ကမ္ဘာကို ပမာမခန့်လုပ်နေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

သမ္မတ ဒူတာတေး သြဂုတ်၂၉ ရက်က မနီလာမြို့ အမျိုးသားသူရဲကောင်းဗိမာန်တွင် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီသမ္မတ ဒူတာတေး သြဂုတ်၂၉ ရက်က မနီလာမြို့ အမျိုးသားသူရဲကောင်းဗိမာန်တွင် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

လွန်ခဲ့တဲ့နှစ်လအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သမားတွေနဲ့ ကြီးလေးတဲ့ပြစ်မှုအတွက်
ပြစ်ဒဏ်စီရင်ခံရသူ ၁,၇၇၉ ယောက် အသတ်ခံခဲ့ရတဲ့အထဲမှာ ၇၁၂ ယောက်က ရဲလက်ချက်နဲ့ဖြစ်ပြီး
ကျန်တဲ့သူတွေက စေတနာ့ဝန်ထမ်း ကင်းအဖွဲ့လူတွေရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ကြရ ...

သတိပေးချက်။ ဒီဆောင်းပါးထဲက ကိုးကားမှု တွေ အများစုဟာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို
ဒူတာတေးပြောခဲ့တာတွေ ဖြစ်တယ်။ သူဟာ ညစ်ညမ်းတဲ့စကားတွေသုံးပြီး အမျိုးသမီးတွေ၊
လိင်တူချင်းဆက်ဆံသူတွေနဲ့ လူ့အခွင့်အရေး ထောက်ခံအားပေးသူတွေကို အကြောင်းမဲ့
စော်ကားသူတစ်ယောက် ဖြစ်တယ်။

သူ့ရဲ့မှတ်ချက်တွေဟာ စက်ဆုပ်ရွံရှာစရာ ကောင်းတာကြောင့် ကိုယ့်သိက္ခာကိုယ်
လေးစားဖို့အတွက် စာဖတ်သူတွေနဲ့ သူတို့ရဲ့ ချစ်မြတ်နိုးခြင်းခံရသူတွေကို ဒူတာတေးရဲ့
မှတ်ချက်တွေ ထပ်ဆောင်း မပြောဆိုမိဖို့ တိုက်တွန်းထားတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ဒူတာတေးဟာ မေလက ရွေးကောက်ပွဲကို အပြတ်အသတ်
အနိုင်ရခဲ့ပြီး မဲဆွယ်ကာလ တစ်လျှောက် မှာလည်း မူးယစ်ဆေးဝါးရောင်းသူတွေကို
သုတ်သင်ရှင်းလင်းကာ သေဒဏ်ကို ပြန်လည် ပြဋ္ဌာန်းမယ်လို့ ပြောခဲ့တာကိုလည်း
သတိရနေဖို့လိုမယ်။

ဒီတော့ ဒူတာတေးက တရားစွဲဆိုခြင်း ခံရမှုကို မစိုးရိမ်ရဘဲ ရဲတပ်ဖွဲ့နဲ့ အရပ်သား
သေနတ်သမားတွေကို ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို လိုက်လံရှာဖွေ
ပစ်သတ်ဖို့ အားပေးအားမြှောက် တရားဝင်လုပ်နိုင် သလိုဖြစ်နေတယ်။

မကြာသေးခင်က သိရတဲ့ ကိန်းဂဏန်းတွေ အရဆိုရင် လွန်ခဲ့တဲ့နှစ်လအတွင်း မူးယစ်
ဆေးဝါး ရောင်းဝယ်သမားတွေလို့ဆိုသူတွေနဲ့ ကြီးလေးတဲ့ပြစ်မှုအတွက် ပြစ်ဒဏ်စီရင်ခံရသူ
၁,၇၇၉ ယောက် အသတ်ခံခဲ့ရတဲ့အထဲမှာ ၇၁၂ ယောက်က ရဲလက်ချက်နဲ့ဖြစ်ပြီး ကျန်တဲ့
သူတွေက ကိုယ့်ကိုယ်ကိုယ် စေတနာ့ဝန်ထမ်း ကင်းအဖွဲ့လို့ သတ်မှတ်ထားတဲ့လူတွေရဲ့
လက်ချက်နဲ့ အသတ်ခံခဲ့ကြရတယ်။

