ပညာရေးအတွက် လက်မလျှော့တဲ့ အင်္ဂလန်ရောက် ပဒေါင်မိန်းကလေး

ထူးမေကို လန်ဒန်မြို့ရှိ နေအိမ်၌ လွန်ခဲ့သည့် ရက်သတ္တပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့ထူးမေကို လန်ဒန်မြို့ရှိ နေအိမ်၌ လွန်ခဲ့သည့် ရက်သတ္တပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ဆင်းရဲနုံချာမှု၊ ရှေးရိုးဆန်လွန်းတဲ့ ရိုးရာဓလေ့တွေရဲ့ တားမြစ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ အတန်းပညာ
သင်ကြားခွင့်မရခဲ့တဲ့ ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်က ပဒေါင်မိန်းကလေးက အခုချိန်မှာတော့
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ အလယ်တန်း အောင်မြင်ပြီး အထက်တန်းပညာကို တက်လှမ်းနိုင်ဖို့
ကြိုးစားနေပါတယ်။

''ကျွန်မ ငါးနှစ်အရွယ်မှာ ကျောင်းတက်ချင်တယ်လို့ မိဘတွေကိုပြောတယ်။ သူတို့က မိန်းကလေးမို့
ကျောင်းတက်လို့မရဘူးတဲ့။ ကျွန်မတို့ ဓလေ့မှာက ယောက်ျားလေးပဲ ကျောင်းတက်ခွင့်ရတယ်'' လို့
ထူးမေက ပြောပါတယ်။

မွေးချင်းခြောက်ယောက်ရှိတဲ့ မောင်နှမတွေထဲမှာ ထူးမေက လေးယောက်မြောက်ဖြစ်ပြီး မိန်းကလေး
ထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ သူသိတတ်တဲ့အရွယ်မှာ ပညာသင်ချင်လှတာမို့ ညီမဖြစ်သူကို ကျောပိုးပြီး
ရွာမှာရှိတဲ့ မူလတန်းကျောင်းပြတင်းပေါက်ကနေ သွားချောင်းကြည့်ခဲ့ဖူးတယ်လို့ သူက ပြောတယ်။

''ကျောင်းက ကလေးတွေက ကျွန်မ မျက်နှာကို ကုတ်ဆွဲကြတယ်။ သိပ်နာတာပဲ။ နေ့တိုင်း မျက်နှာကို
သွေးထွက်အောင် အကုတ်ခံရတာမို့ မခံနိုင်တဲ့အဆုံး ကျောင်းဘက်ကို ခြေဦးမလှည့်တော့ဘူး''လို့
သူက ပြောပါတယ်။

အဲဒီလိုကြုံရပြီးတဲ့နောက် မိခင်ဖြစ်သူရဲ့ တစ်ဝမ်းကွဲမိသားစုအိမ်ကို သွားပြီး သူတို့ကလေးတွေ စာကျက်
တာကို နားထောင်တယ်လို့ သူက ဆိုပါတယ်။ မြန်မာစကားကို သီချင်းတွေကနေ လေ့လာသင်ယူပြီး
၂ဝဝ၅ ခုနှစ်မှာ မြန်မာစာရေးသားနည်းကို စတင်သင်ယူခဲ့တဲ့ ထူးမေဟာ ၂ဝဝ၉ခုနှစ်မှာ အိမ်ထောင်ကျပြီး
အမျိုးသား နေထိုင်ရာ အင်္ဂလန်နိုင်ငံကို လိုက်သွားခဲ့ပါတယ်။

''တစ်နှစ် နှစ်နှစ်လောက်တော့ မြန်မာပြည်ပြန်ဖို့ပဲ အားသန်နေတာ။ နောက်တော့သူများတွေနဲ့ပေါင်းဖော်ရ
တာ လွယ်လာတယ်။ အရင်ကထက် နေသားကျလာတယ်။ စလာကတည်းက အင်္ဂလိပ်စာတစ်လုံးမှ
မတတ်ဘူး။ ဒါပေမဲ့ အနှိမ်မခံရတော့ အခက်အခဲတစ်ခုမှ မတွေ့ပါဘူး။ အပေါင်းအသင်းတွေနဲ့ ဆုံတွေ့ဖို့ကျ
တော့ အခက်အခဲရှိတယ်''လို့ ထူးမေက ဆိုပါတယ်။

