ထိုင်းနိုင်ငံ၌ စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ထောက်ခံမဲပေးသူများပြား

 

သြဂုတ် ၇ ရက်က မဲထည့်နေသည့် ဝန်ကြီးချုပ်ဟောင်း ယင်လပ်။ ဓာတ်ပုံ - အေအက်ဖ်ပီသြဂုတ် ၇ ရက်က မဲထည့်နေသည့် ဝန်ကြီးချုပ်ဟောင်း ယင်လပ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘန်ကောက် - စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍ တိုးမြှင့်ရန်နှင့် ဒီမိုကရေစီ လိုလားသူများ၏
လှုပ်ရှားမှုများကိုနှိမ်နင်းရန် ရည်ရွယ်ကာ ထိုင်းစစ်အစိုးရက ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို သြဂုတ် ၇ ရက်က မဲပေးဆုံးဖြတ်ရာတွင် ပြည်သူလူထု အများစုက ထောက်ခံခဲ့ကြကြောင်း
မဲပေးမှုအကြိုရလဒ်များအရ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသော နိုင်ငံရေးဆိုင်ရာ
အဂတိလိုက်စားမှုများ ပပျောက်ပြီး မတည်ငြိမ်မှုများ နှစ်များစွာကြာ ပေါ်ပေါက်ပြီးနောက်
တည်ငြိမ်အေးချမ်းမှုများ ရောက်ရှိလာကာ လာမည့်နှစ်ကျင်းပမည့် ရွေးကောက်ပွဲအတွက်လည်း
လမ်းဖွင့်ပေးမည်ဖြစ်ကြောင်းထိုင်းစစ်အစိုးရက ပြောကြားခဲ့သည်။

သို့သော်လည်း စစ်တပ်ကရေးဆွဲသော အဆိုပါဖွဲ့စည်းပုံဥပဒေမှာ အရပ်သား နိုင်ငံရေးသမားများကို
နှိပ်ကွပ်ရန် ရည်ရွယ်ခြင်းဖြစ်ကာ စစ်တပ်၏အုပ်ချုပ်မှုနှင့် ယင်း၏သစ္စာခံ မဟာမိတ်များက
ဒီမိုကရေစီဟူသောအမည်နာမကိုသုံးကာ ပြည်သူလူထုကို ကြိုးရှည်ရှည်ဖြင့် လံထားခြင်းဖြစ်ကြောင်း
ဝေဖန်ပြောဆိုသူများက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေထဲက သဘောကွဲလွဲမှုအများဆုံးသောအပိုဒ်များမှာ စစ်ဘက်အရာရှိများကို
လွှတ်တော်တွင် နေရာရရှိစေမည့် အပိုဒ်များဖြစ်သည်။ ယင်းက ရွေးကောက်ခံ ဥပဒေပြုအမတ်များ၏
လုပ်ငန်းဆောင်တာများကို အတားအဆီးဖြစ်စေနိုင်သည့်အပြင် နိုင်ငံရေးဆိုင်ရာ ဘက်လိုက်မှုရှိသည်ဟု
ယခင်ကတည်းက စွပ်စွဲခံထားရသော တရားရုံးများအတွက်လည်း လုပ်ပိုင်ခွင့် အာဏာများ
တိုးမြင့်ရရှိစေမည်ဖြစ်သည်။ သြဂုတ် ၇ ရက်နှောင်းပိုင်းက မဲအရေအတွက်၏ ၉ဝ ရာခိုင်နှုန်းကို
ရေတွက်ပြီးနောက် ရွေးကောက်ပွဲကော်မရှင်၏ တစ်ဝက်တစ်ပျက် ရလဒ်များ ထုတ်ပြန်မှုတွင် မဲပေးသူ
အရေအတွက်၏ ၆၂ ရာခိုင်နှုန်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံကြောင်း ပြသနေသည်။

ထိုင်းနိုင်ငံ၏ မဲပေးခွင့်ရှိသူ ၅ဝ ဒသမ ၂ သန်းအနက် ၅၅ ရာခိုင်နှုန်းခန့် မဲပေးခဲ့ကြကြောင်း
အာဏာပိုင်များက ပြောကြားခဲ့သည်။လွတ်လပ်စွာ မဲဆွယ်စည်းရုံးခြင်းနှင့် ငြင်းခုံဆွေးနွေးမှုများကို
ပိတ်ပင်သည့် မဲပေးပွဲအကြိုကာလပြီးသည့်နောက် မဲဆန္ဒပေးပွဲ ပေါ်ပေါက်လာခြင်းဖြစ်ပြီး တရားဝင်
ရလဒ်များကို သြဂုတ် ၁ဝ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။

သြဂုတ် ၇ ရက် ဆန္ဒခံယူပွဲသည် ထိုင်းစစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ
ဦးဆောင်သော စစ်အစိုးရက ရွေးကောက်တင်မြှောက်ခံ ယင်လပ် ရှင်နာဝပ် အစိုးရကို
၂ဝ၁၄ ခုနှစ်က ဖြုတ်ချပြီးနောက် ပထမဆုံးကျင်းပသည့် ဆန္ဒခံယူပွဲဖြစ်သည်။

ရှင်နာဝပ်အစိုးရကို ရွေးကောက်ပွဲတိုင်းအနိုင်ရရန်မဲပေးခဲ့ကြသော ဆင်းရဲမွဲတေသည့်
နိုင်ငံအရှေ့မြောက်ပိုင်းဒေသက ကျေးလက်နေပြည်သူများနှင့် မွတ်စလင်သောင်းကျန်းသူများ
သူပုန်ထနေသော နိုင်ငံတောင်ပိုင်း အစွန်အဖျားဒေသက ပြည်သူများသာ အဆိုပါ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ကန့်ကွက်ခဲ့ကြသည်။ သို့သော်လည်း အထူးသဖြင့် နိုင်ငံ၏ မြို့တော်ဖြစ်သော
ဘန်ကောက်နှင့် တောင်ပိုင်းက သန်းပေါင်းများစွာသောပြည်သူများကမူ စစ်အစိုးရ၏ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ထောက်ခံခဲ့ကြသည်။ ထိုင်းနိုင်ငံ၌ ဘုရင်စနစ် အပြည့်အဝကျင့်သုံးမှု
အဆုံးသတ်ခဲ့သော ၁၉၃၂ ခုနှစ်ကတည်းက စစ်တပ်အာဏာသိမ်းမှု ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး
ယခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထိုင်းနိုင်ငံ၏ အကြိမ် ၂ဝ မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ
ဖြစ်လာမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်သည်ဖြစ်စေ၊ အတည်မပြုနိုင်သည်ဖြစ်စေ ပရာယွတ်က
၂ဝ၁၇ ခုနှစ် နွေရာသီကာလတွင် ရွေးကောက်ပွဲများ ကျင်းပပေးရန် ကတိပြုပြောကြားထားသည်။
သို့သော် ပရာယွတ်က ရွေးကောက်ပွဲကျင်းပပေးမည်ဟု ယခင်ကလည်း ကတိကဝတ်ပေးခြင်းများ
ရှိခဲ့ဖူးပြီး ယင်းတို့နှင့် လွဲချော်ခဲ့သည်များလည်း ရှိခဲ့ဖူးသည်။

-အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း