ဒီအရေအတွက်အရဆိုရင် တစ်နေ့ ငါးယောက်နှုန်း ပစ်သတ်ခံကြရတဲ့သဘောပဲ။ ဒီတော့
မနီလာ၊ ဒါမှမဟုတ် စီဘူးမြို့တွေကို သွားမယ်ကြံရင် စဉ်းစဉ်းစားစားသာ လုပ်ပေတော့။
ဘေရွတ်၊ ဒါမှမဟုတ် ဒမတ်စကတ်ကို သွားတာကမှ တော်ဦးမယ်။

ဒါ အစပဲရှိသေးတယ်။ ဒူတာတေးဟာ သူ့ သမ္မတသက်တမ်းအတွင်း စွပ်စွဲခံထားရတဲ့
မူးယစ်ဆေးဝါးရောင်းသူ အယောက် ၁ဝဝ,ဝဝဝ ကို မျိုးဖြုတ်ပစ်မယ်လို့ သန္နိဋ္ဌာန်
ချထားတယ်။

အဓိကကျတဲ့ စကားလုံးကတော့ 'စွပ်စွဲ ထားတယ်'ဆိုတာပဲဖြစ်တယ်။ ဒီအသတ်ခံရတဲ့
လူတွေအားလုံးမှာ ဘယ်ပြစ်မှုမှာမှ အပြစ်ရှိတယ်လို့ မတွေ့ခဲ့ရဘူး။ ဒီလူတွေ အတော်များများမှာ
သတင်းပေးသူတွေက သူတို့ပိုက်ဆံရရှိဖို့အတွက် လက်ညှိုးထိုးခံခဲ့ ရသူတွေ ဖြစ်တယ်။

ဒီလူတွေကိုသတ်ခဲ့တာ တရားတယ်လို့ သူ့ရဲ့ တရားဝင်လူသတ်သမားတွေကို စိတ်ချ နေစေကာ
ဒူတာတေးက သူတို့ကို တာဝန်ကျေပြီး တာဝန်ထမ်းဆောင်ရာမှာ လူ ၁,ဝဝဝ ကို သတ်ခဲ့ရင်
သူတို့ကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်။

တိုတိုပြောရရင်တော့ သမ္မတ ဒူတာတေး ဟာ ဆုလာဘ်ရှာဖွေသူတစ်ယောက် (Bounty Hunter)
ဖြစ်တယ်ဆိုတာ ဖော်ပြလိုက်ပြီး သူကိုယ်တိုင်မလုပ်ဘဲ တခြားသူတွေကို ခိုင်းခြင်းသာဖြစ်တယ်။
သူ့ရဲ့ တနင့်တပိုး ဆုလာဘ်ကတော့ သမ္မတရာထူးနဲ့ ရာထူးနဲ့ အတူပါလာတဲ့
အဆောင်အယောင်တွေပဲ ဖြစ်တယ်။

တရားဥပဒေစိုးမိုးရေးကို ဒူတာတေး မထီမဲ့မြင်ပြုခဲ့တာကို ကုလသမဂ္ဂနဲ့ အမေရိ ကန်အစိုးရတို့က
ဝေဖန်တဲ့အခါမှာ ဒူတာတေးဟာ ထုံးစံအတိုင်း ကြမ်းတမ်းတဲ့စကားလုံးတွေ သုံးပြီး
ပြန်ပက်တာကြောင့် မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေတောင် သူ့ကို အတုခိုးနိုင်ဖို့ မလွယ်ဘူး။
အစိုးရက စပွန်ဆာပေးထားတဲ့ စေတနာ့ ဝန်ထမ်းကင်းတွေရဲ့ လူသတ်မှုတွေကို ဟန့်တားပေးဖို့
ရဲဝံ့စွာပြောခဲ့တဲ့ ကုလသမဂ္ဂက ကိုယ်စားလှယ်နှစ်ယောက်ကို သြဂုတ် ၂၁ ရက်က ဒူတာတေးဟာ
ရိုင်းစိုင်းစွာပြောဆိုတိုက်ခိုက်ခဲ့တယ်။

