တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ပြီးနောက် လိင်တူချစ်သူများအတွက် နေရာမရှိဟု အင်ဒိုနီးရှားအစိုးရဆို

လိင်တူချစ်သူများကို ညှာတာရန် ရေးဆွဲထားသည့် ဂရပ်ဖတီပုံများကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီလိင်တူချစ်သူများကို ညှာတာရန် ရေးဆွဲထားသည့် ဂရပ်ဖတီပုံများကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဂျကာတာ - အင်ဒိုနီးရှားနိုင်ငံတွင် လိင်တူ ချစ်သူများကို ပြင်းပြင်းထန်ထန် ကန့်ကွက်တိုက်ခိုက်မှုများ
ပြုလုပ်ခဲ့သည့် အစိုးရ အရာရှိများကို သက်ဆိုင်ရာတက်ကြွလှုပ်ရှားသူများက ပြစ်တင်ဝေဖန်ခဲ့ရာ
အစိုးရအဖွဲ့က အင်ဒိုနီးရှားတွင် လိင်တူချစ်သူများအတွက် နေရာမရှိဟု လွန်ခဲ့သော ရက်သတ္တပတ်က
တုံ့ပြန်ပြောကြားခဲ့သည်။

LGBT(ယောက်ျားလျာ၊ မိန်းမလျာ၊ လိင်စိတ်နှစ်မျိုးရှိသူနှင့် လိင်ပြောင်းထားသူ) လူ့အဖွဲ့အစည်းသည်
အင်ဒိုနီးရှားနိုင်ငံတွင် သဘောထား တင်းမာသည့် အစ္စလမ္မစ် အဖွဲ့အစည်းများ၏ ပစ်မှတ်အဖြစ်
ကာလကြာရှည် ရောက်ရှိနေခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် အစိုးရအရာရှိကြီးများကပင်လျှင်
ဒေါသတကြီး ထိုးနှက်မှုများ စတင်ပြုလုပ်ခဲ့သည်။

ဝန်ကြီးများ၊ ဘာသာရေးဆိုင်ရာ သဘောထား တင်းမာသူများနှင့် ဩဇာကြီးသည့်
အစ္စလမ္မစ်ဘာသာရေးအဖွဲ့အစည်းများ၏ နှစ်လကြာဖိနှိပ်မှုကြောင့် လိင်တူချစ်သူများ၏
အခွင့်အရေးများမှာ လတ်တလောတွင် ဆိုးဆိုးရွားရွား ဆုံးရှုံးနေပြီဟု လူအခွင့်အရေး
လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားခဲ့သည်။

ယင်းကို အစိုးရအဖွဲ့က LGBT အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်မှာ ဦးစားပေးအစီအစဉ်တွင်
မပါဝင်ကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံသားကတ် ရရှိရေးနဲ့ ကျောင်းတက်နိုင်ရေးတွေလို နိုင်ငံသား အခွင့်အရေးတွေကို
ကာကွယ်စောင့်ရှောက်ရပါမယ်။ ဒါပေမဲ့ LGBT လှုပ်ရှားမှု ကြီးထွားလာဖို့အတွက်တော့ အင်ဒိုနီးရှားမှာ
နေရာမရှိပါဘူး" ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အရာရှိက အေအက်ဖ်ပီ ကို ပြောပြခဲ့သည်။

အဆင့်မြင့်ပညာရေးဝန်ကြီးက LGBT အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများကို
တက္ကသိုလ်နယ်မြေအတွင်း ၀င်ခွင့်ပိတ်ပင်ရန် ကြိုးပမ်းခဲ့သလို ကာကွယ်ရေးဝန်ကြီးကလည်း
ယင်းအဖွဲ့အစည်းများသည် အဓိကရုဏ်းများ ဖြစ်ပွားစေမည့် ခေတ်သစ်နည်းလမ်းတစ်ခုဟု
ခေါ်ဝေါ်ခဲ့သည်။

လူထုကြား ရှုတ်ချမှုများမှသည် ရာဇ၀တ်မှုအဖြစ်သတ်မှတ်ခြင်းနှင့် ဆေးကုသရန် တိုက်တွန်းခြင်းအထိ
ကြီးထွားလာခဲ့ပြီး ထိုအဖြစ်အပျက်တွင် အရာရှိများ၏ ခွဲခြား ပြောဆိုမှုများသည်လည်း တစ်ထောင့်
တစ်နေရာက ပါဝင်ခဲ့ကြောင်း HRW က ၎င်း၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

လိင်တူချစ်သူ အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများ၏ ရုံးခန်းများကို ပိတ်ထားရကြောင်းနှင့်
ခြိမ်းခြောက်မှုများကြောင့် ၀န်ထမ်းများကိုပင် ၀ှက်ထားရကြောင်း HRW က အစီရင်ခံခဲ့သည်။

အစ္စလမ္မစ် တက်ကြွလှုပ်ရှားသူများသည် တရားလွှတ်တော်ချုပ်တွင် လိင်တူချင်း ကာမစပ်ယှက်မှု
တစ်ခုကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ပေးရန် အမှုဖွင့်ထားခဲ့ပြီး ယခုအခါ ထိုအမှုကို
ကြားနာစစ်ဆေးလျက်ရှိသည်။

ကျော့ဒါလီလင်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း