သံမဏိအနားကွပ်ထားတဲ့ ဗျူဟာကစားနည်းစာအုပ်ခေတ်ပါလား

နာဂျစ်(ဝဲ ဒု)နှင့် ဇနီး မန်ဆူးတို့ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (ယာ ဒု) နှင့် သူ့ဇနီး ဘွန်ရာနီနှင့် ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ နာဂျစ်(ဝဲ ဒု)နှင့် ဇနီး မန်ဆူးတို့ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (ယာ ဒု) နှင့် သူ့ဇနီး ဘွန်ရာနီနှင့် ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

အခုအချိန်မှာ ဒီဒေသဟာ အရင်ကထက်တောင် ဘေးအန္တရာယ် ပိုပြီးကင်းနေတယ်။ လူတွေ
အတော်များများဟာ အေးချမ်းတဲ့ ပတ်ဝန်းကျင်အတွင်းမှာ အိပ်ရာက နိုးလာကြပြီး ဖြစ်အံ့ဆဲဆဲ
ရုတ်တရက် ကပ်ဘေးကို စိုးရိမ်ပူပန်မှုမရှိဘဲနဲ့ စားနိုင်၊ လုပ်နိုင်၊ ခရီးသွားနိုင်ကြပြီး ဘဝကို
ပျော်ရွှင်စွာ နေနိုင်ကြတယ်။

ကျေနပ် ဝမ်းမြောက်စရာကောင်းတဲ့ အေးဆေးငြိမ်သက်မှုက ပုံမှန်ကြီးစိုးနေတယ်။

ဒါပေမဲ့ ဝိဝါဒသဘောအရတော့ ဒီအချိန်တွေဟာ အင်မတန် အန္တရာယ်များတဲ့ အချိန်တွေဆိုတဲ့
အယူအဆတွေနဲ့ လက်ရှိအချိန်မှာ ကျွန်တော်တို့တစ်တွေ ရင်ဆိုင်နေကြရတယ်။

အကွေ့အကောက်နေရာတွင်းမှာ အန္တရာယ်ရှိနေနိုင်တယ်ဆိုတာမျိုး၊ ပြီးတော့
ကျွန်တော်တို့တစ်တွေဟာ လွန်စွာ ကြမ်းတမ်းတဲ့ကိစ္စတွေအပြင် သေစေနိုင်တဲ့ လုပ်ရပ်တွေ
ကျွန်တော်တို့အပေါ် ကျရောက်နိုင်တဲ့ အတွေးမျိုးတွေပေါ့။

ပိုပြီးဆိုးတာက လူရမ်းကားတွေ၊ မုဒိမ်းကောင်တွေနဲ့ ကလေးတွေအပေါ် ကာမစိတ်ရှိသူတွေနဲ့
လူလိမ်တွေက ဒီလိုတုန်လှုပ်စရာကောင်းတဲ့ အပြုအမူတွေကို ကျူးလွန်နေကြတယ်။

လွတ်လည်း လွတ်နေကြတယ်လို့ ကျွန်တော်တို့ကို ပြောခဲ့ကြတယ်။ ကျွန်တော်တို့ အားလုံးဟာ
တစ်ခဏလောက် စဉ်းစားကြည့်မယ်ဆိုရင် ဒါတွေဟာ ပေါက်ကရလေးဆယ်တွေပဲဆိုတာ
သိလာကြလိမ့်မယ်။

တကယ်ပြောရရင်တော့ လမ်းတွေမှာ ဘယ်တုန်းကလောက်မှ ဒီလို ဘေးကင်းတာမျိုး မရှိခဲ့ဘူး။

သမိုင်းတစ်လျှောက်ကို ကြည့်မယ်ဆိုရင် လုယက်ခံရသူ၊ မုဒိမ်းကျင့်ခံရသူနဲ့ အသတ်ခံရသူတွေ
နည်းနည်းပဲရှိတယ်။

ဒါဟာ အကြောင်းမဟုတ်ပါဘူး။ ဒီလို အေးချမ်းတဲ့ အဖြစ်သနစ် ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်
ဆိုတာကို အယုံသွင်းကာ ကျွန်တော်တို့ကို အခုအချိန်မှာ အရေးတယူ လုပ်ရင်လုပ် မလုပ်ရင်
နောင်တွင် အစော်ကားခံရသူ ဖြစ်လာနိုင်တယ်ဆိုတဲ့ ကြောက်စရာကောင်းတဲ့ သတင်းတွေနဲ့
နားပူ နားဆာလုပ်ခံရတာတွေကြောင့် လက်တွေ့ဘဝဟာ အဲဒီသတင်းတွေထဲ ထည့်သွင်းခြင်း
ခံနေရတယ်။

