အင်ဒိုနီးရှားနိုင်ငံ၌ စိတ်ဝေဒနာရှင်များကို သံခြေချင်း ခတ်ထားခြင်းများ နိုင်ငံတစ်ဝန်း ယခုအထိ ရှိနေဆဲဖြစ်

သံကြိုး၊ ထိပ်တုံးတို့နဲ့ ချုပ်နှောင်ခြင်းခံရသည့် အင်ဒိုနီးရှား စိတ်ဝေဒနာရှင်။ ဓာတ်ပုံ - အေအက်ဖ်ပီသံကြိုး၊ ထိပ်တုံးတို့နဲ့ ချုပ်နှောင်ခြင်းခံရသည့် အင်ဒိုနီးရှား စိတ်ဝေဒနာရှင်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘရီဘီးစ်  (အင်ဒိုနီးရှား) - စိတ်ဝေဒနာရှင်များကို ဆုမွန်ကောင်းတောင်းပြီး ကုသပေးရာအင်ဒိုနီးရှား
ကျေးလက်ဒေသက စင်တာငယ်လေးတစ်ခုမှာတွေ့ရတဲ့ စိတ်ဝေဒနာရှင် ဆူလိုင်မန်ကို ခြေချင်းဝတ်မှာ
သံကြိုးတန်းလန်းနဲ့တွေ့ရပြီး သူက သစ်သားခုံတန်းလျားတစ်ခုပေါ်မှာ ဂနာမငြိမ်ဘဲ လှုပ်ရှားလူးလွန့်ရင်း
ဆူညံအော်ဟစ်လို့ နေပါတယ်။

ပိန်ချုံးချည့်နဲ့နေတဲ့ ဆူလိုင်မန်ဟာ လွန်ခဲ့တဲ့နှစ်နှစ် စင်တာကို စရောက် ကတည်းက သံခြေချင်းနဲ့
နေထိုင်ခဲ့ရတာဖြစ်ပြီး သံကြိုး၊ ထိပ်တုံးတို့နဲ့ ချုပ်နှောင်ခြင်းခံရတဲ့ အင်ဒိုနီးရှားစိတ်ရောဂါဝေဒနာရှင်
ထောင်ပေါင်းများစွာထဲက တစ်ယောက်ဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HGW) ရဲ့
မတ် ၂၁ ရက်ကထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်အရ သိရပါတယ်။

စိတ်ဝေဒနာရှင်တွေကို သံကြိုးနဲ့ချည်နှောင်ထားတဲ့လုပ်ရပ်က အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း
၎ဝ လောက်ကတည်းက တရားမဝင်တော့ပေမယ့် အခုလိုမျိုးလုပ်ဆောင်မှုတွေ နိုင်ငံတစ်ဝန်း
အများအပြားရှိနေသေးပြီး အထူးသဖြင့် ကျန်းမာရေးဝန်ဆောင်ပေးမှုတွေ အနည်းငယ်သာရရှိပြီး
မကောင်းဆိုးရွားကို အယုံအကြည်ရှိတဲ့ ကျေးလက်ဒေသတွေမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေး
စောင့်ကြည့်အဖွဲ့က ဆိုပါတယ်။

''၂ဝ၁၆ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံမှာ ဘယ်သူ့ကိုမှ သံကြိုးနဲ့ချည်နှောင်ထားတာမျိုး မလုပ်သင့်တော့
ပါဘူး။ ဒါဟာ ငရဲကျနေသလိုပဲလို့ လူတွေက ထပ်ကာထပ်ကာ ပြောလာကြပါတယ်'' လို့ လူ့အခွင့်
အရေး အဖွဲ့ရဲ့ မသန်စွမ်းအခွင့်အရေးဆိုင်ရာ သုတေသီနဲ့ အစီရင်ခံစာရေးသားသူ ကရီတီ ရှာမားက
အေအက်ဖ်ပီကို ပြောပါတယ်။

သံကြိုးနဲ့ချုပ်နှောင်ခြင်းအပြင် အင်ဒိုနီးရှားနိုင်ငံက စိတ်ဝေဒနာရှင်တွေ ခံစားနေရတဲ့ လိင်အကြမ်းဖက်
ခံရမှု၊ လျှပ်စစ်လျှော့ရိုက်ကုထုံး၊ တစ်ခါတလေ စိတ်ဝေဒနာရှင်တွေနဲ့ ပြည့်သိပ်ပြီး သန့်ရှင်းမှုမရှိတဲ့
လူသူဝေးရာ နေရာတွေမှာ နေထိုင်ကြရခြင်းစတဲ့ တခြားဆိုးရွားလှတဲ့ အရာတွေကိုလည်း
အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူ သန်း ၂၅ဝ နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စိတ်ကျန်းမာရေးဆေးရုံ ၄၈ ခုသာရှိပြီး အများစုက မြို့ပြနေရာတွေမှာ ဖြစ်ပါတယ်။ ဝေးလံခေါင်းပါးတဲ့ ဒေသတွေမှာနေထိုင်တဲ့ လူသန်းပေါင်းများစွာ
အတွက် ဆေးကုသမှုခံယူဖို့ ရွေးချယ်စရာ ရှားပါးလှတာကြောင့် စိုးရိမ်ပူပန်နေကြတဲ့ မိသားစုဝင်
တွေဟာ နောက်ဆုံးမှာ ကြံရာမရဘဲ ဆုမွန်ကောင်းတောင်းပြီး ဆေးကုသပေးတဲ့ စင်တာတွေဆီ
လူနာတွေကိုပို့ပြီး ကုသကြရပါတယ်။ အဲဒီ့စင်တာတွေထဲက တချို့က လူနာတွေကို သံခြေချင်းနဲ့
ထားကြပါတယ်။

