေနီသည် အမေရိကန် နှင့်ဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်ရေး
ကြိုးပမ်းရန် မည်သည့်အခါကမျှ မထောက်ခံခဲ့ဘဲ အမေရိကန်ကို 'မာရ်နတ်'ကြီးဟုခေါ်ခဲ့သည့်
အီရန်နိုင်ငံ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး အယာတိုလာ ရူဟိုလာ ခိုမေနီ၏
လမ်းစဉ်အတိုင်း လိုက်နာသူဖြစ်သည်။

စီးပွားရေးဆုတ်ယုတ်မှုနှင့် အလုပ်လက်မဲ့ ပြဿနာ

ကမ္ဘာနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ခွင့် လမ်းဖွင့်ပေးလိုက်သည်နှင့် စီးပွားရေး တိုးတက်ရန်
ပြီးပြည့်စုံသွားနိုင်သည်မဟုတ်ကြောင်း၊ ခက်ခဲကြမ်းတမ်းသော ခရောင်းလမ်းကြီး
ယခုမှစတင်ခြင်းသာဖြစ်ကြောင်း သမ္မတ ရိုဟာနီက ဇန်နဝါရီ ၁၉ ရက် ရုပ်မြင်သံကြား
မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

''၁၂ နှစ်ကျော်ကြာအောင် လက်တွေ ခြေတွေကို မတရား တုပ်နှောင်ခံထားရတဲ့
အပြစ်မဲ့တဲ့ လူတစ်ယောက်အတွက် ဒီကနေ့မှ ဘဝက စရတာပါ''ဟု သမ္မတ ရိုဟာနီက
ပြောကြားခဲ့သည်။

''ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ အဲဒီဒဏ်ခတ်ခံရမှုနဲ့
ဖွံ့ဖြိုးမှုကြားမှာ လျှောက်လှမ်းရမယ့် ခရီးရှည် ကြီး ရှိပါသေးတယ်။ ဒီကနေ့ ကျွန်တော်တို့ရဲ့
အဓိကပြဿနာက အလုပ်လက်မဲ့နဲ့ စီးပွား ရေးဆုတ်ယုတ်မှု၊ ဖွံ့ဖြိုးတဲ့ စီးပွားရေးတစ်ရပ်
မရှိမှုနဲ့ စီးပွားရေးအဆောက်အအုံဆိုင်ရာ ချို့ယွင်းအားနည်းမှုတွေ ဖြစ်ပါတယ်'' ဟု
တေရန်မြို့တွင် ကျင်းပသည့် စီးပွားရေး ညီလာခံတစ်ရပ်တွင် ပြောကြားခဲ့သည်။

၂ဝဝ၆ ခုနှစ်နောက်ပိုင်း အီရန်အစ္စလမ္မစ် သမ္မတနိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့်
ငွေကြေးစနစ်ကို အဓိကပစ်မှတ်ထား၍ ဆောင်ရွက်ခဲ့သော နိုင်ငံတကာ ပိတ်ဆို့
အရေးယူမှုခံရကတည်းက အီရန်၏ စီးပွားရေး မှာ အကြီးအကျယ် ထိခိုက်ခဲ့ရသည်။

သဘော ထားတင်းမာသည့် မာမွတ် အာမာဒီနီဂျက်၏ ယခင်အစိုးရခေတ်က
ငွေကြေးဖောင်းပွမှုမှာ ၄ဝ ရာခိုင်နှုန်းအထိ တက်ခဲ့သည်။

သို့ရာတွင် ၂ဝ၁၃ ခုနှစ်က ရွေးကောက်တင်မြှောက်ခံရပြီးကမ္ဘာ့အင်အားကြီး
နိုင်ငံများနှင့် နှစ်နှစ်ကျော်ကြာနျူကလီးယား စေ့စပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ခဲ့သူ
အလယ်အလတ်သဘောထားရှိသော သမ္မတ ရိုဟာနီခေတ်တွင် ငွေကြေးဖောင်းပွမှုကို
၁၃ ရာခိုင်နှုန်းအထိရောက်အောင် လျှော့ချနိုင်ခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

အီရန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ရှစ်ရာခိုင်နှုန်းအထိ
ရောက်ရှိစေရန်နှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ သက်သာခွင့်ရပြီးနောက် ငွေဝင်လမ်း
အဆင်ပြေစေရန် နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံ ၃ဝ မှ ၃၅ အထိ
လိုအပ်ကြောင်း ဇန်နဝါရီ ၁၇ ရက်နေ့တွင် သမ္မတက ပြောကြားခဲ့သည်။

အီရန်နိုင်ငံက ရေနံထုတ်လုပ်မှုကို တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၅ဝဝ,ဝဝဝ အထိ
တိုးတက်ထုတ်လုပ်သွားမည်ဟု ဇန်နဝါရီ ၁၈ ရက်က ကြေညာခဲ့သည်။

၎င်းလုပ်ရပ်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နျူကလီးယား သဘောတူညီချက်
အကျိုးသက်ရောက်ပြီး လျှင် ဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ် ကာလအတန်ကြာကပင်
စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

လာမည့်မတ်လတွင် စတင်မည့် ရသုံး မှန်းခြေငွေစာရင်းမှာ ရေနံစိမ်းတစ်စည်လျှင်
ဒေါ်လာ ၄ဝ ဈေးနှုန်းရရှိရန်နှင့် ရေနံစိမ်းကို တစ်နေ့လျှင် ၂ ဒသမ ၂၅ သန်း တင်ပို့ရန်
ရည်မှန်းချက်ကို အခြေခံထားခဲ့ခြင်းဖြစ်သည်။

ရေနံတင်ပို့ရောင်းချသော နိုင်ငံများအဖွဲ့ အဖွဲ့ဝင်ဖြစ်သော အီရန်နိုင်ငံသည် ယခုအခါ
တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၂ ဒသမ ၈ သန်း ထုတ်လုပ်လျက်ရှိပြီး စည်ပေါင်း
တစ်သန်းကျော် ပြည်သို့ တင်ပို့လျက်ရှိသည်။

ရေနံစိမ်းဈေးနှုန်း ကျဆင်းမှုနှင့် အမေရိ ကန်နှင့် ဥရောပနိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့
အရေးယူခံရသည့်နှစ်များအတွင်း အီရန်နိုင်ငံ ၏ ပြည်ပသို့ ရေနံရောင်းချမှု အမြောက်
အမြား တားဆီးခံရပြီး ရေနံ ဝင်ငွေလမ်း အဟန့်အတားဖြစ်ခဲ့ရသည်။

ယခုအခါ ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းများမှာ တစ်စည်လျှင် ဒေါ်လာ ၃ဝ အောက်ကျဆင်းစေကာ
အီရန်နိုင်ငံသည် ယင်း၏ ဆုံးရှုံးသွားသော ဈေးကွက်ဝေစု ပြန်လည်ရရှိစေရန် ရေနံစိမ်းတိုးတက်
ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

တင်စိန် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း