သံမဏိအမျိုးသမီး အစာငတ်ခံမှု ရပ်ဆိုင်း

ရှာမီလာကို သြဂုတ် ၉ ရက်က အင်ဖာမြို့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီရှာမီလာကို သြဂုတ် ၉ ရက်က အင်ဖာမြို့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဂူဝါဟာတီ  (အိန္ဒိယ) - ကမ္ဘာပေါ်တွင် ကာလ အရှည်ကြာဆုံး အစာငတ်ခံ တိုက်ပွဲဝင်ခဲ့သူ အိန္ဒိယ
လူ့အခွင့်အရေးလှုပ်ရှားရေးဝါဒီ အမျိုးသမီးသည် သြဂုတ် ၉ ရက်က သူ၏ ၁၆ နှစ်ကြာ အစာငတ်ခံ
တိုက်ပွဲကို ရပ်ဆိုင်း လိုက်ပြီးနောက် သူ၏ဇာတိပြည်နယ်တွင် ရွေးကောက်ပွဲဝင်ကာ နိုင်ငံရေးတိုက်ပွဲများ
ဆက်လက်ဆင်နွှဲသွားမည်ဟု ပြောကြားသည်။

'မဏိပူရ သံမဏိအမျိုးသမီး'ဟု အမည် တွင်သော အိုင်ရွမ် ရှာမီလာသည် အိန္ဒိယနိုင်ငံ၏
ပုန်ကန်ထကြွမှုများ ပေါ်ပေါက်နေသည့် အရှေ့မြောက်ပိုင်းပြည်နယ်ဖြစ်သော မဏိပူရပြည်နယ်တွင်
လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုများကို တွေဝေမှု ကင်းစွာဖြင့်
ကန့်ကွက်ဆန္ဒပြခဲ့ရာ ယခုအခါ သူ၏ အစာငတ်ခံဆန္ဒပြတိုက်ပွဲကို ရပ်ဆိုင်း မည်ဟု
ကတိကဝတ်ပြုပြီးနောက် တရားရုံးက သူ့ကို အာမခံဖြင့် လွှတ်ပေးခဲ့သည်။

ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးပမ်းမှုဖြင့် တရားစွဲခံနေရသော အသက် ၄၄ နှစ်အရွယ်ရှိ
ရှာမီလာကို ဆေးရုံတွင် တစ်ကိုယ် တည်း အချုပ်ချထားပြီး နှာခေါင်းမှနေ၍ အစာကို ပိုက်ဖြင့်
သွင်းပေးထားသည်။

မဏိပူရပြည်နယ်၏မြို့တော် အင်ဖာရှိ တရားရုံးအပြင်ဘက်တွင် သတင်းထောက်များကို ရှာမီလာက
ပြောကြားရာ၌ သူ၏ ကာလရှည်ကြာ အစာငတ်ခံတိုက်ပွဲမှာ အလုပ်မဖြစ်တော့ဟုဆိုပြီး '' ကျွန်မက
ဒီစနစ်ဆိုးကြီး ကို ပြောင်းပစ်နိုင်တယ်လို့ယူဆပြီး ၁၆ နှစ် ကြာအောင် အစာငတ်ခံဆန္ဒပြပြီး
တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲဟာ ဘာမှအကျိုးရလဒ်ပေါ်ထွက်မှာ မဟုတ်ဖူးဆိုတာကို
အခု ကျွန်မနားလည် သဘောပေါက်ခဲ့ပါပြီ။ ဒါကြောင့် အစာငတ်ခံတိုက်ပွဲကို ရပ်ဆိုင်းပြီး ကျွန်မတို့
ယုံကြည်တောင်းဆိုတဲ့ အရေးကိစ္စ များအတွက် နိုင်ငံရေးလောကထဲဝင်ပြီး ဆက်လက်တိုက်ပွဲဝင်မယ်၊
တရားမျှတမှု ရအောင်ဆောင်ရွက်မယ်လို့ ကျွန်မဆုံးဖြတ် ခဲ့ပါတယ်''ဟု သတင်းထောက်များကို
ဒေသသုံးမီတိုင် ဘာသာစကားဖြင့် ပြောကြားခဲ့သည်။

အိုင်ရွမ် ရှာမီလာသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများနှင့် ဆူပူအုံကြွနေသော
ကက်ရှ်မီးယားပြည်နယ်တို့ အားလုံးအကြုံးဝင် သည့် လက်နက်ကိုင်တပ်ဖွဲ့များ အထူးလုပ်ပိုင်ခွင့်
အက်ဥပဒေ (AFSPA) ကို ရုပ်သိမ်းရေး အတွက် စည်းရုံးလှုံ့ဆော် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း