ဒီတော့ ကျွန်တော်တို့ကလည်း ကျွန်တော် တို့တစ်တွေ ကျွန်တော်တို့မိသားစုနဲ့ ကျွန်တော်တို့
လူမျိုးအသိုင်းအဝိုင်းတို့ကို ကာကွယ်ဖို့ ဒီနည်းဟာ အကောင်းဆုံးပဲဆိုတာ အာဏာရှင်ဆန်ပြီး
တရားဥပဒေစိုးမိုးစေတဲ့ ခေါင်းဆောင်တွေကို တင်မြှောက်ခဲ့ကြတယ်။

ဒီ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်တွေ ရွေးချယ်တင်မြှောက်ခြင်းခံရတာ၊ သို့မဟုတ် သေနတ်တွေ၊
သို့မဟုတ် ဘုရားသခင် ကျမ်းစာတွေကို ဝှေ့ယမ်းကာ အာဏာကို လုယူတာပဲဖြစ်ပါစေ သူတို့ပေးခဲ့တဲ့
ကတိအတိုင်း ခေတ်သစ်ဘဝရဲ့ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေက အကာအကွယ်ပေးနိုင်ရင်
သူတို့ကို ချီးကျူးထောမနာပြုကြမှာပါ။

ဒါကြောင့်လည်း ကွပ်မျက်တပ်ဖွဲ့တွေနဲ့ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် လူသတ်တဲ့
လူသတ်သမားတွေကို ခေါင်း မပြတ်မချင်း ကြိုးပေးကွပ်မျက်ရမယ်လို့ အမွှမ်းတင်ခဲ့တဲ့
ရိုဒရီဂို ဒူတာတေးဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်က ဖိလစ်ပိုင်နိုင်ငံရဲ့ နောင်တက်လာမယ့်
သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရတယ်။

ဒါကြောင့်လည်း မီဒီယာနဲ့ အစိုးရနဲ့ သဘောထား ကွဲလွဲဆန့်ကျင်သူတွေရဲ့ အသံတွေကို နှိပ်ကွပ်တဲ့
စစ်အာဏာရှင် ဗိုလ်ချုပ် ပရာယုသ် ချန်အိုချာရဲ့ စစ်အစိုးရရဲ့ သက်ဆိုးရှည်နိုင်တဲ့ အာဏာသိမ်းမှုဟာ
မေ ၂၂ ရက်မှာ နှစ်နှစ်ရှိသွားပြီဖြစ်တယ်။

ဒါကြောင့်လည်း သည်းမခံတတ်တဲ့ လီနင် မာ့စ်ဝါဒီ ငုယင်ဖူထရောင်ဟာ ဇန်နဝါရီလက အာဏာရ
ဗီယက်နမ်ကွန်မြူနစ်ပါတီ အကြီး အကဲအဖြစ် ပြန်လည်ခန့်အပ်ခြင်းခံရကာ တစ်သီးပုဂ္ဂလ
ကိုယ်စားလှယ်တွေကို မေ ၂၂ ရက်မှာကျင်းပမယ့် ဥပဒေပြုရွေးကောက်ပွဲက ဖယ်ထုတ်ပစ်ခဲ့တယ်။

ဒါကြောင့်လည်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ နိုင်ငံတော် အကြည်ညို ပျက်အောင်လုပ်ခြင်း
အက်ဥပဒေကို တစ်လွဲသုံးကာ ဝေဖန်သူတွေကို တိတ်သွားအောင်လုပ်ကာ ဘရူနိုင်းနိုင်ငံက စူလ်တန်
ဟာဆန်နာလ် ဘိုကီးယားဟာလည်း ရှာရီးယားဥပဒေကို မှီငြမ်းပြီး ကိုယ်လက်အင်္ဂါ
ဖြတ်တောက်ခြင်းနဲ့ အမျိုးသမီးတွေကို သေသွားတဲ့အထိ ခဲလုံးနဲ့ပေါက်တဲ့ ပြစ်ဒဏ်တွေကို
ပြဋ္ဌာန်းခဲ့ကြတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီကြမ်းတမ်းမာကျောတဲ့ လူတွေဟာ ဒေသတွင်း အရှည်ကြာဆုံး
ခေါင်းဆောင်ဖြစ်တဲ့ ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဖန်တီးခဲ့တဲ့ သံမဏိအနားကွပ်ထားတဲ့
ဗျူဟာနဲ့ ကစား နည်းစာအုပ်ကို ကူးချနေတာပဲဖြစ်တယ်။

