ဒေါသအထွက်ခံရတဲ့ သမ္မတ အိုဘားမားရဲ့ လာအိုခရီးစဉ်

 

စက်တင်ဘာ ၆ ရက်က ဗီယင်ကျန်းမြို့ ယဉ်ကျေးမှုခန်းမတွင် အမေရိကန် - လာအိုဆက်ဆံရေးအကြောင်း အိုဘားမား ဟောပြောစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီစက်တင်ဘာ ၆ ရက်က ဗီယင်ကျန်းမြို့ ယဉ်ကျေးမှုခန်းမတွင် အမေရိကန် - လာအိုဆက်ဆံရေးအကြောင်း အိုဘားမား ဟောပြောစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အိုဘားမားရဲ့ အိပ်မက်ဖြစ်တဲ့ ဒီမိုကရက်တစ် အုပ်ချုပ်ပုံ မျှော်လင့်ထားတဲ့အစီအစဉ်နဲ့
လူ့အခွင့်အရေး လေးစားမှုတွေကို အာဆီယံ အဖွဲ့ပစ်ပယ်ခဲ့တဲ့အထဲမှာ စိတ်မချမ်းသာစရာ
အကောင်းဆုံးကတော့ ပေကျင်းအစိုးရကို ဒီဒေသက အရှုံးပေးလိုက်တာပဲဖြစ် ...

အာဆီယံအဖွဲ့ရဲ့ နှစ်စဉ်ကျင်းပတဲ့ ထိပ်သီးညီလာခံအတွက် လာအိုနိုင်ငံရဲ့ မြို့တော် ဗီယင်ကျန်းမှာ
ဒေသတွင်းခေါင်းဆောင်တွေဟာ ဒီတစ်ပတ်ထဲ စုရုံးကြမှာဖြစ်တယ်။

အာဆီယံအဖွဲ့ရဲ့ စိုပြည်စည်ကားတဲ့ဝိုင်း အပြီး အရှေ့အာရှ ထိပ်သီးညီလာခံကို ပထမဆုံး
အမေရိကန်သမ္မတ အနေနဲ့ အိုဘားမားသွားမှာဖြစ်တာကြောင့် ဒီညီလာခံ ကို လူတွေဟာ
ခါတိုင်းထက်ပိုပြီး အာရုံစိုက် နေကြတယ်။

ဝမ်းနည်းဖွယ်ကောင်းတာကတော့ ဒီကိစ္စကလွဲလို့ ဂုဏ်ယူဝံ့ကြွားစရာတော့ သိပ်ရှိလှမယ်
မထင်ဘူး။

အိုဘားမားရဲ့ ကျော်ကြားတဲ့ အာရှအတွက် မဏ္ဍိုင်ဟာလည်း သုံးမရ၊ ဒါ့ပြင် ဒီဒေသအတွက်
သူ့ရဲ့ပန်းတိုင်တွေဟာ အဖျားရှူးသွားတာကြောင့် မကြာခင်ပြုတ်တော့မယ့် အိုဘားမားဟာ တခြား
ထိပ်သီးညီလာခံ တက်သူတွေရဲ့ အာရုံစိုက်ခံရဖို့ အခက်ကြုံနိုင်တယ်။

လွန်ခဲ့တဲ့လေးနှစ်က အိုဘားမား သမ္မတ အဖြစ် ဒုတိယအကြိမ် အရွေးခံရပြီးနောက် သူဟာ
ဒီမိုကရေစီလိုလားတဲ့ စံနှုန်းတွေကို အထောက်အကူပေးဖို့ အိုဘားမားဟာ ရဲဝံ့ စွာနဲ့ ကမ္ဘောဒီးယား၊
မြန်မာနဲ့ ထိုင်းနိုင်ငံတွေ ဆီသွားဖို့ ရွေးချယ်ခဲ့တယ်။

