ကမ္ဘာ့ထိပ်တန်း စားတော်ကဲများ တွေ့ဆုံပွဲ

နယူးဒေလီမြို့သို့ ရောက်ရှိလာသော ကမ္ဘာ့ထိပ်တန်း စားတော်ကဲကြီးများကို အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီနယူးဒေလီမြို့သို့ ရောက်ရှိလာသော ကမ္ဘာ့ထိပ်တန်း စားတော်ကဲကြီးများကို အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

နယူးဒေလီ - ကမ္ဘာ့ခေါင်းဆောင်ကြီးတွေရဲ့ လက်သုံး စားတော်ကဲတွေဟာ ရိုးရိုးကုပ်ကုပ်
နေထိုင်တတ်ကြပြီး သူတို့ခေါင်းဆောင်ရဲ့ ထင်ပေါ်ကျော်ကြားမှုကို တန်ဖိုးထားဦးစားပေးကြပါတယ်။

ဒါပေမဲ့ တစ်နှစ်မှာတစ်ကြိမ် သူတို့ကို ဂုဏ်ပြုတဲ့ စားပွဲသောက်ပွဲကြီးတစ်ခု ကိုတော့ ပြည်ပနိုင်ငံ
တစ်နိုင်ငံမှာ ကျင်းပလေ့ရှိပါတယ်။

ပြင်သစ်က The Club des Chefs des Chefs လို့ခေါ်တဲ့ ကမ္ဘာ့အထူးခြားဆုံး စားကောင်း
သောက်ဖွယ်အသင်းဟာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ စားဖိုချောင်ထဲက အမျိုးသား အမျိုးသမီး
သီးသန့်စားဖိုမှူးတွေ အချင်းချင်း အတွေးအမြင် စိတ်ကူးတွေဖလှယ်ဖို့နဲ့ သူတို့ ခေါင်းဆောင်တွေရဲ့
စိတ်ကြိုက် ရသာရုံ ခံစားပုံလေးတွေအကြောင်း ဖော်ထုတ် ဆွေးနွေးကြစေဖို့ ဒီလိုဂုဏ်ပြုပွဲကို
ကျင်းပတာဖြစ်ပါတယ်။

ဒီလိုပွဲမျိုးကို ပါရီမြို့မှာ အသင်းစတည်ထောင်တဲ့ ၁၉၇၇ ခုနှစ်ကတည်းက နှစ်စဉ် ပြုလုပ်ခဲ့ရာက
ယခုနှစ်မှာ အိန္ဒိယနိုင်ငံမှာ သမ္မတရဲ့ စားတော်ကဲ မူတူးဆာမိက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ်
ကျင်းပတာပါ။

"သမ္မတတွေ အားလုံးက လူကြီးတွေရဲ့ တွေ့ဆုံကြတဲ့ပွဲမို့ စားတော်ကဲတွေရဲ့ G-20 ထိပ်သီးပွဲမျိုးလို
ဖြစ်လာတဲ့ ဒီစိတ်ကူးလေးက ကောင်းတယ်ဗျို့။ နိုင်ငံရေးကြောင့် လူတွေ သဘောထားကွဲနေရင်
စားပွဲကောင်း တစ်လုံးက ပြန်လည်စေ့စပ်ပေးလိမ့်မယ်" လို့ အသင်းထူထောင်သူ Gilles Bragard က
နယူးဒေလီက သတင်းစာဆရာတွေကို ပြောပါတယ်။

အိမ်ရှင် အိန္ဒိယစားတော်ကဲကြီး ဆာမိက မင်းခမ်းမင်းနားဖြင့် ကြိုဆိုထားတဲ့ ဧည့်သည်
စားတော်ကဲကြီးများကို အိန္ဒိယရိုးရာ အစားအသောက်ပေါင်းစုံနဲ့ ဧည့်ခံကျွေးမွေးဖို့ လက်တွန့်နေတယ်။