ကုလသမဂ္ဂဟာ ဘာအသုံးကျလို့လဲ။ အရှေ့အလယ်ပိုင်းဒေသက သွေးထွက်သံယို မှုတွေကို
ပြေလည်အောင်မလုပ်နိုင်ဘူး။ ခင်ဗျားတို့ ခွေးမသားတွေ ဒီလောက်တောင် မလေးမစားရှိရင်
ကျွန်တော်တို့ ကုလသမဂ္ဂ အဖွဲ့က ထွက်လိုက်ရုံပဲပေါ့။ ခင်ဗျားတို့ရဲ့ ဒုံးဝေးတဲ့အဖွဲ့အစည်းကို
ကျွန်တော်တို့က ဘာကြောင့် နားထောင်ရမှာလဲလို့ ဒူတာတေး က ပြောခဲ့တယ်။

စောစောပိုင်းကလည်း ဘရင်ဂျီဂိုဏ်း ဘာသာဝင် အကြီးအကဲတွေလည်း ဒူတာတေးရဲ့
ရုန့်ရင်းကြမ်းတမ်းတဲ့ အပြောအဆိုကနေ မလွတ်ကြဘူး။ သမ္မတဟောင်း ဂလိုရီယာ
အာရိုယိုထံက မော်တော်ကားတွေကို လက်ဆောင်အဖြစ်နဲ့ ဘုန်းတော်ကြီးတွေ အဂတိဖက်ပြီး
လက်ခံခဲ့တာကို ပထမအနေနဲ့ ဒူတာတေးက လူသိရှင်ကြား စွပ်စွဲရှုတ်ချခဲ့ တယ်။ ဂိုဏ်းချုပ်
အော်စကာ ကရူးဇ်က ဒီ မော်တော်ကားတွေကို စာနာထောက်ထားတဲ့ လုပ်ငန်းတွေမှာ
အသုံးပြုဖို့ပေးခဲ့တာဖြစ်ပြီး အခု ပြန်လည်ပေးလိုက်ပြီလို့ ပြောတဲ့အခါ ဒူတာတေးက
သူ့ကိုလူလည်မကျဖို့ ဂိုဏ်းချုပ် ကို မချေမငံပြောဆိုခဲ့တယ်။

ဒီလောက်တောင် ဆိုးသလားဆိုတော့ မဟုတ်သေးပါဘူး။ ဒီထက်တောင် ဆိုးပါသေးတယ်။
ပုပ်ရဟန်းမင်းကြီးနဲ့ အြေ>ွခအရံ ကားတန်းကြောင့် ဒူတာတေးကိုယ်တိုင် ကားတွေကြားမှာ
ပိတ်မိခဲ့တုန်းက ပုပ်ရဟန်း မင်းကြီးကို ဝေဖန်ပြစ်တင်ကာ နောင် ဖိလစ်ပိုင်နိုင်ငံကို
ဘယ်တော့မှမလာဖို့ ပုပ်ရဟန်းမင်း ကြီးကို ပြောခဲ့တယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ဘရင်ဂျီဘာသာကို ခိုင်ခိုင်မာမာ ကိုးကွယ်တဲ့ နိုင်ငံဖြစ်ပေမဲ့
ဒူတာတေးက သူဟာ ဒီဘာသာဝင်မဟုတ် တော့ဘဲ ဒူတာတေးဘုရားကျောင်းရဲ့
ဘာသာဝင်တစ်ယောက်လို့ ပြောခဲ့တယ်။

ဒူတာတေးရဲ့ အဆိုးရွားဆုံးမှတ်ချက်လို့ ပြောနိုင်တဲ့အဖြစ်အပျက်ကတော့ သူမြို့တော်
ဝန်ဖြစ်နေတုန်း ဒါဗာအိုမြို့ ထောင်တစ်ခုမှာ အကျဉ်းသားတွေက သြစတြေးလျလူမျိုး
သာသနာပြု အမျိုးသမီးတစ်ယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီးသတ်ခဲ့တဲ့ကိစ္စပဲ ဖြစ်တယ်။