အဲဒီတုန်းက ရွေးချယ်တင်မြှောက်ခံရတဲ့ ထိုင်းအစိုးရဟာ ကြမ်းတမ်းတဲ့ စေတနာ့ ဝန်ထမ်း
ကင်းအဖွဲ့တွေရဲ့ ခြိမ်းခြောက်မှု တွေနဲ့ရင်ဆိုင်နေရကာ ကမ္ဘောဒီးယားနိုင်ငံ ဟာလည်း ပိုပြီး
ဖိနှိပ်ချုပ်ချယ်လာပြီး မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုဟာလည်း အခြေမခိုင်သေးတဲ့ကာလ
ဖြစ်နေတယ်။

ဒီလိုအချိန်မှာ၊ သို့မဟုတ် ခြားနားတဲ့ နှစ်တွေအတွင်းမှာ အိုဘားမား ဘယ်လို တွေ့ကြုံခဲ့သလဲဆိုတာ
မေးစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးတို့မှာ ဒီဒေသဟာ
ဒုံရင်းပြန်ဆိုက် နေတာကို လူတိုင်းသိနေကြတယ်။

ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ထိုင်း အစိုးရလည်း ဖြုတ်ချခံရပြီး စစ်တပ်အုပ်ချုပ် တဲ့အစိုးရက
အစားဝင်လာတယ်။ ကမ္ဘောဒီး ယားဟာလည်း ပိုပြီး ဖိနှိပ်ချုပ်ချယ်လာကာ ဝေဖန်သူတွေအပေါ်
စီးလားရိုက်ပြီး ရက်စက် ရမ်းကားမှုတွေကို ဆက်လက်လုပ်ဆောင် နေတယ်။

၁၉၉ဝ ပြည့်လွန်နှစ်တွေနဲ့ ၂ဝဝဝ ပြည့်နှစ် စောစောပိုင်းတွေက နိုင်ငံရေးပြုပြင်ပြောင်းလဲရေးဝါဒီတွေ
ပုံမှန်အသတ်ခံရပြီး အတိုက်အခံပါတီတွေ ဒုက္ခအပေးခံရလို့ ဆိတ်သုဉ်းလောက်မတတ်ဖြစ်ခဲ့တဲ့အချိန်တွေ
ပြန်ရောက်လာပြီလို့ ဝါရှင်တန်မြို့က နိုင်ငံခြားဆက်ဆံရေးကောင်စီက ဂျိုရှူအာ ကားလန့်ဇစ်ခ်က
ပြောခဲ့တယ်။

တစ်ပြိုင်တည်းမှာပဲ အိုဘားမားနဲ့ အနောက်အုပ်စုခေါင်းဆောင်တွေက မေတ္တာ ရပ်ခံကြတဲ့ကြားထဲက
အာဆီယံရဲ့ ကျန်ရှိတဲ့ နိုင်ငံတွေမှာ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့မှ အပ ဒီမိုကရေစီအတွက်
ခြေလှမ်းတွေ လုံးဝ မရှိခဲ့ဘဲ ပိုမိုလွတ်လပ်မှုတွေ မရှိခဲ့ဘူး။

ဟုတ်ပါတယ်။ အာဆီယံအဖွဲ့အပြင်ဘက် က ခေါင်းဆောင်တွေ၊ ပညာပါရမီရှိသူတွေနဲ့
ဆန်းစစ်သူတွေဟာ အာဆီယံရဲ့ အဖွဲ့ဝင် ၁ဝ နိုင်ငံထဲက ဘယ်နိုင်ငံဟာ ဒုံရင်းပြန်အဆိုက်
ဆုံးလဲဆိုတာကို ပြောနိုင်ဖို့ အလုအယက် ကြိုးပမ်းနေကြတယ်။

အရှေ့တောင်အာရှမှာ ဒီမိုကရက်တစ် မဆန်ဆုံးနိုင်ငံကတော့ ဗီယက်နမ်နိုင်ငံလို့ ပြောနိုင်တယ်။
ဘရူနိုင်း၊ လာအိုနဲ့ ထိုင်းနိုင်ငံ တို့ထက်တောင် သာသေးတယ်လို့ ဝါရှင်တန် မြို့ ဂျော့တောင်းတက္ကသိုလ်က
ဒေးဗစ်စတိန်းဘတ်က ရေးခဲ့တယ်။ ဒီလိုပြောလိုက်တာကလည်း ဟုတ်လောက်ပါပေတယ်။