ဆူလိုင်မန်ရဲ့ဇာတ်လမ်းကလည်း ပုံမှန်တွေ့နေ မြင်နေကျ ဇာတ်လမ်းမျိုးပါပဲ။ အိမ်နီးချင်းအိမ်တွေရဲ့
ပြတင်းပေါက်တွေကို ဆူလိုင်မန်က ခဲနဲ့လိုက်ပေါက်တာမျိုးတွေ စလုပ်လာတဲ့အခါမှာတော့ သူ့မိသားစု
က ဘာလုပ်လို့ဘာကိုင်ရမှန်း မသိခဲ့ပါဘူး။ ဒါကြောင့် သူ့ကို သူ့မိသားစုက ဂျာဗားကျွန်းမကြီးပေါ်မှာ
ရှိတဲ့ ဘရီဘီးစ်မြို့အနီးက ဆုမွန်ကောင်းတောင်းပြီးဆေးကုသပေးတဲ့ စင်တာတစ်ခုဆီ ပို့ခဲ့တယ်။

ဘီနာလက်ဇာရီ ကုသရေးဌာနတွင် သစ်သားခုတင်ပေါ်၌ သံကြိုးခတ်ခံထားရသော စိတ်ဝေဒနာရှင်ကို မတ် ၁၆ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီဘီနာလက်ဇာရီ ကုသရေးဌာနတွင် သစ်သားခုတင်ပေါ်၌ သံကြိုးခတ်ခံထားရသော စိတ်ဝေဒနာရှင်ကို မတ် ၁၆ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အခုအခါ ဆူလိုင်မန်က ယိုယွင်းစုတ်ပြတ်နေပြီး အနံ့အသက်မကောင်းတဲ့ ခြံဝင်းထဲက နေရာ
တစ်နေရာဖြစ်တဲ့ ကွန်ကရစ်နံရံတွေကြား ခပ်မှောင်မှောင် အခန်းထဲမှာ သံခြေချင်းနဲ့ နေ့ရက်တွေ
ကို ဖြတ်သန်းနေရပါပြီ။ အေအက်ဖ်ပီအဖွဲ့ ရောက်သွားစဉ်မှာ ခုံတန်းလျားပေါ်မှာ ဂနာမငြိမ်ဖြစ်နေတဲ့
ဆူလိုင်မန်က သူ့ကိုယ်သူ ''အသုံးမကျတဲ့ကောင်'' လို့ အော်ဟစ်နေပါတယ်။ အနားမှာရှိတဲ့
သံခြေချင်းခတ်ခံထားရသူ နောက်ထပ်ဝေဒနာရှင် တစ်ဦးကတော့ နံဟောင်ပြီး တံခါးတွေလည်း
မရှိတဲ့ သန့်စင်ခန်းရှိရာဘက်ကို ရောက်အောင်တောင် မသွားနိုင်တော့ဘဲသူရပ်နေတဲ့နေရာမှာပဲ
အပေါ့သွားနေတာတွေ့ရပါတယ်။

မှောင်မဲနေတဲ့ အခန်းငယ်လေးတစ်ခုအတွင်းမှာ နေထိုင်ရတဲ့ အာဝန်ဆိုသူ စိတ်ဝေဒနာရှင်က
တစ်ခါတလေ သူ့ကို သစ်သားခုံတန်းလျားမှာ ၂၄ နာရီလုံးလုံး သံကြိုးခတ်ထားတယ်လို့ ဆိုပါတယ်။
လူနာတွေကို စနစ်တကျ စစ်ဆေးကုသပေးဖို့ အားထုတ်ကြိုးပမ်း ဆောင်ရွက်တာမျိုးလည်းမတွေ့ရပါ
ဘူး။ ဒီစင်တာကို ဖွင့်လှစ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ရှိုလာ မူရှာဒက်က စိတ်ဝေဒနာရှင်
တွေကို သူတို့မိသားစုတွေကိုယ်တိုင် စင်တာကိုလာပို့ကြတာဖြစ်တယ်လို့ဆိုတယ်။

စင်တာမှာရှိတဲ့ ဝေဒနာရှင်တွေကို ဆေးဝါးတွေနဲ့ ကုသပေးတာမျိုးမဟုတ်ပေမယ့် ဆုမွန်ကောင်း
တောင်းပြီး ကုသတာနဲ့ ဆေးဖက်ဝင်အပင်အမျိုးမျိုးနဲ့ ရောစပ်ထားတဲ့ ဆေးရည်နဲ့ ရေချိုးပေးတာတွေ
လုပ်ပေးတယ်လို့ မူရှာဒက်က ရှင်းပြပါတယ်။ မူရှာဒက်က သူ့အစ်ကို၊ဖခင်ဖြစ်သူတို့နဲ့အတူ စင်တာကို
ဖွင့်လှစ် လုပ်ကိုင်နေပြီး လူနာ ၂၅ ယောက်ကို ကုသပေးနေပါတယ်။ ဒါ့ပြင် လူနာတွေကို သံကြိုးချည်
ထားရတဲ့ အကြောင်းကိုလည်း သူက ''ကျွန်တော်တို့မှာ တခြားရွေးစရာလမ်း မရှိဘူး။ အန္တရာယ်ကင်း
စိတ်ချရဖို့အတွက် ဒီနည်းလမ်းကို သုံးတာ ဖြစ်ပါတယ်'' လို့ ခုခံပြောဆိုခဲ့ပါတယ်။ 

ဝင်းသော်တာ ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း