အာဆီယံ ဝင်မစွက်ဖက်ဖို့ အင်ဒိုနီးရှားက ခပ်ပြတ်ပြတ်ပြော

၂ဝဝ၇ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က အလီအလာတားစ် မိန့်ခွန်းပြောနေစဉ်။ ဓာတ်ပုံ - အီးပီအေ၂ဝဝ၇ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က အလီအလာတားစ် မိန့်ခွန်းပြောနေစဉ်။ ဓာတ်ပုံ - အီးပီအေ

ကျွန်တော့်ရဲ့ခွန်အားတွေ မြင့်မားနေတဲ့အချိန် လွန်ခဲ့တဲ့ နှစ်ပေါင်းအနည်းငယ်တုန်းက
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး အလီအလာတားစ်ကို တွေ့ဆုံမေးမြန်းခွင့်ရဖို့ ခွင့်ပြုချက်မရမချင်း
ကျွန်တော် အသည်းအသန်လိုက်ခဲ့ရတယ်။

အောင်မြင်တဲ့ တွေ့ဆုံမေးမြန်းခန်းတွေရဲ့ သဘာဝအတိုင်းပဲ သိပ်မလွယ်လှပါဘူး။
ဘာကြောင့်လဲဆိုတော့ ထင်ပေါ်ကျော်ကြား ပြီး မီဒီယာတွေကို မနှစ်မြို့တဲ့ အလာတားစ်ဟာ
အလုပ်ပိနေခဲ့ရာက နှလုံးဖောက်ပြန်သလိုဖြစ်ကာ ဆေးရုံတက်ခဲ့ရတယ်။

ကျွန်တော်သိရသလောက်တော့ သူဒီလို ဖြစ်တာ ကျွန်တော့် ပယောဂမပါဘူးလို့ သိခဲ့ရတယ်။

ဒါပေမဲ့ ဒီတွေ့ဆုံမေးမြန်းခန်းဟာ ကျွန်တော်ရေးခဲ့တဲ့ အမေးအဖြေအကြောင်း အရာတွေထဲမှာ
အထိရောက်ဆုံးဖြစ်ခဲ့တယ်။

ဒီတွေ့ဆုံမေးမြန်းခန်းကို ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဟနွိုင်းမြို့က ဟောရစ် ဆန်ဟိုတယ်ရဲ့
ချောင်ကျတဲ့ ဧည့်သည်စောင့် ခန်းမှာလုပ်ခဲ့တယ်။

အဲဒီအချိန်မှာ အာဆီယံ အဖွဲ့ရဲ့ ဘေးကျပ်နံကျပ်ဖြစ်နေချိန်ကာလ ထိပ်သီးညီလာခံ ကျင်းပခဲ့တဲ့
အချိန်တုန်းကပေါ့။ ဘေးကျပ်နံကျပ်ကာလလို့ပြောတာ ဟာ ခပ်လျှော့လျှော့ ပေါ့ပေါ့ပြောလိုက်တာပဲ
ဖြစ်တယ်။

ဒီထိပ်သီးညီလာခံရဲ့ အဖွင့်မိန့်ခွန်း ကို အဲဒီအချိန်က စင်ကာပူဝန်ကြီးချုပ် ဂိုချောက်တောင်က
ပြောကြားခဲ့ရာမှာ ဒီနှစ် ဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွက် ဒုက္ခသုက္ခရောက်တဲ့နှစ်
ဖြစ်တယ်လို့ ဝန်ခံခဲ့တယ်။

အာရှ ငွေကြေးပြဿနာရဲ့ ဆက်လက်ဖြစ်နေတဲ့ သက်ရောက်မှုဟာ အရင်နှစ်က ဒေသတွင်း
စီးပွားရေးကပ်ဆိုက်မှုတွေဖြစ်စေခဲ့တဲ့ အဓိကတရားခံပဲ ဖြစ်တယ်။

တခြားပြဿနာတွေလည်း ရှိခဲ့တဲ့အထဲမှာ ကမ္ဘောဒီးယားနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ရာမှာ ဖြစ်ခဲ့တဲ့
အငြင်းပွားမှုတွေဟာ ဒီအဖွဲ့ရဲ့တစ်ချိန်က အစဉ်လေးစားလိုက်နာခဲ့တဲ့ အာဆီယံအဖွဲ့ဝင်
တခြားနိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်တာနဲ့ သက်ဆိုင်ခဲ့တယ်။