ဒီရက်သတ္တပတ်အတွင်း ဝါရှင်တန်ပို့စ် သတင်းစာက အယ်ဒီတာ့အာဘော်ကတော့ မှတ်ချက်ပေးရာမှာ
အမေရိကန်မဟာမိတ် တွေအပါအဝင် ဒီမိုကရေစီနိုင်ငံတွေလို့ အရင်က လက်ခံယူဆထားတဲ့
နိုင်ငံတွေဟာ အာဏာရှင်ဆန်လာတယ်။ မလေးရှား၊ ထိုင်းနဲ့ဖိလစ်ပိုင်နိုင်ငံတွေလို့ နာမည်တပ်ပြီး
ဖော်ပြခဲ့တယ်။

အာဆီယံအဖွဲ့တစ်ဝန်း ဥပဒေပြုအာဏာ ပိုင်အဖွဲ့နဲ့ တရားရုံးတွေအပါအဝင် နိုင်ငံ အဖွဲ့အစည်းတွေဟာ
အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်တွေရဲ့ အမိန့်တွေကိုလိုက်နာဖို့ အတင်းအဓမ္မ အခိုင်းခံနေရတယ်လို့
မလေး ရှားပါလီမန် အမတ်တစ်ဦးဖြစ်တဲ့ ချားလ် ဆန်တီယာဂိုက ပြောတယ်။

အိုဘားမားနဲ့ အခြားခေါင်းဆောင်တွေကို ဧည့်ခံကြမယ့် ဗီယင်ကျန်းကလူတွေကလည်း အာဏာရှင်စနစ်ကို
မဖြစ်မနေ ကွန်မြူနစ် အစိုးရက မတွန့်မဆုတ် နှစ်မြှုပ်ထားတဲ့ ခင်းကျင်းပြသမှုတစ်ခုပဲ ရှိလိမ့်မယ်လို့
ဆန်တီယာဂိုက မှတ်ချက်ချခဲ့တယ်။

အိုဘားမားရဲ့ အိပ်မက်ဖြစ်တဲ့ ဒီမိုကရက် တစ်အုပ်ချုပ်ပုံ မျှော်လင့်ထားတဲ့အစီအစဉ်နဲ့ လူ့အခွင့်အရေး
လေးစားမှုတွေကို အာဆီယံ အဖွဲ့ပစ်ပယ်ခဲ့တဲ့အထဲမှာ စိတ်မချမ်းသာစရာ အကောင်းဆုံးကတော့
ပေကျင်းအစိုးရကို ဒီဒေသက အရှုံးပေးလိုက်တာပဲဖြစ်တယ်။

ဒီကိစ္စတွေ မမျှော်လင့်ဘဲဖြစ်လာတာ ကြောင့် ခေါင်းပေါ် အုန်းသီးကြွေကျခံရသလို လူတွေဟာ
တွေဝေကာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရတယ်။

တကယ်တော့ အရင်က ဒီဒေသရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကို အမြော်အမြင်ရှိကြတဲ့
အင်ဒိုနီးရှားနိုင်ငံက မာတီနာတာလီဂါဝါ၊ စင်ကာပူနိုင်ငံက ဂျော့ခ်ျယိုးနဲ့ထိုင်းနိုင်ငံက ဆူရင်ပစ်ဆူဝမ်တို့လို
ပုဂ္ဂိုလ်တွေက ဦးဆောင်ခဲ့ကြပြီး အာဆီယံအဖွဲ့ကို ခွန်အားနဲ့ ပေါင်းစည်းညီညွတ်မှုကို ဖြစ်စေခဲ့တယ်။

