တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေ ၁၄ ဦးအထိ တိုးလာ

 

ပေကျင်းတရုတ်နိုင်ငံ မြောက်ပိုင်းရှိ တိုက်တန်းလျားတစ်ခုတွင် အောက်တိုဘာ ၂၄ ရက်က
ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၄ ဦး သေဆုံးပြီး ၁၄၇ ဦး
ဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာ ၂၅ ရက် သတင်းက ဆိုသည်။

စန်ရှီပြည်နယ် ရှင်မင်းမြို့တွင် ယင်းနေ့ နေ့လယ်ခင်း၌ ဖြစ်ပွားခဲ့ပြီး ဆေးရုံအပါအဝင် ပတ်ဝန်းကျင်
အဆောက်အအုံ ရာဂဏန်းနီးပါး ထိမှန်ပျက်စီးသွားခဲ့ကြောင်း ရှင်ဟွာကဆိုသည်။ ဒဏ်ရာရသူများ
အနက် ၁၁ ဦးမှာ အထူးကြပ်မတ်ကုသရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

အွန်လိုင်းသတင်းများတွင် ပေါက်ကွဲမှုသည် တရားမဝင်သိုလှောင်ထားသည့် ပေါက်ကွဲ
ပစ္စည်းများကြောင့် ဖြစ်နိုင်သည်ဆိုသော နယ်ခံများ၏ထင်ကြေးကို ဖော်ပြထားပြီး လက်သည်
မည်သူမည်ဝါဆိုသည်ကို မသိရသေးပေ။ သတင်းဓာတ်ပုံများ၌ တိုက်အပြိုအပျက်များဖယ်ရှားနေသော
ကယ်ဆယ်ရေးသမားများကို ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ဘေးကင်းလုံခြုံမှု အစီအမံများနှင့် ပတ်သက်ပြီး အစဉ်အလာ မကောင်းလှပေ။
နိုင်ငံ၏ ကျောက်မီးသွေး ကဏ္ဍမှာ အားကောင်းလာသည်နှင့်အမျှ ဓာတုပစ္စည်းများနှင့်
ပေါက်ကွဲစေတတ်သည့် စက်ရုံသုံးပစ္စည်းများ သိုလှောင်မှုများပြားလာပြီး စနစ်တကျ
မထားသိုခြင်းကြောင့် ပေါက်ကွဲမှုများ ယခင်ကလည်း ဖြစ်ပေါ်ခဲ့ဖူးသည်။

ယမန်နှစ်တွင် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ထျန်ကျင်းမြို့တွင် ဓာတုသိုလှောင်ရုံတစ်ရုံ၌
ပြင်းထန်သည့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၆၅ ဦး သေဆုံးခဲ့သည်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း