အလာတားစ်နဲ့ တွေ့ဆုံမေးမြန်းခန်းရဲ့ နိဒါန်းကို ကျွန်တော်ရေးသားခဲ့သလို အာဆီယံအဖွဲ့ဝင်တွေဟာ
ဘယ်တုန်းကမှ ဒီလိုအချင်းချင်း လိုက်လျောမှုမရှိဘဲ လူသိရှင်ကြား သဘောထားကွဲလွဲမှုတွေ
ရှိခဲ့တာကြောင့် ထိပ်တန်းလေ့လာသူအများဟာ အာဆီယံအဖွဲ့ရဲ့ ဆက်လက်ရှင်သန်မှုအပေါ်
စိုးရိမ်ခဲ့ကြတယ်။

ဟုတ်ပါတယ်။ အမြဲရည်မွန်ပြီး အတွေ့အကြုံအလွန်များတဲ့ အလာတားစ်ဟာ သိုသိုသိပ်သိပ်နဲ့
သံသယရှိခဲ့ပေမဲ့ အာဆီယံ အဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုဟာ ဆက်လက်ရှိနေကာ ရှင်သန်နေလိမ့်မယ်လို့
ကျွန်တော့်ကို စိတ်ချစွာပြောခဲ့တယ်။ သူပြောခဲ့သလိုပဲ အာဆီယံအဖွဲ့က ပြိုကွဲပျက်စီးမသွားခဲ့ဘူး။

ဒါတင်ပဲလား၊ ရှင်သန်ရုံသက်သက်ပဲလားလို့ အခုအချိန်မှာ လူတွေက ပိုပြီးမေးလာကြတယ်။

သူတို့ရဲ့ စိုးရိမ်ပူပန်မှုကတော့ ဒေသတွင်း စီးပွားရေးကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ၊ နှစ်နိုင်ငံကလွဲလို့
တခြားနိုင်ငံတွေရဲ့ စီးပွားရေးဟာ ကောင်းသင့်သလောက် မကောင်းကြဘဲ အာဏာရှင်ဆန်တဲ့
အစိုးရတွေ ပြန့်ပွားလာပြီးလူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခတွေ တိုးလာကာ ကြမ်းတမ်းတဲ့သဘောထား
ကွဲလွဲမှုတွေကို အားပေးမြှင့်တင်ပေးတယ်လို့ မြင်နေကြတယ်။

ပြီးတော့ တရုတ်နိုင်ငံရဲ့ အပေါ်ကနေ စီးပိုးသက်ရောက်မှုက ရှိနေပြီး သူ့စီးပွားရေးကလည်း
တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေကာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးဟာလည်း တောင်တရုတ်
ပင်လယ်တွင်းရှိ ကျွန်းတွေပိုင်ဆိုင်တဲ့ အငြင်းပွားမှုတွေကြောင့် အဆင်မပြေဖြစ်နေတယ်။

ဒီကိစ္စပြေလည်ဖို့ ကြိုးပမ်းရာမှာ အာဆီယံ အဖွဲ့ဝင်တွေဟာ အများရှေ့မှာတော့ လေသံတစ်သံတည်း
ထွက်ကြတယ်။

ဆိုလိုတာက တစ်နိုင်ငံချင်းအနေနဲ့ မဟုတ်ဘဲ စုပေါင်း လုပ်ဆောင်တာဟာ ပိုအားကောင်းပြီး
အရှိန်အဝါ ပိုရှိတယ်လို့ တွက်ဆကြတယ်။

ကံမကောင်းချင်တော့ ဆူပူမှုက ခြိမ်းခြောက်လာတဲ့အခါ ဥပမာ” တရုတ်ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကြောင့်
စည်းလုံးတဲ့ အနေအထားမရှိတော့ဘဲ ဗြောင် ကိုယ်ကျိုးရှာမှုတွေ ဖြစ်ပေါ်လာကာ အဖွဲ့ဝင်တွေဟာ
အဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို လျစ်လျူရှုကာ ကိုယ်ထင်ရာ ကိုယ်စိုင်းလာကြတယ်။

ပိုင်နက်အငြင်းပွားမှုတွေကို ပိုင်ဆိုင်တယ် လို့ပြောကြတဲ့ နှစ်နိုင်ငံကြားသာ ကြိုးပမ်းပြီး
အခြားနိုင်ငံတွေ ဝင်ရောက်မစွက်ဖက်သင့်ဘူးဆိုတဲ့ကိစ္စကို အရင်လက ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့
လာအိုနိုင်ငံတို့က တရုတ်နိုင်ငံနဲ့ သဘောတူခဲ့တာကိုကြည့်ရင် နောင် ဒါမျိုးထပ်ဖြစ်လာတာကို
တွေ့ရတယ်။

