နျူကလီးယားဗုံးကြဲချစဉ်က အသက်ရှင်သူများ အိုဘားမားနှင့် ပွဲတက်မည်

 တိုကျို - အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယခုရက်သတ္တပတ်အတွင်း ဂျပန်နိုင်ငံသို့ 
သွားရောက်မည်ဖြစ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်တို့နျူကလီးယားဗုံးကြဲတိုက်ခိုက်ခဲ့ရာ
နေရာတွင် အထိမ်းအမှတ် ပန်းခွေချမည်ဖြစ်ပြီး ထိုအခမ်းအနားသို့ နျူကလီးယားဗုံးကြဲချစဉ်က
အသက်ရှင်ကျန်ရစ်ခဲ့သူများအပြင် ဂျပန်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသော အမေရိကန် 
စစ်သုံ့ပန်းဟောင်းများလည်း တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

သမ္မတ အိုဘားမားက မေ ၂၆ ရက်တွင်ပြုလုပ်မည့် စက်မှုအင်အားကြီးနိုင်ငံ ခုနစ်နိုင်ငံ
အစည်းအဝေးသို့ တက်ရောက်ရန် မေ ၂၅ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး
မေ ၂၇ ရက်တွင် ဟီရိုရှီးမားမြို့ အထိမ်းအမှတ်နေရာ၌ ပန်းခွေချကာ တက်ရောက်လာကြသူများကို
စကားပြောကြားမည်ဖြစ်သည်။

အမေရိကန်က ၁၉၄၅ ခုနှစ်၊ သြဂုတ် ၆ ရက်တွင် ပထမအကြိမ် နျူကလီးယားဗုံးကို ဟီရိုရှီးမားမြို့၌
ကြဲချခဲ့ရာ လူ ၁၄ဝ,ဝဝဝ ခန့်သေဆုံးခဲ့သည်။

ထို့နောက် တောင်ပိုင်း နာဂါဆာကီမြို့တွင် ဒုတိယ နျူကလီးယားဗုံးကိုကြဲချခဲ့ရာ လူ ၇၄,ဝဝဝ ခန့်
သေဆုံးခဲ့သည်။

သမ္မတ အိုဘားမားက မေ ၂၇ ရက်နှောင်းပိုင်းတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံနိုင်ဖွယ်
ရှိကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှီဟိုက်ဆူဂါက ပြောကြားခဲ့သည်။

ဝင်းသော်တာ ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း