ဟွန်ဆန်ဟာ သဘောကောင်း ဖော်ရွေ တယ်၊ လူ့အခွင့်အရေးကို လေးစားတယ်၊
သတင်းစာဆရာတွေက သူ့ကို လူမိုက်လို့ခေါ်ရင်တောင် သူက ပုခုံးတွန့်ပြတယ်၊ ပြီးတော့
အတိုက်အခံခေါင်းဆောင်ကို 'ကျွန်တော့်ရဲ့ ဂုဏ်သရေရှိ မိတ်ဆွေ'လို့ ခေါ်တာကြောင့်
အာဏာကို ၃၁ နှစ်ကျော် ချုပ်ကိုင်ထား နေနိုင်တာမဟုတ်ပါဘူး။ ဟုတ်ပါတယ်။

ဟွန်ဆန်ဟာ အာဏာရဲ့ အထွတ်အထိပ်မှာ နှစ်ပေါင်း ၃ဝ ကျော်ကြာ ရှိနေတုန်းမှာ သူ့ရဲ့
လုပ်ဖော်ကိုင်ဖက် အဟောင်းတွေအပါအဝင် အလောင်းကောင်တွေကလည်း တစ်ပုံတစ်ခေါင်းကြီး၊
တစ်ချိန်က ပြိုင်ဘက်တွေဖြစ်ကြတဲ့ နိုရိုဒွန် ရာနာရစ်နဲ့ ဆမ်ရိန်ဆီတို့လည်း ရှိနေတယ်။

အခုလက်ရှိအချိန်မှာတော့ ကမ္ဘောဒီးယား နိုင်ငံရဲ့ အထိရောက်ဆုံး အတိုက်အခံခေါင်းဆောင်
ကမ်ဆိုခကို အားရဝမ်းသာစွာနဲ့ နှိပ်ကွပ်နေတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ လူတွေကို ဖိနှိပ်သတ်ဖြတ်တယ်၊ သတင်းထောက်တွေကို
အကျဉ်းချတယ်၊ ပြီးတော့ နေ့ခင်းကြောင်တောင် သူ့ကိုယ်ရံတော်တွေကို စေလွှတ်ကာ
အတိုက်အခံတွေကို ရိုက်နှက်ခိုင်းတယ်။

အဲဒီအချိန်မှာ သူ့ ရဲတပ်ဖွဲ့က လက်ပိုက်ကြည့်နေကြတယ်။ ဟွန်ဆန် ချမှတ်ခဲ့တဲ့ စံအမှတ်ကို
ဖိလစ်ပိုင်က ရွေးကောက်ခံသမ္မတဒူတာတေး၊ ထိုင်းနိုင်ငံက ပရာယုသ်ချန်အိုချာ၊
မလေးရှားဝန်ကြီးချုပ် နာဂျစ်နဲ့ အမေရိကန်နိုင်ငံက ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ်
ရွေးချယ်ခံရန် တစ်ပြေးနေသော ဒေါ်နယ်ထရမ့်နဲ့ ဥရောပတိုက်က ဟန်ဂေရီနိုင်ငံ ခေါင်းဆောင်
ဗစ်တာ အော်ဘန်းတို့လို လူကြမ်းကြီးတွေဟာ အတုယူဖို့ ကြိုးပမ်းနေကြတယ်။

အလုပ်ဖြစ်တယ် ဆိုတာ ဒီလူတွေ သိပုံပေါက်တယ်။ ဟွန်ဆန်ဟာ ဘွင်းဘွင်းနဲ့ စာနာကင်းမဲ့စွာ
လုပ်ပြီး အရေးယူမခံရတာကို လေ့လာသူ အတော်များများက တုန်လှုပ်ကြပေမဲ့ တကယ်
ရှက်ဖို့ကောင်းတာက လူတွေ အများစုအနေနဲ့ကတော့ ဒါကို လက်ခံနိုင်တဲ့ နိုင်ငံရေးအပြုအမူလို့
မှတ်ယူလာကြတယ်။

အဲဒီတော့ လူတွေဟာ အဲဒီလူကို ဆက်လက်ထောက်ခံအားပေးကာ ဒီလူအာဏာ ပြန်ရဖို့ မဲပေးပြီး
တင်မြှောက်ခဲ့ကြတယ်။