သယံဇာတကြွယ်ဝတဲ့ ပင်လယ်ပြင် တစ်ခွင်တစ်ပြင်ကို တရုတ်နိုင်ငံနဲ့ ပြင်းထန်စွာ ပဋိပက္ခဖြစ်နေတဲ့
အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့က အထူးသဖြင့် မကျေမနပ်ဖြစ်ကြတယ်။

သူတို့နှစ်နိုင်ငံ စိတ်ပျက်နေတဲ့အထဲမှာ တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်တွေအကြား
စိတ်ဝမ်းကွဲစေကာ အာဆီယံအစည်းအဝေးတွေမှာ ဒီကိစ္စဆွေးနွေးနေတာကို ပိတ်ပင်ဖို့ရယ်၊ ပြီးတော့
ပိုင်ဆိုင်တယ်လို့ပြောတဲ့သူတွေကို အချင်းချင်းညှိနှိုင်းရေး တိုက်တွန်းပေးဖို့ အဖွဲ့ဝင်နိုင်ငံသုံးနိုင်ငံကို
ဆွဲဆောင် ခဲ့တာပေါ်လွင်လာခဲ့တယ်။

ဟုတ်ပါတယ်။ တောင်းခံသူတစ်ဦးဟာ တရုတ်နိုင်ငံလို ကြီးမားအရှိန်အဝါရှိတဲ့ နိုင်ငံဖြစ်ပြီး
တခြားတစ်ဦးက ဖိလစ်ပိုင်နိုင်ငံလို အင်အားချည့်နဲ့တဲ့အခါ ပြိုင်ဆိုင်မှုဆိုတာမရှိတော့ဘူး၊
တရုတ်ပဲနိုင်မှာပဲ။

ဒါကြောင့်မို့လည်း မနီလာအစိုးရဟာ ဟနွိုင်းအစိုးရလိုပဲ စစ်ဘက်ဆိုင်ရာဆက်နွှယ်မှုတွေကို
အမေရိကန်ရဲ့အကူအညီနဲ့ မြှင့်တင်လျက်ရှိတယ်။ ဒါ့ပြင် ကျွန်းအငြင်းပွားမှုကို သဟေ့ဂ်မှာရှိတဲ့
ကုလသမဂ္ဂခုံရုံးထံ တင်ပြထားပြီးဖြစ်ရာ ဒီကိစ္စနဲ့ပတ်သက်ပြီး နောင်ဆုံးဖြတ်ချက်ချမှာ ဖြစ်တယ်။

ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို လျစ်လျူရှုမယ်လို့ ပေကျင်းအစိုးရက ပြောထားပြီးဖြစ်တယ်။ ခုံရုံးရဲ့
ဆုံးဖြတ်ချက်ဟာလည်း ဖိလစ်ပိုင်ဘက်က ရှိဖို့များတယ်။ ဒီလိုဆိုရင် အာဆီယံအဖွဲ့ရဲ့ တုံ့ပြန်မှုဟာ
ဘယ်လိုဖြစ်မလဲ။

အာဆီယံအဖွဲ့ဝင် သုံးဦးက လက်တွဲဖြုတ် သွားပြီး ထိုင်းနိုင်ငံကလည်း သူတို့နောက်ကို
ပါသွားနိုင်ဖွယ်ရှိတော့ မနီလာအစိုးရအနေနဲ့ စည်းလုံးတဲ့ ထောက်ခံမှုရဖို့ မလွယ်တဲ့သဘောမှာပြနေတယ်။

ဒါတွေပြီးတော့ အင်ဒိုနီးရှားနိုင်ငံကို ပြန်ကြည့်လိုက်တဲ့အခါ စိတ်ပျက်ဖို့ပိုကောင်းလာတာက
သမ္မတ ဂျိုကိုဝီဒိုဒို ဦးဆောင်တဲ့ အစိုးရဟာ အတွင်းဘက်လှည့်ပြီး အမျိုးသား ရေးစိတ်ဓာတ်ပြင်းထန်တဲ့
နိုင်ငံခြားရေးဝါဒကိုခံယူထားတယ်။ ဒေသတွင်းကိစ္စတွေ အထူးသဖြင့် အာဆီယံနဲ့ ပတ်သက်တဲ့
ကိစ္စတွေဟာ သူ့နိုင်ငံခြားရေးဝန်ကြီးဌာန ဦးစားပေးကိစ္စတွေမှာ အောက်ဆုံးကရှိနေတယ်လို့
ထင်ရတယ်။

မကြာသေးခင်က ရက်နိုမာဆူဒီကို နိုင်ငံခြားရေးဝန်ကြီးခန့်လိုက်တာကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။