နိုင်ငံပေါင်းစုံက စားတော်ကဲတွေရဲ့ ၀မ်းဗိုက်တွေ နူးညံ့နေကြတာကြောင့် ထူးခြားတဲ့ အိန္ဒိယရိုးရာ
အစားအသောက်တွေကြောင့် ဆိုးကျိုးခံစားရမှာ စိုးရိမ်နေပါတယ်။

ဒါကြောင့် ဧည့်သည်တွေ တည်းခိုတဲ့ ကြယ်ငါးပွင့်အဆင့်ဟိုတယ် စားဖိုချောင်မှာပဲ ဂျုံမှုန့်၊ အာလူးနဲ့
လုပ်ပြီး မွှေးကြိုင်တဲ့ ချိုချဉ်တစ်မျိုး (ချပ်တနီး)နဲ့စားရတဲ့ နာမည်ကျော် သွားရည်စာမုန့်တစ်မျိုးနဲ့
ဧည့်ခံတယ်။

ရှုပ်ထွေးပြည့်ကျပ်လှတဲ့ ဒေလီမြို့ဟောင်းရဲ့ ဟင်းခတ်အမွှေးအကြိုင်ဈေးကို ဒီပါဝလီပွဲ တော်ရက်မတိုင်မီ
ရောက်သွားကြတဲ့ ဧည့်သည် စားတော်ကဲကြီးတွေကို ပန်းရောင် နှင်းဆီပွင့်ချပ်တွေနဲ့
ပက်ဖျန်းပေးကြတဲ့အပြင် စံပယ်ပန်းကုံးတွေလည်းစွပ်ပြီး ကြိုဆိုကြပါတယ်။

လူပြည့်ကျပ်နေတဲ့ ဈေးတွင်း လမ်းကြို လမ်းကြားလေးတွေကို တိုးဝှေ့လျှောက်ရင်း အနားမယူမီ
ပြင်သစ်သမ္မတခြောက်ဦးရဲ့ ကိုယ်ပိုင် စားဖိုမှူးတာဝန်ယူခဲ့တဲ့ စားတော်ကဲကြီး Bernard Vaussion က
အံ့ချီးဖွယ်ပါပဲဗျာ၊ "ညစ်ပတ်ပြီး ဆူညံနေတာတွေပေါ့။ ဒါပေမဲ့ ဒါတွေဟာ အတွေ့အကြုံတစ်ခုပဲဗျ"လို့
ပြောရှာတယ်။

တတိယမြောက်နေ့မှာ ဧည်သည် စားတော်ကဲကြီးတွေထဲက သုံးဦး ဖျားသွားတယ်။

တစ်ဦးက အိန္ဒိယအစားအသောက်ကြောင့် မအီမလည်ခံစားရပါတယ်။

နယူးဒေလီရောက် အိုဘားမားစားတော်ကဲကို အောက်တိုဘာ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီနယူးဒေလီရောက် အိုဘားမားစားတော်ကဲကို အောက်တိုဘာ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အီတလီသမ္မတ ကိုယ်ပိုင်စားဖိုမှူး Fabri ZioBoca ကတော့ အမွေးအကြိုင်များလွန်းတဲ့
အစားအသောက်တွေကို လေးရက်လောက် စားကျင့်ရပါမှ အရသာကိုသိလာပြီး စားတတ်သွားတဲ့
အတွေ့အကြုံကို ပြောပြတယ်။

လာရောက်တဲ့ စားတော်ကဲများ (အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီးတစ်ဦး အမေရိကန်က
Cristeta Comerford) အနက် အများစုလိုပဲ Boca ကလည်း အိန္ဒိယရဲ့ များပြားတဲ့
ဟင်းခတ်အမွှေးအကြိုင်တွေအကြောင်း ပိုသိချင်နေကြပါတယ်။

အမေရိကန်နွယ်ဖွား ဖိလစ်ပိုင်လူမျိုး Comerford ကတော့ အိန္ဒိယအစားအစာနဲ့ ချက်ပြုတ်နည်းတွေ
ထဲမှာ ဖိလစ်ပိုင်နဲ့တူနေတာတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလို ထူးခြားတဲ့ နှစ်စဉ်ကျင်းပတဲ့ပွဲမျိုးဟာ စားတော်ကဲတွေအတွက် အသိအမြင်အတွေ့ အကြုံ
ဖလှယ်ဖို့နဲ့ ခင်မင်ရင်းနှီးလာကြဖို့ အခွင့်အလမ်းတစ်ခုပါပဲ။