အခုဆိုရင် ဒီလိုမဟုတ်တော့ဘူး။ ပေကျင်းအစိုးရရဲ့ ကြီးမားတဲ့ကုန်သွယ်ရေး ဆက်သွယ် မှုတွေနဲ့
ရင်းနှီးမြှုပ်နှံမှုတွေက ပြောင်းလဲ လိုက်ပြီဖြစ်တယ်။ ကိန်းဂဏန်းကြီးတွေကို အလျင်အမြန်တွက်ချက်ပြီး
သိက္ခာမရှိတဲ့လူတွေ ကြီးစိုးကာ အကြောက်ကြီးတဲ့ အပေး အယူလုပ်ခြင်းတွေဟာ အဓိကဖြစ်လာခဲ့တယ်။

တောင်တရုတ်ပင်လယ်တွင်းရှိ ကျွန်းတွေ ကို ပေကျင်းအစိုးရက တဖြည်းဖြည်း ကျူးကျော်လာကာ
စစ်ပုံစံသွင်းလာတဲ့ အကြောင်းကို တရုတ်ရဲ့ ဖိအားပေးမှုကြောင့် အာဆီယံက ဒီကိစ္စကို တုပ်တုပ်မှ
မလှုပ်ခဲ့ဘူး။ သဟေ့ဂ်မြို့မှာရှိတဲ့ ကုလသမဂ္ဂခုံရုံးက တရုတ်ရဲ့လုပ်ရပ်တွေဟာ ဥပဒေနဲ့ဆန့်ကျင်ပြီး
တောင်တရုတ်ပင်လယ် အားလုံးနီးပါး ပိုင်ဆိုင်တယ်ဆိုတဲ့ ဆိုးရွားလွန်းတဲ့ 9dash line  (တရုတ်က
ယင်း၏ပိုင်နက်နယ်မြေဟု သတ်မှတ်ထားသော နယ်မြေ)ဟာ မခိုင်လုံဘူးလို့ ကြေညာလိုက်တဲ့အခါ
အာဆီယံအဖွဲ့က ပြဋ္ဌာန်းချက်ကို လျစ်လျူရှုဖို့ ရွေးချယ် လိုက်တယ်။

ဒီဒေသက တောင်းဆိုသူတွေနဲ့ အာဆီယံ လုပ်ဖော်ကိုင်ဖက်တွေ စုပေါင်းကာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို
တရုတ်ကိုတောင်းဆိုကာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့ ကျွန်းတွေကို ပြန်ပေးစေဖို့ အယူအဆဟာ
ရယ်ဖွယ်သာ ဖြစ်တယ်။

အခုအချိန်မှာ အာဆီယံဟာ ဆန္ဒအလျောက် ပေကျင်းအစိုးရရဲ့အကြိုက် လိုက်လုပ်သလို ဖြစ်သွားပြီ။
အိုဘားမားနဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ အမြင်တွေ ဘေးရောက် ချောင်ထိုးခံခဲ့ရတယ်။

အခုဆိုရင်ပဲ သဘောတူညီမှုရဖို့အတွက် ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံတို့ဟာ ပေကျင်းသို့
ကိုယ်စားလှယ်တော်တွေ လွှတ်လိုက်ပြီဖြစ်တယ်။ သူတို့ရဲ့ အကောင်းဆုံးအနာဂတ် ဖြစ်နိုင်ခြေကတော့
သူတို့ လက်ရှိပိုင်ဆိုင်ထားတဲ့ကျွန်းတွေ လက်လွတ်မသွားဖို့ပဲဖြစ်တယ်။

သူတို့လုပ်နိုင်တာ သိပ်မရှိလှဘူး။ သေချာတာတစ်ခုကတော့ လာမယ့်ရက်သတ္တပတ် လာအိုနိုင်ငံမှာ
တွေ့ကြတဲ့အခါ တရုတ် ကိုရင်ဆိုင်ဖို့ ထောက်ခံမယ်ဆိုတဲ့ ကတိကို အိုဘားမားက ပေးမှာမဟုတ်ဘူး။