မာဆူဒီဟာ နော်ဝေးနဲ့ အိုက်စလန်နိုင်ငံတို့မှာ အင်ဒိုနီးရှားနိုင်ငံ ဆိုင်ရာ သံအမတ်အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပေမဲ့ ဒေသတွင်းခက်ခဲရှုပ်ထွေးမှုတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံနည်းတာကြောင့်
သူ့ခမျာ လေးစားခြင်းမခံရရှာဘူး။

နိုင်ငံခြားရေးဝန်ကြီး ရာထူးအတွက် သူ့ နာမည်ထွက်လာတဲ့အခါ လူတွေအံ့အားသင့်သွားပြီး မကြိုက်ကြလို့
အထင်ကရ နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်ခဲ့တဲ့ အလီအလာတားစ် နဲ့ အဒမ်မာလစ်တို့ကိုအသာထား
သူ့အရင် နားလည်သဘောပေါက်လွယ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီ ဂါးဝါးနဲ့နှိုင်းယှဉ်ကာ
လှောင်ပြောင်သရော်တာကို ခံခဲ့ရတယ်။

အာဆီယံအဖွဲ့ရဲ့ အားနည်းချက်ကိုသိမြင်တဲ့ ဂျကာတာအစိုးရဟာ အာဆီယံကို လျစ်လျူရှုဖို့ ဆုံးဖြတ်ခဲ့ပြီး
တောင်တရုတ် ပင်လယ်တောင်ပိုင်းမှာရှိတဲ့ နာတူနာကျွန်းစုဝန်းကျင်ရှိ ရေပိုင်နက်အပေါ် တရုတ်နဲ့
အငြင်းပွားမှုကို ပြေလည်ဖို့ တစ်ဖက်သတ် ကြိုးပမ်းခဲ့တယ်။

ဒီတော့ ဘယ်လိုဖြစ်လာသလဲဆိုရင် ငါးဖမ်းပိုင်ခွင့်ကိစ္စမှာ အတည်တကျပြေလည်မှု မရှိသေးပေမဲ့
တရုတ်က နာတူနာ ကျွန်းစုကို အင်ဒိုနီးရှားပိုင်နက်အဖြစ် လက်လွှတ်လိုက်တယ်။

ဒီဆုံးဖြတ်ချက်ဟာ ဂျကာတာအစိုးရအတွက် အဆင်ပြေသွားသလို ဒီဒေသရဲ့ အစ်ကိုကြီးလို့
တင်စားခြင်းခံရတဲ့ အင်ဒိုနီးရှားကို အငြင်းပွားမှုထဲက ဖယ်ထုတ်လိုက်နိုင်တာကြောင့် ပေကျင်းအစိုးရ
အတော်ပဲ ဝမ်းပန်းတသာ ဖြစ်ခဲ့တယ်။

ဒါဟာ ဘာကိုအတည်ပြုလိုက်သလဲဆိုရင် သဟေ့ဂ်က ဆုံးဖြတ်ချက်ကို တရုတ်က ပယ်ချလိုက်ရင်
အာဆီယံအဖွဲ့ဟာ စည်းလုံးတဲ့ အနေအထားနဲ့ ပြန်လည်တုံ့ပြန်နိုင်တော့မှာ မဟုတ်ဘူး။

ဒီသနားစရာကောင်းတဲ့ ရလဒ်ဟာKipling ရဲ့ Law of the Jungle ကို ပြန်လည်သတိရစေတယ်။

''ဒီအုပ်ရဲ့အင်အားဟာ ဝံပုလွေ ဖြစ်သလို ဝံပုလွေရဲ့အင်အားဟာလည်း ဒီအုပ်ပဲဖြစ်တယ်''ဆိုတဲ့
သဘောကျိုဆာင်တယ်။

အင်ဒိုနီးရှားဟာ အာဆီယံအဖွဲ့ရဲ့ ဝံပုလွေဖြစ်ခဲ့ပြီး ဒီအဖွဲ့ကို စွန့်ခွာခဲ့တယ်။ ဒီလုပ်ရပ်ကြောင့်
တရုတ်က အောင်ပွဲခံသွားကာ အာဆီယံအဖွဲ့ရဲ့ ရှင်သန်မှုဟာ ထပ်မံ ခြိမ်းခြောက်ခြင်းခံနေရတယ်။

သနားစရာကောင်းတဲ့ အလာတားစ်ကတော့ တမလွန်ဘဝက တနုံ့နုံ့ဖြစ်နေမှာ သေချာတယ်။ 

သောင်းညွန့် ဘာသာပြန်သည်။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း