တူရကီ၏ မအောင်မြင်သော အာဏာသိမ်းပွဲနောက်ပိုင်း အာဒိုဂန် ဆန့်ကျင်သူ ရှင်းလင်းရေးဆောင်ရွက်မှု စိုးရိမ်မှုများထွက်ပေါ်

 

အန်ကာရာ - ၁၉၉ဝ ပြည့်လွန်နှစ်များနှောင်းပိုင်းက ဖြစ်ပွားခဲ့သော အနီးကပ်ဆုံး အာဏာသိမ်းမှု
အပါအဝင် ဆယ်စုနှစ်လေးခုကြာကာလအတွင်း စစ်တပ် အာဏာသိမ်းမှုလေးကြိမ်ဖြစ်ပွားခဲ့သော
တူရကီနိုင်ငံ၌ အာဏာသိမ်းပွဲ ထပ်မံပေါ်ပေါက်ရန်မှာ ဖြစ်နိုင်ချေများစွာမရှိဟု ဇူလိုင် ၁၅ ရက်
မတိုင်မီအထိ ယူဆထားခဲ့ကြသည်။

လူ့အဖွဲ့အစည်းကို အစ္စလမ္မစ်လမ်းကြောင်းများအတိုင်း ပုံစံသွတ်သွင်းရန်နှင့် စစ်တပ်ကို
ထိန်းချုပ်နိုင်ရန် ကြိုးစားမှုများဖြင့်တစ်စထက်တစ်စ အာဏာရှင်ဆန်လာသော တူရကီသမ္မတ
ရီဆက် တေရစ် အာဒိုဂန်ကို သဘောမကျသည့် စစ်တပ်အရာရှိ အများအပြားရှိသည်။
သို့သော်လည်း စစ်အာဏာသိမ်းပြီး အာဒိုဂန်ကို ဖြုတ်ချရန်မှာ မလွယ်ကူလှကြောင်း
နားလည်ထားကြသည်။

မစ္စတာ အာဒိုဂန်သည် ၂ဝဝ၂ ခုနှစ်ကစပြီး ရွေးကောက်ပွဲတိုင်း အနိုင်ရရှိခဲ့ကာ မဲဆန္ဒရှင်
ထက်ဝက်ခန့်၏ ထောက်ခံမှုကိုလည်း ရယူထားနိုင်ခဲ့သည်။ ဆယ်စုနှစ် တစ်ခုကျော်
ကာလအတွင်း စီးပွားရေးကောင်းမွန်ပြီး သာယာဝပြောသည့် အတွက်လည်း
အတိုက်အခံများကပင် အာဒိုဂန်ကိုမနှစ်သက်လှသော်လည်း စစ်တပ်အုပ်ချုပ်ခြင်း
ခံရသည်ထက်စာလျှင် ပိုမိုကောင်းမွန်သေးသည်ဟု ယူဆထားခဲ့ကြသည်။ တူရကီ
သတင်းထောက်တစ်ဦး ဇူလိုင် ၁၅ ရက်က လူမှုမီဒီယာတစ်ခုဖြစ်သော တွစ်တာ၌
ရေးတင်ထားသည်မှာ ''စစ်တပ်က အာဏာသိမ်းလိုက်တာထက်စာရင် အညံ့ဆုံး ဒီမိုကရေစီ
အုပ်ချုပ်နည်းနဲ့ တွေ့ရတာကမှ တော်ပါသေးတယ်''ဟူ၍ ဖြစ်သည်။

လူအမြောက်အမြားက အရပ်သားအုပ်ချုပ်မှုကို လိုလားထောက်ခံကြောင်း ပြသခဲ့ကြသည့်နည်းတူ
အာဏာသိမ်းမှုကိုလည်း နာရီပိုင်းအတွင်း ဖြိုခွဲနိုင်ခဲ့ပြီး လူပေါင်း ၃ဝဝ ကျော် သေဆုံးခဲ့ကြောင်း
တရားဝင်သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