ဖိလစ်ပိုင်နိုင်ငံသားတွေ ဒူတာတေးကို မဲပေးခဲ့ကြသလို၊ ဒီလထဲမှာပဲ ဆာရာဝပ် ပြည်သားတွေက
နာဂျစ်ရဲ့အဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသလို၊ ထိုင်းနိုင်ငံသားတွေဟာ ရက်စက်တဲ့ တောသား
လူနုံ ပရာယုသ် ကိုလည်း သည်းခံကြတာနဲ့ ရီပတ်ဘလီကန် ပါတီဝင်တွေဟာ ထရမ့်ကို
သူတို့ရဲ့သမ္မတ အရွေးချယ်ခံ ကိုယ်စားလှယ်အဖြစ် အင်တိုက်အားတိုက် အားပေးခဲ့ကြသလိုမျိုးပေါ့။

မဲဆန္ဒရှင်တွေ ဒီလူတွေကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတော့ စရိုက်ကြမ်းတဲ့
ခေါင်းဆောင်တွေဟာ အန္တရာယ်များတဲ့ ကမ္ဘာကြီးမှာ သူတို့ကိုဘေးကင်းအောင်
ထားနိုင်လိမ့်မယ်လို့ ယုံကြည်ကြတယ်။

အမှန်ကတော့ ဟုတ်ပါတယ်၊ ကမ္ဘာကြီးဟာ အန္တရာယ်များလှပါတယ်။ အကြမ်းဖက်သမားတွေ၊
သို့မဟုတ် လူဆိုးလူလိမ်တွေကြောင့် မဟုတ်ဘဲ နိုင်ငံခေါင်းဆောင်တွေဟာ ပိုပြီးရက်စက်
သည်းခံမှုမရှိတာကြောင့် ဖြစ်တယ်။

ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်းပြောရင် ထောင်ကျခံရနိုင်တဲ့ အန္တရာယ်ရှိတယ်၊ သို့မဟုတ်
တရားဝင်ပုံဖမ်းထားတဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ ရိုက်နှက်မှုကို ခံရနိုင်တယ်။

ဒါပေမဲ့ ပါးစပ်ကိုသာပိတ်ထားပြီး အာဏာရှင် ကို ပြန်လည်တင်မြှောက်ရင် ငြိမ်သက်ခြင်းကို
သင်ရလိမ့်မယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘန်ကောက် ပို့စ်သတင်းစာရဲ့ မျက်နှာဖုံးခေါင်းစည်းမှာ
"Stability at the cost of freedom" လို့ ရေးထားတာတွေ့လိုက်ရတယ်။

ထိုင်းနိုင်ငံတွင်း အခြေအနေနဲ့ ဒီဒေသတွင်း အတော်များများ ရဲ့အခြေအနေကို ခြုံငုံပြီး ဝေဖန်ပြလိုက်တဲ့
သဘောပဲ။ မလေးနက်၊ ပေါ့တန်၊ မရိုးသားတဲ့ ကြမ်းတမ်းတဲ့ခေါင်းဆောင်တွေဟာ လူတွေကို
မတည်ငြိမ်မှုနဲ့ ပဋိပက္ခဖြစ်ခါနီးပြီလို့ အယုံ သွင်းကာ ဒါတွေကို ရှောင်နိုင်ဖို့ သူတို့ရဲ့ လွတ်လပ်မှုကို
စွန့်လွှတ်ရမယ်လို့ ဆိုတယ်။

ဒါဟာ လိမ်လည်တာပဲဖြစ်တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက စိုးရိမ်မှုနဲ့ စိတ်ဝင်စားမှု
မရှိတာတွေကြောင့် ဒီလိမ်ညာတာကို လက်ခံယုံကြည်ကာ ဖြန့်ဝေတဲ့ ဂုဏ်သရေမဲ့လူတွေကို
ထောက်ခံအားပေးကြတယ်။

ဒီဒေသတွင်းရှိ ခေါင်းဆောင်တွေကိုလည်း ဒီအတိုင်းပဲ အဖြစ်များလာတယ်လို့ ပြောနိုင်ပြီး ဟွန်ဆန်ရဲ့
သံမဏိအနားကွပ်ဗျူဟာ ကစားနည်းစာအုပ်အတိုင်း လိုက်လုပ်နေကြကာ တစ်ချိန်က အမြတ်တနိုး
အထားခံခဲ့ရတဲ့ လွတ်လပ်မှုတွေကို မျောပါသွားအောင် လုပ်နေကြတယ်။

သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း