ဟောင်ကောင်ဥပဒေပြုကောင်စီတွင် အုပ်စုကွဲ

ဟောင်ကောင် - အောက်တိုဘာ ၁၉ ရက်တွင် ခွဲထွက်ရေးထောက်ခံသူ ဥပဒေပြုသူနှစ်ဦး၏
ကျမ်းသစ္စာကျိန်ဆိုမှုကို ပြည်မကြီးကို ထောက်ခံသည့် နိုင်ငံရေးသမားများက ဆန္ဒပြ
ကန့်ကွက်ခဲ့ခြင်းကြောင့် အုပ်စုနှစ်စုကွဲနေသော ဟောင်ကောင် ဥပဒေပြုကောင်စီတွင်
ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲသည် ဒုတိယအကြိမ် ပြန်လည်ပြုလုပ်ခြင်းဖြစ်ပြီး ယောင်ဝိုင်ချင်းနှင့်
ဘက်ဂီယိုလိန်းတို့နှစ်ဦး ကျမ်းသစ္စာကျိန်ဆိုရမည့်အချိန်တွင် ပြည်မကြီးကို ထောက်ခံသည့် အုပ်စုမှာ
နေရာမှထထွက်သွားခဲ့သဖြင့် ပွဲပျက်သွားရာ အုပ်စုနှစ်စုကြား ပဋိပက္ခစတင်ခဲ့သည်။

နှစ်ဖက် ထိပ်တိုက်တွေ့ကြရာတွင် ခွဲထွက်ရေးသမား ဥပဒေပြုသူတစ်ဦးက အတိုက်အခံအုပ်စုကို
အသားပြားများနှင့်ပစ်ပေါက်ခဲ့ပြီး နောက်တစ်ဦးမှာလည်း စားပွဲများပေါ်ရှိ တရုတ်အလံနှင့်
ဟောင်ကောင်အလံများကို ဇောက်ထိုးလှန် စိုက်ခဲ့သဖြင့် လုံခြုံရေးများက ၄င်းကို
ဆွဲထုတ်သွားခဲ့သည်။ ထိုသို့ဖြစ်နေစဉ် ပြည်မကြီးထောက်ခံသည့်အုပ်စုက ၄င်းတို့ အပြုအမူအတွက်
''တောင်းပန်ပါ၊ တောင်းပန်ပါ'' ဟု သံပြိုင်အော်နေကြသည်။

ယမန်လက အသစ် ရွေးကောက်တင်မြှောက်ခံရသည့် ယောင်ဝိုင်ချင်းနှင့် ဘက်ဂီယိုလိန်းမှာ
အောက်တိုဘာ ၁၂ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုရန် ဖြစ်သော်လည်း 'ဟောင်ကောင်သည်
တရုတ်မဟုတ်' ဟူသောစာတန်းပါသည့် အလံများကို ကိုယ်တွင်ပတ်လာခဲ့ခြင်းကြောင့်
ပိတ်ပင်ခံခဲ့ရပြီး ယခုအကြိမ်မှာ ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ကျမ်းကျိန်စကားတွင်
ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ရဒေသဖြစ်သည်ဟုပါဝင်ပြီး
ပထမနေ့တွင် ၄င်းတို့နှစ်ဦးသည် တရုတ်ဟူသောအမည်ကို ထင်ယောင်ထင်မှား အဓိပ္ပာယ်
သက်ရောက်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ မပီမသ ထွက်ခဲ့ကြသည်။

ခုံအဖွဲ့ဆုံးဖြတ်ချက်ဖြင့် ယခုအပတ်ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၉ ရက်) တွင် ပြန်သစ္စာဆိုရန်
ခွင့်ပြုလိုက်သော်လည်း ဆုံးဖြတ်ချက် မကျေနပ်သူများက ထထွက်သွားခဲ့သဖြင့် လူဦးရေ
လိုအပ်ချက် မပြည့်မီခဲ့ခြင်းဖြစ်သည်။ ဥပဒေပြုကောင်စီ အဆောက်အအုံ အပြင်ဘက်တွင်လည်း
ပြည်မကြီး ထောက်ခံသော လူအုပ်ကြီးကဆန္ဒပြခဲ့ကြသည်။

ပြည်မကြီးကို ထောက်ခံသည့် ဥပဒေပြုသူ ပရစ်ဆယ်လာလျန်က သူတို့၏ ကျမ်းသစ္စာ
စကားအတွက် လူအများ၏ လေးစားမှုကို လိုချင်လျှင် ပြီးခဲ့သည့်သီတင်းပတ်က သူတို့၏
အပြုအမူအတွက် နောင်တရရန်နှင့် တစ်ကမ္ဘာလုံးရှိ တရုတ်လူမျိုးများကို တောင်းပန်ရန်
လိုသည်ဟု သတင်းထောက်များကို ဖြေကြားခဲ့သည်။

ယောင်ဝိုင်ချင်းနှင့် ဘက်ဂီယိုလိန်းတို့ကမူ ကျမ်းသစ္စာကို ပြီးဆုံးအောင် ကျိန်ဆိုလိုသော်လည်း
ပြီးခဲ့သည့် အဖြစ်အပျက်အတွက် တောင်းပန်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
''ကျွန်တော်တို့ ဥပဒေပြုကောင်စီကို ဝင်ရဖို့ ပြည်သူလူထုက ထောက်ခံထားတာ'' ဟု
မက်ဂီယိုလိန်းက ဆိုသည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း