ကလေးတစ်ဦးအသွင်ရှိသည့် ကံကောင်းစေမည့် အရုပ်ကလေးများ ထိုင်းနိုင်ငံ၌ ရေပန်းစားလာ

ဇန်နဝါရီ ၂၈ ရက်က ဘန်ကောက်မြို့ဘာသာရေးပွဲတစ်ခုတွင် အလှပြင်ဆိုင်ပိုင်ရှင် နတ်ဆူဒါ ဂျန်တက်ပ်တင်မ်က ကလေးအရုပ်လေးကိုင်၍ ဆုတောင်းနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဇန်နဝါရီ ၂၈ ရက်က ဘန်ကောက်မြို့ဘာသာရေးပွဲတစ်ခုတွင် အလှပြင်ဆိုင်ပိုင်ရှင် နတ်ဆူဒါ ဂျန်တက်ပ်တင်မ်က ကလေးအရုပ်လေးကိုင်၍ ဆုတောင်းနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

နွန်သာဘူရီ - ဘန်ကောက်မြို့ မြောက်ဘက်စွန်းမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း
တစ်ကျောင်းဆီကို ကားနဲ့သွားနေရင်းက အလှပြင်ဆိုင်ပိုင်ရှင် နတ်ဆူဒါ ဂျန်တက်ပ်တင်မ်က
သူ့သမီးငယ်လေး ဘာတွေကြိုက်တယ် ဘာတွေမကြိုက်ဘူး ဆိုတာတွေကိုစိတ်ပါလက်ပါနဲ့
ပြောပြနေပါတယ်။

''ကျွန်မတို့ တစ်အိပ်ရာတည်းမှာ အတူအိပ်ကြတယ်။ သူ့မှာ ကိုယ်ပိုင်ခေါင်းအုံးလေနဲ့
စောင်လေးလည်းရှိတယ်'' လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။ သူ့သမီးလေးကတော့
ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ရင်းလိုက်လာပါတယ်။

''သမီးလေးချမ်းနေလို့ လွန်ခဲ့တဲ့ နှစ်ညလုံး ကျွန်မတို့နှစ်ယောက် အဲကွန်းပိတ်ပြီးအိပ်ကြတယ်။
မနက်ဆိုရင် သမီးလေးက နို့စတော်ဘယ်ရီ သောက်ရတာကိုကြိုက်တယ်'' လို့ နတ်ဆူဒါက
ဆိုတယ်။

ဒါဟာ သားသမီးတွေကို အမြဲဂရုစိုက်တတ်တဲ့ မိခင်တစ်ယောက်ရဲ့ ပြောစကားတွေပါပဲ။
ဒါပေမဲ့ နတ်ဆူဒါက သူ့သမီးလို့ရည်ညွှန်းပြောဆိုနေတဲ့ ကလေးလေးကတကယ့် ကလေးအစစ်
မဟုတ်ပါဘူး။

လူသားကလေးတစ်ယောက်နဲ့တူတဲ့ သေသေချာချာဖြီးလိမ်းပြင်ဆင်ပေးထားတဲ့ ကော်ပတ်ရုပ်
လေးတစ်ရုပ်ပဲ ဖြစ်ပါတယ်။ ဒီအရုပ်လေးတွေဟာ ထိုင်းနိုင်ငံတစ်ဝန်း ရေပန်းစားလာတဲ့
အရုပ်ကလေးတွေပါ။

ထိုင်းလို"luuk thep" (ကလေးနတ်သမီး) လို့ လူသိများတဲ့ဒီအရုပ်ကလေးတွေဟာ
ဈေးကြီးပြီး ဒေါ်လာ၆ဝဝ အထိရှိပါတယ်။ ဒီအရုပ်လေးတွေကို အစားအသောက်တွေ
ကျွေးမွေးပြီး အဝတ်အထည်တွေဆင်ပေးတာဟာ အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးတယ်လို့
ယူဆထားကြတဲ့ ထိုင်းနိုင်ငံက ထင်ပေါ်ကျော်ကြား သူတွေကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်
လောက်ကစပြီး ကလေးနတ်သမီးအရုပ်လေးတွေ ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။

အရုပ်ကလေးတွေမှာ ကလေးတစ်ယောက်ရဲ့ ဝိညာဉ်ကိန်းအောင်းနေပြီး သူတို့ကို
လူသားကလေးငယ် တစ်ယောက်လို ဆက်ဆံရမယ်လို့ ယုံကြည်သူတွေကဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ အစွဲအလမ်းကြီးလွန်းသူ အများစုရဲ့ အရုပ်ကလေးတွေကိုတော့
ဘုန်းကြီးတစ်ပါးပါးက ရွတ်ဖတ်သရဇ္ဈာယ်ပေးထားတာဖြစ်ပါတယ်။