မစ္စတာ အာဒိုဂန်သည် ယခုဖြစ်ရပ်တွင် ယခင်ကထက် ပိုမိုခိုင်မာ အားကောင်းစွာ
ပေါ်ထွက်လာခဲ့သည်။ ၄င်း၏ ကာလကြာရှည်ကတည်းက ထားရှိခဲ့သော ရည်မှန်းချက်ဖြစ်သည့်
စီရင်ဆုံးဖြတ်နိုင်မည့် အခွင့်အာဏာများ သမ္မတထံ ရောက်ရှိလာစေမည့် ဖွဲ့စည်းပုံအခြေခံ
ဥပဒေပြောင်းလဲရေး ရည်မှန်းချက်မှာ လက်လှမ်းမီသည့် အနေအထားသို့ ရောက်လာဖွယ်ရှိသည်။

အာဒိုဂန်က ယခုအခါ အခွင့်အာဏာကိုပိုမိုစုစည်းနိုင်ရန် တောင်းဆိုလာနိုင်ပြီး
ကျန်ရှိနေသေးသည့် ဆန့်ကျင်သူများကို ဖယ်ရှားရှင်းလင်းနိုင်တော့မည် ဖြစ်သည်။ သန့်စင်ရေး
ဆောင်ရွက်ရန်အတွက် ပထမဆုံးပစ်မှတ်မှာ စစ်တပ်ဖြစ်သည်။ ကြည်းတပ်နှင့်လေတပ်
ဗိုလ်ချုပ်ကြီး ၁၁၃ ဦး၊ အာဒိုဂန်၏ စစ်ဘက်ဆိုင်ရာ လက်ထောက်တစ်ဦးနှင့် စစ်သားများ၊
အရပ်သားများအပါအဝင် လူပေါင်း ၇,၅ဝဝ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

ဒုတိယပစ်မှတ်မှာ ဂူလန်လှုပ်ရှားမှုဖြစ်ပြီး ယင်းမှာ နိုင်ငံရေးအတိုက်အခံသမားလည်းဖြစ်၊
ဘာသာရေးခေါင်းဆောင်လည်းဖြစ်သည့် ဖတ်တူလာ ဂူလန် ခေါင်းဆောင်သောမွတ်စလင်လှုပ်ရှားမှု
ဂိုဏ်းတစ်ခုဖြစ်သည်။ အမေရိကန်ရောက် ဖတ်တူလာ ဂူလန်က အာဏာသိမ်းမှုကို
စီစဉ်ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု မစ္စတာ အာဒိုဂန်ကစွပ်စွဲထားပြီး၎င်းကို လွှဲပြောင်းပေးရန်
အမေရိကန်ကို တောင်းဆိုထားသည်။

ဇူလိုင် ၁၆ ရက်က အန်ကာရာမြို့တွင် အာဏာသိမ်းပွဲကို ဆန့်ကျင်နေသောလူထု။ ဓာတ်ပုံ - အေအက်ဖ်ပီဇူလိုင် ၁၆ ရက်က အန်ကာရာမြို့တွင် အာဏာသိမ်းပွဲကို ဆန့်ကျင်နေသောလူထု။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဖတ်တူလာ ဂူလန်က ထိုစွပ်စွဲချက်ကို ငြင်းဆိုထားထားသည်။

ဂူလန်လှုပ်ရှားမှုအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ယခုနှစ်အစောပိုင်းက တူရကီအစိုးရက
အမည်တပ်ခဲ့သည်။ ဂူလန်နှင့်ပတ်သက်ပြီး စွပ်စွဲချက်မဟုတ်ဘဲ သက်သေအထောက်အထားပြရန်
လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တူရကီအစိုးရကို ပြောကြားခဲ့သည်။