ဟနွိုင်းနဲ့ မနီလာအစိုးရတို့ ကာကွယ်ရေးအတွက် လုပ်နိုင်စွမ်းတွေ မြှင့်တင်တဲ့ ဝါရှင်တန်အစိုးရရဲ့
တော်ရုံသင့်ရုံလုပ်ရပ် တွေကို မေ့ပစ်လိုက်ပါ။ ဒါတွေနဲ့ ပေကျင်း အစိုးရကို ဟန့်တားလို့ရမှာမဟုတ်ဘူး။
ဒါကို လည်း လူတိုင်းသိကြတယ်။

ဒီတော့ ဘာဖြစ်လာသလဲဆိုရင် ပေကျင်းအစိုးရကို တဖြည်းဖြည်း ခယဝပ်တွားလာတဲ့ အာဆီယံပဲ
ကျန်တော့တယ်။ ပိုဆိုးတာက ချဲ့ကားပြောတယ်လို့မထင်ပါနဲ့။ ဖိနှိပ်ချုပ်ချယ်တဲ့ တရုတ်အုပ်ချုပ်ပုံကို
တဖြည်းဖြည်း လက်ခံယုံကြည်လာတာပဲ ဖြစ်တယ်။

ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ တရုတ်အစိုးရရဲ့ နည်းဗျူဟာကို ခိုးချကာ အစိုးရနဲ့ သဘောထား
ကွဲလွဲဆန့်ကျင်သူတွေကို ဘယ်လိုဖမ်းဆီးပြီး နှုတ်ဆိတ်စေတာကိုကြည့်ရင် သိနိုင်တဲ့အပြင်
ကမ္ဘောဒီးယားနိုင်ငံက အစိုးရကို ဝေဖန်သူတွေဖြစ်ကြတဲ့ Chut Wutty နဲ့ Kem Ley နဲ့
လာအိုနိုင်ငံက Sombath Somphone တို့ကို ကိုယ်ထိလက်ရောက် ရှင်းပစ်လိုက်တယ်။

မီဒီယာတွေကို မြန်မာအစိုးရသစ်က ပမာ မထားတာကိုကြည့်ပါ။ မလေးရှားဝန်ကြီးချုပ် က
တရားသူကြီးအဖွဲ့ထဲ အဖွဲ့ဝင်သစ်ထည့် လိုက်တာ၊ နောက်ပြီး သူ့ရန်ဘက်တွေကို တရားစွဲဖို့
လှုံ့ဆော်သွေးထိုးတာတွေကိုလည်း ကြည့်ပါ။

ဒါတွေနဲ့ပတ်သက်လို့ ဗီယင်ကျန်းမှာ အိုဘားမား ဘာပြောမလဲ။

သေချာသလောက်ကတော့ နည်းနည်းပါးပါးပဲ ပြောမှာပါ။ သူဘာပဲပြောပြော သူ့ကို ယဉ်ယဉ်ကျေးကျေးနဲ့ပဲ
လျစ်လျူရှုကြမှာပါ။ ဒီဒေသအနေနဲ့ ပြောရရင်တော့ အိုဘားမားဟာ မအောင်မြင်တဲ့၊ မယုံမကြည်အဖြစ် 
ခံရတဲ့သူဖြစ်လို့ သူမြန်မြန်သွားလေ ကောင်းလေလေပဲ။

သူ့နေရာကို ဟီလာရီကလင်တန်၊ သို့မဟုတ် ဒေါ်နယ်ထရမ့် ဆက်ခံရင်လည်း သိပ်တော့ထူးခြားဖို့
မမြင်ဘူး။ ဘာကြောင့်လဲ ဆိုရင် ဒီဒေသဟာ သူ့ဆန္ဒအလျောက် မတူတဲ့ လမ်းကြောင်းကို
ဆုံးဖြတ်ချက်ချထားလို့ ဖြစ်တယ်။

ဤဆောင်းပါးသည် ရော်ဂျာမစ်တန်၏အာဘော်သာ ဖြစ်သည်။
(The Myanmar Times)
သောင်းညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း