အရုပ်လေးတွေကို ကိုယ့်မိသားစုဝင်လိုမျိုး သဘောထားဆက်ဆံသူတွေထံ ကံကောင်းခြင်းတွေ
ရောက်လာမယ်လို့ ယုံကြည်နေကြတဲ့ အကျိုးရလဒ်အနေနဲ့ အခုဆိုရင် စားသောက်ဆိုင်၊
ရုပ်ရှင်ရုံနဲ့ လေယာဉ်ပျံတွေပေါ်ထိအောင် ယူဆောင်လာကြတာ တွေ့ရပါတယ်။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ နတ်ဆူဒါမှာ အသက် ၂၁ နှစ်အရွယ် သမီးမိန်းကလေး
တစ်ယောက်လည်း ရှိပါတယ်။ ဒါပေမဲ့ လူသားစင်စစ်သမီးတစ်ယောက်ရှိနေတဲ့ နတ်ဆူဒါက
Ruay Jang (အလွန်ကြွယ်ဝသော) လို့ နိမိတ်ကောင်းတဲ့အမည်ပေးထားတဲ့ အရုပ်ကလေးကို
ချစ်ခင်တဲ့စိတ်က လျော့မသွားပါဘူး။

''Ruay Jang ကျွန်မဆီကိုရောက်လာကတည်းက ကျွန်မ ဘဝလည်း တကယ့်ကို အပြောင်း
လဲကြီး ပြောင်းလဲခဲ့ပါတယ်။ ဥပမာပြောရမယ်ဆိုရင် အရင်က တစ်ခါမှ မပေါက်ခဲ့ဖူးတဲ့
ထီလည်း ပေါက်ခဲ့တယ်'' လို့ သူက ဆိုတယ်။

သူ့သမီးငယ် (အရုပ်ကလေး) လေးကို သူ့ရဲ့အခက်အခဲနဲ့ ပတ်သက်ပြီး အကူအညီ တောင်းပြီး
တဲ့နောက်မှာ နှစ်ပေါင်းများစွာကြိုးစားခဲ့ပေမယ့် မထူးခြားခဲ့တဲ့ သူငယ်ချင်းဆီကရမယ့်
အကြွေးကိုလည်း ပြန်ရခဲ့တယ်လို့ နတ်ဆူဒါက ပြောပါတယ်။

ယုံလွယ်လွန်းတယ်လို့ ပြောလာသူတွေနဲ့ပတ်သက်ပြီး သူက ''ကိုယ့်ယုံကြည်ချက်နဲ့ကို
ယ်ပါပဲ။ ဒါကို မယုံကြည်တဲ့ သူတွေကိုလည်း အပြစ်ပြောလို့ မရနိုင်ပါဘူး။ ကျွန်မကတော့
ဒါကိုယုံကြည်တယ်'' လို့ ပြောခဲ့ပါတယ်။

ကလေးနတ်သမီး အရုပ်ကလေးတွေနဲ့ပတ်သက်ပြီး အမြင်မတူတာတွေလည်း
ရှိပါတယ်။ တချို့က ဒါကို ရိုးရာအစဉ်အလာယုံကြည်မှုတွေကနေ သဘာဝအလျောက်
ခွဲထွက်လာတဲ့ အရာတစ်ခုအဖြစ်မြင်ကြပြီး တချို့က ဘာသာတရား ယုံကြည်မှုကို
ထိခိုက်စေတဲ့ စီးပွားရေး လှည့်ကွက်တစ်ခုလို့ မြင်ကြတယ်။

''တစ်ခါတလေ ရထားပေါ်ကို ဒီအရုပ်တွေသယ်လာတာမြင်ရင် ကျွန်မစိတ်ထဲ ဘဝင်မကျ
ဖြစ်မိတယ်'' လို့ ဘန်ကောက်မြို့က ဂရပ်ဖစ် ဒီဇိုင်းပညာရှင် လက်ခ်ခါနာ အိုလီ (၃၁ နှစ်) က
ဆိုပါတယ်။

ဘန်ကောက်မြို့ရဲ့ Suan Dusit Rajabhat တက္ကသိုလ်က ယခုရက်သတ္တပတ်က ပြုလုပ်ခဲ့တဲ့
စစ်တမ်းတစ်ရပ်အရ ထိုင်းလူမျိုး သုံးပုံနှစ်ပုံလောက်က ဒီအရုပ်တွေနဲ့ ပတ်သက်ပြီး
အထီးကျန်မှုကို ကုစားပေးမယ့်အရာအဖြစ် အပြုသဘောအမြင်ရှိကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဖြေကြားခဲ့သူ ၇၂ ရာခိုင်နှုန်းကတော့ ဒါဟာ အလွန်အစွဲအလမ်းကြီးသူတွေရဲ့
ကိုယ့်စိတ်ကိုယ် လှည့်စားမှုတစ်ခုသာဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

''လူတချို့ဟာ ထိုင်းနိုင်ငံရဲ့ ဆုတ်ယုတ်နေတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ အလုပ်အကိုင်နဲ့
ငွေရေးကြေးရေးကိစ္စတွေကြောင့် စိတ်ပျက်နေကြပါတယ်။ ဒါကြောင့် သူတို့အတွက်
စိတ်ထွက်ပေါက်တစ်ခုကို ရှာဖွေချင်ကြတာဖြစ်တယ်'' လို့ luuk thep  အရုပ်တွေရောင်းချတဲ့
Mae Ning က အေအက်ဖ်ပီ သတင်းထောက်ကို ရှင်းလင်းပြောပြပါတယ်။

ဝင်းသော်တာ ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း