၂ဝ၁၄ ခုနှစ်မှစ၍ သမ္မတ အာဒိုဂန်ကို စော်ကားမော်ကားလုပ်သည်ဟု သံသယရှိမှုဖြင့်
တရားစွဲဆိုခံရသူ ၂,ဝဝဝ ခန့်ရှိသည်။ မအောင်မြင်သည့် အာဏာသိမ်းပွဲအပြီးတွင် ထိုသို့သော
ဖိနှိပ်မှုများကို အရှိန်မြှင့်ဆောင်ရွက်လာနိုင်ဖွယ်ရှိသည်။ တရားသူကြီး ၂,၇ဝဝ ကျော်ကို
တာဝန်က ရပ်ဆိုင်းကြောင်း အစိုးရက ဇူလိုင် ၁၆ ရက်တွင် ကြေညာခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာ တရားရုံးက တရားသူကြီးနှစ်ဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှိသူများက
အတည်ပြုပြောကြားခဲ့သည်။ ထို့ပြင် ရဲအရာရှိနှင့် အစိုးရအရာရှိ ၉,ဝဝဝ ခန့်ကိုလည်း
အလုပ်ဖြုတ်ခဲ့သည်။ ပညာရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၉ ရက် ကြေညာချက်တွင် ပညာရေးဝန်ထမ်း
၁၅,၂ဝဝကို တာဝန်မှ ရပ်ဆိုင်းကာ စုံစမ်းနေသည်ဟု ဖော်ပြထားသည်။

အာဒိုဂန်ကို ထောက်ခံသူများနှင့် အတိုက်အခံများက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း
တူညီစွာပြောဆိုခဲ့ကြရာ ယင်းမှာသတင်းကောင်းဖြစ်ပေသည်။ ဆိုးရွားသည်မှာ ယနေ့
တွေ့မြင်ရသည့် ညီညွတ်မှုမြင်ကွင်းသည် နောက်တစ်နေ့တွင် လက်စားချေရေးတောင်းဆိုမှုများဖြင့်
လွှမ်းမိုးခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်တစ်ရက်တွင် တူရကီအလံများ
ကိုင်ဆောင်ကာ အဓိကလမ်းမကြီးပေါ်သို့ ချီတက်လာသော အမျိုးသားတစ်စုက
သေဒဏ်စီရင်ခြင်းကို လိုလားကြောင်း ကြွေးကြော်ခဲ့ကြသည်ကိုတွေ့ရသည်။
(တူရကီအစိုးရက သေဒဏ်စီရင်ခြင်းကို ၂ဝဝဝ ပြည့်လွန်နှစ်များ အစောပိုင်းကတည်းက
ဖျက်သိမ်းခဲ့သည်။)

အမေရိကန်သမ္မတ အိုဘားမားအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များက အာဏာသိမ်းမှုကို
ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။

မအောင်မြင်သည့် အာဏာသိမ်းမှုမှာ မစ္စတာ အာဒိုဂန်အတွက်မူ သဘောကွဲလွဲမှုများ
နက်ရှိုင်းစွာပေါ်ပေါက်နေသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ကုစားရန် ရွှေရောင်အခွင့်အရေး
တစ်ရပ် ဖြစ်ခဲ့သည်။ တူရကီနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေး သဘောကွဲလွဲမှုများမှာ
၂ဝ၁၃ ခုနှစ်မှစ၍ ကြီးထွားလာခဲ့သည်။ ထိုအချိန်က တူရကီနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး
ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီးအဂတိလိုက်စားမှု မကောင်းသတင်းတစ်ရပ်ကြောင့် အစိုးရအဖွဲ့ဝင်
ဝန်ကြီးသုံးဦး ရာထူးက ဖယ်ရှားခံခဲ့ရသည်။

အာဏာသိမ်းပွဲဆင်နွှဲခဲ့သော ဇူလိုင် ၁၅ ရက်ညက နိုင်ငံကို စစ်တပ်လက်ထဲသို့ရောက်မသွားရန်
ရာထူးအဆင့်အမျိုးမျိုးကတူရကီ တပ်ဖွဲ့ဝင်များ ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ ၄င်းတို့
ကာကွယ်ခဲ့သော ထိခိုက်ပျက်စီးလွယ်သည့် ဒီမိုကရေစီမှာ ယခုအခါ မစ္စတာ အာဒိုဂန်၏
လက်ထဲတွင်သာ ရှိနေပေတော့သည်။

ဝင်းသော်တာ ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း