Friday, April 28, 2017

ထိုင်ဝမ်တွင် မိုးသည်းထန်မှုကြောင့် စစ်ရေးလေ့ကျင့်နေသည့် တင့်ကားတစ်စီး ရေထဲထိုးကျ စစ်သည် လေးဦး သေဆုံး

တိုင်ပေ - ထိုင်ဝမ်ကျွန်း တောင်ပိုင်းတွင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု ဆောင်ရွက်နေစဉ်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တင့်ကားတစ်စီး မြစ်ထဲထိုးကျသွားရာ စစ်သည်လေးဦး
သေဆုံးခဲ့သည်ဟု အရာရှိများက ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

စစ်သည်ငါးဦး တင်ဆောင်လာသည့် စီအမ် ၁၁ သံချပ်ကာယာဉ်တစ်စီးသည် လက်နက်ပစ်ခတ်
စမ်းသပ်မှုများပြီးဆုံး ပြီးနောက် နံနက် ၁၀ နာရီတွင် ထိုင်ဝမ် ကျွန်းတောင်ပိုင်း၊ ပင်တန်းခရိုင်ရှိ
စစ်စခန်းသို့ ပြန်လာခဲ့ရာ တံတားတစ်ခုပေါ် အရောက်တွင် လမ်းချော်၍ ၀မ်ရှားမြစ်ထဲသို့
ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

တင့်ကားမောင်းသည့် ယာဉ်မောင်းမှာ သေဘေးမှ လွတ်မြောက်သွားသော်လည်း စစ်သည်
လေးဦးမှာ ယာဉ်အတွင်း၌ ပိတ်မိနေခဲ့သည်။

၎င်းကို ဆယ်ယူသောအခါ အသက်ရှင်သည့် လက္ခဏာ မတွေ့ရပေ။ အဆိုပါစစ်သည်များကို
အနီးဆုံးဆေးရုံသို့ တင်ပို့ပြီး အရေးပေါ်ကုသမှုများ ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း
အဆိုပါစစ်သည်များ၏ မိခင်တပ်ရင်း အမှတ်(၈) ကြည်းတပ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ
အယ်လ်ဖွန်ဆိုယန်းက ပြောကြားခဲ့သည်။

"ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အဓိကအကြောင်းရင်းကို အခုထက်ထိ ကျွန်တော်တို့
စုံစမ်းစစ်ဆေးနေတုန်းပါပဲ"ဟု ယန်းက ပြောကြားခဲ့သည်။

ယခု မတော်တဆဖြစ်မှုမှာ 'ဟန်ကွမ် ၃၂' (Han Glory) ဟု စကားဝှက် အမည်ပေးထားသည့်
ကျည်ဆန်အစစ်များဖြင့် လေ့ကျင့်သော နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုကို အဆိုပါ ပင်တန်းခရိုင်၌
ဩဂုတ်လ စတုတ္ထပတ်အတွင်း လေ့ကျင့်ခြင်း မပြုမီ ရက်ပိုင်းအလိုတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

တင်စိန် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း