သူတို့ဆီမှာ Blue telephone လို့ခေါ်တဲ့ အရေးပေါ် တယ်လီဖုန်းလိုင်း (Hotline) လည်း
ထားရှိတယ်။

သူတို့ရဲ့ သမ္မတတွေ ခရီးမထွက်မီ ကြိုက်နှစ်သက်တဲ့ အစားအစာမျိုးတွေကအစ တခြားကိစ္စတွေကို
ကြိုတင်သတင်းပို့ ဆက်သွယ်နိုင်ကြတာပေါ့။

အဖွဲ့ဝင်စားဖိုမှူးအားလုံးဟာ အချိန်ရာသီ နဲ့သင့်လျော်တဲ့ အစားအစာနဲ့ နိုင်ငံတော်
ညနေထမင်းဝိုင်းတွေမှာ ပိုမိုကြေလွယ်တဲ့ အစားအသောက်ဖြစ်ရေး၊ ကျန်းမာရေးအတွက်
ပိုမိုအထောက်အကူဖြစ်ရေးကို အကြိုက်ညီ ထောက်ခံခဲ့ကြပေမဲ့ သူတို့ရဲ့ သမ္မတတွေအကြိုက်
ရသာစုံ စားသောက်ဖွယ်တွေကိုတော့ များများစားစား လျစ်လျူရှုမထားကြပါဘူး။

ကိုယ်ခံအား ပိုမိုကောင်းအောင် အမြဲတမ်း ဖြည့်ဆည်းပေးတဲ့ အစားအစာနဲ့ မိမိဒေသထွက်
ပိုမိုစစ်မှန်တဲ့ ပစ္စည်းတွေကို ပိုမိုရှာဖွေ ချက်ပြုတ်ကျွေးမွေးလာကြရတာ ပိုမိုထင်ရှားလာကြောင်း
ဗြိတိန်က အဲလိဇဘက်ဘုရင်မကြီးရဲ့ စားတော်ကဲ ကတ်ဖလာနာဂန်က ဆိုပါတယ်။

ကြေညက်လွယ်တဲ့ဟင်းတွေ ပိုမိုချက်ပြုတ် ကျွေးမွေးရေးနဲ့ပတ်သက်လို့ စားတော်ကဲတွေ ဒေလီမြို့ကို
ရောက်တော့ ပထမဆုံးစားခဲ့ ကြရတဲ့ (ဆီမှာနှစ်ကြော်ပြီးမှ သကြားရည် စိမ်ထားတဲ့ ဂျုံမုန့်)
အိန္ဒိယရိုးရာ 'ဂျလေဘီ' မုန့်ချိုကိုတော့ စားတော်ကဲကြီးတွေနေရင်း နိုင်ငံပြန်ရောက်တဲ့အခါ
ပြန်လည်ဆန်းသစ် ပြုလုပ်ကျွေးမွေးမှု ပြုမပြုဆိုတာကတော့ ဒွိဟဖြစ်စရာပါပဲ။

Club des Chefs des Chefs အသင်းရဲ့ လက်ရှိ ဥက္ကဋ္ဌတာဝန်ယူထားပြီး မိုနာကိုမင်းသား Albert ရဲ့
ကိုယ်ပိုင်စားဖိုမှူးလည်းဖြစ်တဲ့ Christian Garcia ကတော့ "မင်းသားက သူ့ကို ဂျလေဘီလုပ်ကျွေးဖို့
ပူဆာတော့မှာပဲ" လို့တောင် ပြောပါတယ်။

မင်းသမီး Charlene ဟာ အိန္ဒိယထမင်းဟင်း သိပ်ကြိုက်တယ်လို့ ပြောပါတယ်။

အောင်သာလင်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - အာရှသတင်း