''ကျွန်တော် သူ့ကိုကြည့်လိုက်တဲ့အခါမှာ တော့ အလွန်လှပတဲ့ ရုပ်ရှင်သရုပ်ဆောင်
တစ်ဦးနဲ့တူတယ်။ သူ မုဒိမ်းကျင့်ခံခဲ့ရတာကို ဒေါသထွက်ခဲ့တယ်။ ဒါကတော့ အကြောင်း
တစ်ခုပေါ့။ ဒါပေမဲ့ သူဟာလှလွန်းလို့ မြို့တော်ဝန်အနေနဲ့ ပထမလူဖြစ်ခဲ့သင့်တယ်။
နှမြောစရာကောင်းလိုက်တာ''လို့ ဒူတာတေး ကပြောခဲ့တယ်။

ဒီလို တုန်လှုပ်စရာကောင်းတဲ့ ပြောဆိုမှုကို ဝေဖန်ပြစ်တင်တဲ့ သူတွေထဲမှာ
ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဖိလစ် ဂိုးဘာ့ဂ်လည်း ပါဝင်ခဲ့တယ်။
ဒီ အမေရိကန်သံအမတ်ကြီးဟာလည်း လိင်တူချင်းဆက်ဆံသူတစ်ယောက် ဖြစ်တာမို့
ဒူတာတေးရဲ့ သမိုင်းမတိုင်မီက ပုံသေအတွေးအခေါ်ရဲ့ နောက်ပစ်မှတ်တစ်ခု
ဖြစ်လာတယ်။

ရုပ်မြင်သံကြား ထုတ်လွှင့်မှုတစ်ခုထဲမှာ ဒူတာတေးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဂျွန်ကယ်ရီနဲ့တွေ့ဆုံရင် ကြည်နူးမှာ ဖြစ်သလိုသူ့ရဲ့ လိင်တူချင်းဆက်ဆံတဲ့ သံအမတ်ကိုတော့
စိတ်ကုန်တယ်လို့ပြောခဲ့တယ်။

ဒီကိစ္စကို ဝါရှင်တန်အစိုးရက ကန့်ကွက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ယောက်က
သံအမတ်ကြီး ဖိလစ်ဂိုးဘာ့ဂ်ဟာ အဆင့်အမြင့်ဆုံး သံတမန်တစ်ယောက်ဖြစ်ကြောင်း
ပြောခဲ့တယ်။ ဒူတာတေးအတွက် ဒါတွေက မဆန်းတော့ပါဘူး။ သူက အမေရိကန်နိုင်ငံနဲ့
ကာကွယ်ရေး မဟာမိတ်ရဲ့ ရည်ရွယ်ချက်ကို မေးခွန်းထုတ်ကာ သံအမတ်ကြီး ဂိုးဘာ့ဂ်ကို
''ခင်ဗျားတို့ ကျွန်တော်တို့ဘက်ကလား၊ ဒါမှမဟုတ် ကျွန်တော်တို့ဘက်က မဟုတ်ဘူးလား''လို့
မေးခဲ့တယ်။

ဒူတာတေးဟာ အမေရိကန်၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအချို့ကို ဆဲဆိုတာတင်မဟုတ်ဘူး။
ဒူတာတေးရဲ့အပြောအဆိုနဲ့ လုပ်ရပ်တွေဟာ ကြေးစားလူမိုက်ဆန်တဲ့ သမ္မတရဲ့ စိုးမိုးမှု
အောက်မှာ ကမ်းကုန်အောင် ခံနေကြရတဲ့ ပြည်သူတွေအပေါ်လည်း မထီမဲ့မြင်ပြုတဲ့
ဇာတိရုပ်ကို ပြနေတယ်။

သူ့ရဲ့ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ စေတနာ့ဝန်ထမ်းကင်းတွေ လူသတ်တာ ဘာကြောင့်
တရားတယ်ဆိုတာကို ဒူတာတေး ကပြောခဲ့တဲ့ ဥပမာကို စဉ်းစားဆင်ခြင်ကြည့်ပါဦး။
ဒူတာတေး ဒါဗာအိုမြို့တော်ဝန်ဘဝ တုန်းကလည်း ဒီနည်းကိုပဲသုံးခဲ့လို့ ရာဇဝတ်မှုတွေ
အတော့်ကို ကျဆင်းခဲ့တာလို့ဆိုတယ်။ ဒါဟာ ညာတာပဲ။