အင်္ဂလန်နိုင်ငံကို ရောက်တာနဲ့ ၂ဝဝ၉ ခုနှစ်မှာ လန်ဒန်မြို့က ကင်းစတန်းကောလိပ်မှာ စတင် ပညာသင်ယူခဲ့ပြီး
၂ဝ၁၂ ခုနှစ်မှာ အလယ်တန်းအောင်လက်မှတ် ရရှိခဲ့ပါတယ်။

''ကောလိပ်မှာ အမြင့်ဆုံးအဆင့်ထိ တက်ပြီးရင် တက္ကသိုလ်ကို လှမ်းလို့ရတယ်။ ကျွန်မတက်တဲ့ အတန်းမှာ
ကျွန်မနဲ့ အခြားမိန်းကလေးတစ်ဦးအပါအဝင် မြန်မာနှစ်ဦးပဲရှိတယ်။ အခြားအတန်းတွေမှာတော့ မြန်မာတွေ
ရှိပါတယ်။ တကယ်လို့ အထက်တန်းအောင်လက်မှတ် (ဂျီစီအက်စ်အီး) ရပြီဆိုရင်တော့ အလုပ်ရှာရတာ
ပိုလွယ်မယ်၊ သူငယ်ချင်းတွေနဲ့ ပေါင်းဖော်လို့လည်း အဆင်ပြေမယ်။ ကယားပြည်နယ်ကိုပြန် နေဖြစ်ရင်လည်း
မူကြိုကလေးတွေကို စာပြန်သင်ပေးလို့ရတယ်''လို့ သူကပြောတယ်။

လက်ရှိ သူ့ကို အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာမကို တစ်နာရီပေါင် ၂ဝ ပေးရပြီး သူ့အလုပ်ကတော့ တစ်နာရီကို
ကိုးပေါင်ပဲရတယ်လို့ သူက ပြောတယ်။

''အခု အခက်ခဲဆုံးအပိုင်းကို ရောက်နေပြီလားမသိဘူး။ စာလုံးတစ်လုံးမှာ အဓိပ္ပာယ်တွေအများကြီးပါဝင်တဲ့
စာတွေလေ့လာနေတာ မအားတာနဲ့ အလုပ်ကို တစ်ပါတ်တစ်ခါပဲ လုပ်မယ်လို့ စီစဉ်ထားတယ်။ တစ်နေ့ကို
နှစ်နာရီယူပြီး အင်္ဂလိပ်စာသင်တယ်။ လိုတဲ့ပိုက်ဆံကို အမျိုးသားက စိုက်ခံပါတယ်''လို့ ထူးမေက ဆိုပါတယ်။

မိဘတွေရဲ့စီမံအုပ်ချုပ်မှုကို တွန်းလှန်နိုင်ခြင်းမရှိသေးတဲ့ ငါးနှစ်အရွယ် (သူငယ်တန်း) ကမှ စမတက်ရင်
အထက်တန်းပညာရေးကို သင်ကြားခွင့်မရှိတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် ထူးမေဟာမြန်မာနိုင်ငံမှာ
တော့ အထက်တန်းအောင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။''ရွာမှာဆို စာမတတ်တဲ့သူတွေ အများကြီးပဲ။
အနာဂတ်မျှော်လင့်ချက်က အလုပ်လုပ်ချင်တယ်။ ကလေးကို ကျောင်းပို့နိုင်မယ်။ ထောက်ပံ့ပေးနိုင်မယ်။
ကလေးကြီးလာရင် မြန်မာနိုင်ငံ ပြန်လာနေချင်တယ်။ အင်္ဂလိပ်စာ ပိုတတ်ချင်တယ်။ တတ်ပြီးရင် ကျွန်မမှာ
လုပ်စရာတွေ အများကြီးပဲ''လို့ သူက တက်တက်ကြွကြွနဲ့ ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း