မြို့တော်ဝန် ဒူတာတေးရဲ့ အုပ်ချုပ်မှုကို ၂၂ နှစ်ကြာခံခဲ့ပြီးနောက် အခုအချိန်မှာ ဒါဗာအိုမြို့ဟာ
တစ်နိုင်ငံလုံးရဲ့ ရာဇဝတ်မှု အများဆုံးမြို့အဖြစ် တည်ရှိနေဆဲဖြစ်တယ်။

သူ့အမျိုးသားရဲတပ်ဖွဲ့က ဒီနှစ်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ၂ဝ၁ဝ ပြည့်နှစ်မှ
၂ဝ၁၅ ခုနှစ်အထိ ဒါဗာအိုမြို့ဟာ ဖိလစ်ပိုင် တစ်နိုင်ငံလုံးမှာ လူသတ်မှုနှုန်းအမြင့်ဆုံးနဲ့
မုဒိမ်းမှု ဒုတိယအမြင့်မားဆုံး ရှိတယ်လို့ သိရတယ်။ သူ့ရဲ့နည်းလမ်းဟာ လုံးဝ
မအောင်မြင်ခဲ့ပေမဲ့ အများပြည်သူနဲ့ ဆက်ဆံရေးနဲ့ ဒူတာတေးရဲ့ လူထုအကြား
ရေပန်းစားမှုဟာ မြင့်နေတုန်းပဲရှိတယ်။

ဒီအတောအတွင်းမှာတော့ ဒူတာတေးရဲ့ လိမ်ညာမှုတွေကို ပြည်တွင်းမီဒီယာက
စိန်ခေါ်နိုင်တဲ့အခွင့်အရေး မရှိသလောက် ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် ဒူတာတေးဟာ
ထုံးစံအတိုင်း သူ့ရဲ့ ရိုင်းပျတဲ့ပုံစံနဲ့ သူပြောတာတွေကို မီဒီယာက အဓိပ္ပာယ် ကောက်လွဲတယ်
ဆိုကာ သတင်းစာဆရာတွေ နဲ့ စကားပြောဖို့ ငြင်းဆန်ထားတယ်။

ပြောရရင်တော့ နောက်ပိုင်းမှာ ဖိလစ်ပိုင် ပြည်သူတွေဟာ ဒူတာတေးအပေါ် အထာ
ပေါက်လာမှာဖြစ်တယ်။ ဒါပေမဲ့ ဒါကိုထည့် မတွက်နဲ့။ သူ့ကိုယ်သူ ပြုပြင်မှု
ရှိလာလိမ့်မယ်လို့လည်း မတွက်နဲ့။ ကလိမ်ကျတဲ့လူ၊ သူ့ရဲ့ လွန်ကဲတဲ့ ယုံကြည်မှုကို
ရောင်းစားနေတဲ့ ကလေကချေဆိုတာကိုမြင်ဖို့ ငြင်းဆန်တဲ့ လူလောက် မိုက်မဲတဲ့လူ
မရှိတော့ဘူးလို့ Forest Gump  ကပြောလာနိုင်တယ်။

(Forest Gumpဒီအမည်နဲ့ အမေရိကန် ရုပ်ရှင်ထဲက ဇာတ်ကောင် Forest Gump
ဟာ ခပ်လေးလေးထိုင်းထိုင်းဆိုပေပဲ့ မှန်တာ ကိုသာ ပြောဆိုလုပ်ကိုင်ခြင်းဖြင့်
အောင်မြင် ချမ်းသာသူတစ်ယောက် ဖြစ်လာတယ်။ Forest Gump အဖြစ် နာမည်ကြီး
မင်းသား Tom Hanks သရုပ်ဆောင်ထားတယ်။)ါ

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏ အာဘော်သာ ဖြစ်သည်။

- မြန်မာတိုင်း(မ်)
သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း